သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျန်းမာရေး စောင့်ရှောက်မှု အလွန်နိမ့်ကျ


မြန်မာကျန်းမာရေး စောင့်ရှောက်မှု အလွန်နိမ့်ကျ
မြန်မာကျန်းမာရေး စောင့်ရှောက်မှု အလွန်နိမ့်ကျ

မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေဟာ တနိုင်ငံလုံးအနှံ့ လက်လှမ်းမီတဲ့ အခြေအနေမှာ မရှိဘဲ လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ ထိုင်း၊ မြန်မာနယ်စပ်မှာ မယ်တော်ဆေးခန်း ဖွင့်လှစ်ပြီး အခမဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှု ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်က ဝေဖန် ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ ပြဿနာ ကြုံနေရတယ်ဆိုတာ ထင်ရှားတယ်လို့ မြန်မာ့ကျန်းမာရေး အခြေအနေ လေ့လာသူ တဦးကလည်း ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေဟာ အလွန်အမင်း ညံ့ဖျင်း ဆိုးရွားနေတယ်ဆိုတဲ့ အချက်ကို ပြည်တွင်း ပြည်ပက ထောက်ပြ ဝေဖန်လာတာ ကြာပါပြီ။ ဆေးကုသတဲ့ စရိတ်ကြီးမြင့်တာ၊ စရိတ်မျှပေး ကျန်းမာရေးစနစ်နဲ့ လုပ်နေတယ် ဆိုပေမဲ့ လူနာရှင်က ငွေကြေးတတ်နိုင်မှသာ အဆင်ပြေတာ၊ ဆေးဝါးမလုံလောက်တာ စတဲ့ အားနည်းချက် အများအပြား ရှိနေတဲ့ မြန်မာ့ကျန်းမာရေးစနစ်ကို ပိုပြီး ကောင်းလာအောင်လုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ အများစုက လက်ခံထားကြပါတယ်။

နယ်စပ်ဒေသတွေကို မဆိုထားနဲ့ ပြည်တွင်းပိုင်းထဲမှာတောင်မှ စရိတ်ကြီးကြီး ပေးရတဲ့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာလောက်ပဲ စောင့်ရှောက်မှု ကောင်းကောင်းရနိုင်တယ်လို့ ဧပြီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့မှာ ဒေါက်တာစင်သီယာမောင်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကျမတို့ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား ဒေသတွေမှာ၊ အထူးသဖြင့်တော့ လုံး၀ လက်လှမ်းမမီတဲ့ အခြေအနေတွေ ရှိတယ်ပေါ့။ နောက်တော့ ပြည်တွင်းထဲက အခြေအနေတွေအရ ဆိုရင်လည်း Private ဆေးရုံ ဆေးခန်းတွေမှာပဲ ကျန်းမာရေး စောင့်ရှောက်မှုတွေက များနေပြီးတော့ အစိုးရဆေးရုံ ဆေးခန်းတွေမှာတော့ စောင့်ရှောက်မှုတွေက မလုံလောက်တာ တွေ့နေရတယ်။ အထူးသဖြင့်တော့ ကျမတို့ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီးတော့ ဆေးကုတဲ့ လူနာတွေရဲ့ အခြေအနေက ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီတဲ့ အခြေအနေတွေ တွေ့နေရတယ်။”

ရနိုင်သလောက် အချက်အလက်တွေနဲ့ တိုင်းတာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ ပြဿနာ ကြုံနေရတယ်ဆိုတာ အင်မတန် ရှင်းပါတယ်လို့ ပြောသူက အမေရိကန်နိုင်ငံ၊ ဂျွန်ဟော့ပ်ကင်းစ် (Johns Hopkins) တက္ကသိုလ်၊ အများပြည်သူ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဌာနက မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေကို လေ့လာသူ ဒေါက်တာဗစ်တ် (Dr. Vit) ဖြစ်ပါတယ်။

“အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ ဘယ်လိုရှိနေတယ် ဆိုတာကို ပြတဲ့ အဓိကအကျဆုံး ညွှန်းချက်တွေထဲက တခုဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေး အခြေအနေဆိုင်ရာ ညွှန်းကိန်းတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အဆိုးရွားဆုံး နိုင်ငံတွေထဲ ပါဝင်ပါတယ်။ အဲဒီအချက်ထဲမှာ ကျန်းမာရေး အသုံးစရိတ် နည်းလွန်းတဲ့ကိစ္စ၊ အာဟာရ မပြည့်ဝတဲ့ကိစ္စ၊ ငှက်ဖျားရောဂါ ဖြစ်ပွားမှု၊ တီဘီရောဂါ ဖြစ်ပွားမှု စတာတွေကို ထည့်ပေါင်းလိုက်ရင် အခြေအနေ တရပ်လုံး ပေါ်လာတာက မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ပြိုလဲကျနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။” လို့ ဒေါက်တာဗစ်တ်က ပြောပါတယ်။

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးကဏ္ဍ အသုံးစရိတ်မှာ လူတယောက်အတွက် အမေရိကန် ဒေါ်လာ ၂ ဒေါ်လာအောက်ပဲ လျာထားတာ တွေ့ရတာကြောင့် အင်မတန် နည်းလွန်းတယ်ဆိုပြီး ပြောကြသလို တဘက်မှာကျတော့ စစ်အသုံးစရိတ်အတွက် ဘဏ္ဍာငွေရဲ့ လေးပုံတပုံနီးပါး သုံးစွဲဖို့ လျာထားတဲ့အတွက် အဆမတန် ကွာခြားလွန်းတယ်ဆိုပြီး ဝေဖန်တာတွေနဲ့ မြန်မာအစိုးရ ရင်ဆိုင်နေရပါတယ်။

ကျန်းမာရေး အသုံးစရိတ်ဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင်မှ အရမ်းနည်းလွန်းသလို နိုင်ငံတကာ ကူညီထောက်ပံ့မှုကလည်း နည်းနေတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်လာဖို့ဆိုရင် မြန်မာအစိုးရဟာ ကျန်းမာရေးကဏ္ဍမှာ ပိုပြီး ရင်းနှီးမြှုပ်နှံဖို့၊ လူမျိုးစု တိုင်းရင်းသား ဒေသတွေမှာ ဖိနှိပ်ညှဉ်းပန်းတာတွေ ရပ်ပစ်ပြီး ပြည်တွင်းပဋိပက္ခကို အဆုံးသတ်ပစ်ဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ပိုလက်ခံပြီး လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုရအောင် လုပ်ပေးဖို့ လိုပါတယ်လို့ ဒေါက်တာဗစ်တ်က အကြံပေးပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းမေးတာတွေ၊ အဆိုတင်သွင်းတာတွေ အများအပြား လုပ်ခဲ့ကြပါတယ်။ အဲဒါတွေအပေါ် မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားတာတွေမှာတော့ အားနည်းချို့ယွင်းချက် မရှိဘဲ အားလုံးကောင်းနေတဲ့ပုံစံ ပြောခဲ့ပါတယ်။

XS
SM
MD
LG