မြန်မာငွေတန်ဖိုး သိသိသာသာ ကျဆင်းနေတာကြောင့် စားသောက်ကုန်နဲ့ ဆေးဝါးအပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ အဆမတန် ထိုးတက်ကုန်ပြီး ပြည်တွင်းစစ်နဲ့ စီးပွားကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းသူ ပြည်သားတွေ ကြီးမားတဲ့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ထိုးကျသွားခဲ့တာမှာ ပြင်ပပေါက်ဈေး အခုလ အစောပိုင်းက တဒေါ်လာကို ၅,၀၀၀ ကျပ် ရှိခဲ့ရာက အနိမ့်ဆုံး ၇,၅၀၀ ကျပ်အထိ ကျသွားခဲ့ပါတယ်။ စစ်ကောင်စီက ငွေစက္ကူတွေ အဆမတန် ရိုက်နှိပ် ထုတ်ဝေနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ဒေါ်လာနဲ့ လဲလှယ်ရာမှာ ကျပ်ငွေတန်ဖိုးလည်း သိသိသာသာ ထိုးကျသွားခဲ့တယ်လို့ ကုန်သည်တချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
ပြည်သူအတော်များများက ထိုင်းဘတ်ငွေကို ဝယ်စုနေကြတယ်လို့ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ငွေလဲလှယ်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ အမည်မဖော်လိုသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားတာပါ။
လက်ရှိမှာ ပြင်ပမှာ ပေါက်နေတဲ့ ငွေလဲနှုန်းက တဒေါ်လာကို ၆,၀၀၀ ကျပ်လောက်အထိ ပြန်ကျလာခဲ့ပြီး ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ တရားဝင် ငွေလှဲနှုန်းကတော့ မနေ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ တဒေါ်လာကို ၂,၁၀၀ ကျပ်ဖြစ်ပေမယ့် အွန်လိုင်းပေါ်မှာတော့ ၃,၄၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒေါ်လာနဲ့ လဲလှယ်ရာမှာ ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်တက်လာခဲ့ပေမယ့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကတော့ လုံးဝ ကျမလာသေးဘူးလို့လည်း စားသုံးသူတွေက ပြောဆိုကြပါတယ်။ အိမ်ထောင်စုတခုရဲ့ တပတ်စာ စားသောက်ကုန်အတွက် ကုန်ကျစားရိတ်ဟာ လွန်ခဲ့တဲ့ တလလောက်က ကျပ် ၂ သောင်းခွဲလောက် ရှိခဲ့ရာက အခုအခါမှာတော့ ၄ သောင်းကျပ်လောက်အထိ ဖြစ်သွားပြီလို အမည်မဖော်လိုတဲ့ နေပြည်တော်မြို့ခံတဦးကလည်း ပြောဆိုပါတယ်။
Forum