သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်လေဆိပ် လက်နက်မိတဲ့ကိစ္စကိုင်တွယ်မှုအပေါ် ပြည်ပ တုန့်ပြန်


ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါ ၂ ဦး နေပြည်တော်လေဆိပ်မှာ ဖမ်းဆီးခံရစဉ် (ဓါတ်ပုံ- Ministry of Home Affairs, Myanmar)
ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါ ၂ ဦး နေပြည်တော်လေဆိပ်မှာ ဖမ်းဆီးခံရစဉ် (ဓါတ်ပုံ- Ministry of Home Affairs, Myanmar)

ပစ္စတိုလက်နက်ပေါင်း ၉ လက်ကျော် အပါအဝင် အခြား လက်နက်အသုံးအဆောင်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းအမှုမှာ မူးယစ်ဆေး ဆိုင်ရာပုဒ်မတခုတည်းနဲ့ သာမက အကြမ်းဖက်မှုဥပဒေ၊ တရားမဝင်လက်နက်ကိုင်ဆိုင်မှုဥပဒေ စတာတွေနဲ့ပါ အရေးယူ စစ်ဆေးသင့်ကြောင်း ပြည်ပအခြေစိုက် မြန်မာဥပဒေရေးရာ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

အောက်တိုဘာလ ၁၅ ရက် တနင်္ဂနွေနေ့က နေပြည်တော်လေဆိပ်မှာ မူးယစ်ဆေးတွေနဲ့အတူ ပစ္စတိုလက်နက်တွေကို ပါတွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ အားကစားဝန်ကြီးဟောင်းသား ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါ ၃ ဦးကို မူးယစ်ဆေး ပုဒ်မနဲ့ အရေးယူထားပြီး အမှုကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် အများပြည်သူစိုးရိမ်နေသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအပေါ်မှာ ထိခိုက်မှုရှိမှာ မဟုတ်ကြောင်း၊ အပြည့်အဝတာဝန်ယူထားကြောင်း နေပြည်တော်ကောင်စီနယ်မြေ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်ကပြောပါတယ်။

ACE ကုမ္ပဏီနဲ့ ဟိုတယ်လုပ်ငန်းရှင်လည်းဖြစ်တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါးအမှု နောက်ဆက်တွဲအဖြစ် သူရဲ့ ကိုယ်ပိုင်အိမ် ၄ လုံးအပါအဝင် ACE ဟိုတယ်ကို ရဲတပ်ဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို နေပြည်တော်ကောင်စီနယ်မြေ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က သတင်းထောက်တွေကို မနေ့က နေပြည်တော်မှာ အခုလိုပြောသွားပါတယ်။

“ကျနော်တို့ အမှုလည်းဖွင့်ထားပြီးပြီ လက်ရှိမနေ့ညက ဆက်ပြီးတော့သူတို့ဆီကနေပြီးတော့ ဟိုတယ် ACE ပေါ့နော် အဲဒီကနေ လက်နက်တွေထပ်ပြီးတော့မှ သိမ်းဆည်းရမိတယ်ပေါ့နော် အဲဒီဟာတွေကတော့ အားလုံးမစုံသေးဘူး။ ကျနော်တို့ စစ်နေတုန်းပဲ ရှိသေးတယ်။”

ဒါအပြင် ဦးဖြိုးကိုကိုတင့်ဆန်းပိုင် ACE ကုမ္ပဏီအဆောက်အဦးဝင်းအတွင်း ရပ်ထားတဲ့ NATIONAL SECURITY COUNCIL တံဆိပ် ကပ်ထားတဲ့ တန်ဖိုးကြီး Hummer ကားတွေကိုတော့ လောလောဆယ်မှာ သိမ်းယူဖို့ ညွန်ကြားချက်မရထားဘူးလို့လည်း သူက ဆိုပါတယ်။

“ကားတွေကတော့ သူတို့လုပ်ငန်းသုံးကားတွေရှိမှာပေါ့နော် ဒါတွေကတော့ လုပ်ငန်းသုံးကားတွေ ဟိုတယ်ထဲမှာရှိတဲ့ဟာကတော့ရှိတယ်။ အဲဒါတွေကို ကျနော်တို့က ဒီဟာနဲ့ ပတ်သက်တာမရှိတော့ ဘာမှ သိမ်းဆည်းခြင်းမရှိပါဘူး။”

ဦးဖြိုးကိုကိုတင့်ဆန်းဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သားဖြစ်ပါတယ်။

မနေ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းကြေညာချက်မှာတော့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ အမှုကို နေပြည်တော် အေလာနယ်မြေ ရဲစခန်း မှာ မူးယစ်ဆေးဝါးဆိုင်ရာ ပုဒ်မ နဲ့ စစ်ဆေးနေကြောင်း ဖေါ်ပြထားပါတယ်။

အခုလို ပစ္စတိုလက်နက် ၉ လက်အပါအဝင် ကျည်ဆံအတောင့်ပေါင်း ၉၀၀ နီးပါး သိမ်းဆည်းရမိခဲ့တဲ့အမှုကို မူးယစ်ဆေးပုဒ်မ နဲ့သာမက တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ရော အကြမ်းဖက်ဥပဒေအရပါ အရေးယူသင့်တယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူလည်းဖြစ် ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံလည်းဖြစ်တဲ့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“အမှန်ကတော့ ဒီလောက်လက်နက်တွေအများကြီးရှိနေတဲ့ ကိစ္စက ကျနေ်ာတို့ လက်နက်ဥပဒေအရပြောရမယ်ဆိုရင် ဒီလက်နက်တွေက မြန်မာနိုင်ငံအတွင်းကထုတ်တဲ့ လက်နက်တခုမှ မပါပါဘူး ။ နိုင်ငံခြားကနေ တင်သွင်းလာတဲ့ လက်နက်တွေဖြစ်တယ်။ အဲဒီတော့ လက်နက်ဥပဒေအရ အရေးယူမယ်ဆိုရင် ဒီတင်သွင်းခွင့်မရှိတဲ့ ပစ္စည်းကို နိုင်ငံခြားကနေ တင်သွင်းလာတဲ့ ကိစ္စက တမှုဖြစ်တယ်၊ နောက်ပြီးတော့ ခွင့်ပြုချက်လိုင်စင် ပါမစ်တခုခုမှ မရှိပဲနဲ့ ကိုင်ဆောင်ထားတဲ့အတွက် ဒီလောက်လက်နက်အများကြီးရှိနေတဲ့ဟာက အကြမ်းဖက်မှု ကျူးလွန်ဖို့အတွက် ကြိုတင်ကြံစည်တယ်လို့ သက်သေမပြနိုင်ရင် အကြမ်းဖက်မှု ကျူးလွန်ဖို့တမင်ရည်ရွယ်ပြီးတော့ စုဆောင်လက်ဝယ်ထားရှိတယ်လို့ ကျနော်တို့ မှတ်ယူရမှာပါ။”

အခုလိုမျိုး လက်နက်အရေအတွက်အများအပြားတွေ့ရှိတာမျိုးမဟုတ်ပဲ သေနတ် တလက်မှ မတွေ့ပဲနဲ့လည်း အကြမ်းဖက်မှု ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထောင်ချတဲ့ ဖြစ်ရပ် တချို့ရှိခဲ့တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃-၄ နှစ်က ရှမ်းပြည်နယ်တောင်ကြီးမှာ အကြမ်းဖက်မှု ဥပဒေနဲ့ အရေးယူလိုက်တဲ့ အမှုတွေရှိတယ်။ အဲဒီလိုအရေးယူလိုက်တဲ့အခါမှာ စောစောကပြောသလိုမျိုး သေနတ်တောင်မှာ တခုမှမပါပါဘူး။ ဝင်ရောက်ပြီးတော့ ရှာဖွေပစ္စည်းတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်လောက်အထိ အပြစ်ပေးထားတဲ့ အမှုတွေရှိတယ်။ နောက်ပြီးတော့တခါ မန္တလေးမှာလည်း အကြမ်းဖက်မှု ဥပဒေနဲ့ ပတ်သက်ပြီးတော့အရေးယူတဲ့ အမှုတွေရှိတယ်။အဲဒီအမှုတွေမှာ လက်နက်မပြောနဲ့ အပ်တချောင်းတောင် မမိပဲနဲ့ အရေးယူထားတာတွေရှိတယ်။ ဆိုတော့ အခု သေနတ် ၉ လက်မိတဲ့ကိစ္စမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဆိုတာကလည်း ဘယ်မှာနေမှန်းလည်းမသိဘူး။”

ဒါအပြင် ပြည်ထဲရေးဘက်က ဒီအမှုကို မှန်မှန်ကန်ကန်ကိုင်တွယ်ဆောင်ရွက်နိုင်ပါ့မလားဆိုတာကို ဥပဒေဘက်တော်သားတွေဘက်က စောင့်ကြည့်နေတယ်လို့ လည်း ဦးမင်းလွင်ဦးကဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မနေ့က သတင်းထုတ်ပြန်ချက်မှာတော့ ဦးဖြိုကိုကိုတင့်ဆန်းဆီကနေ စုစုပေါင်း ပစ္စတို(၉)လက်၊ ကျည်(၈၉၂)တောင့် အပါအဝင် အခြားလက်နက်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းထံမှ သိမ်းဆည်းရမိတဲ့ လက်နက်များ
ဦးဖြိုးကိုကိုတင့်ဆန်းထံမှ သိမ်းဆည်းရမိတဲ့ လက်နက်များ

အခုလို လက်နက်အမြောက်အများတွေ့ရှိသိမ်းဆည်း ရမိခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်ရပါ့သလားလို့ သတင်းထောက်တွေ မေးတဲ့ မေးခွန်းကိုတော့ရဲမှူးကြီး ဇော်ခင်အောင်က အခုလိုဖြေဆိုခဲ့ပါတယ်။

“အမကြီးရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဒါက ဘာမှသိပ်ပြီးမသက်ဆိုင်ဘူးထင်တယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ အဲဒီလုံခြုံရေးခြိမ်းခြောက်မှုကိုတော့ ဘယ်သူမှ မေးစရာမရှိပါဘူး ကျနော်တို့ အားလုံးအပြည့်အဝတာဝန်ယူထားပါတယ်။”

တနင်္ဂနွေနေ့က နေပြည်တော်လေဆိပ်မှာ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဦးရဲမင်းဆွေနဲ့ ဦးဇော်ဝင်းထိုက်တို့ နှစ်ဦးဟာ ACE ကုမ္ပဏီဝန်ထမ်းတွေဖြစ်ကြတဲ့အပြင် မြားပစ်အားကစားသမားချန်ပီယံတွေလည်း ဖြစ်ပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးမန်းဂျော်နီ (ဧရာဝတီတိုင်း ဝန်ကြီးချုပ်)ကို မဲထက်ဝက်ခန့်အကွာနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Phyo Ko Ko Tint San case
please wait

No media source currently available

0:00 0:05:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG