သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုရှုတ်ချမယ့် ဆုံးဖြတ်ချက်မူကြမ်း ကုလပြင်ဆင်


 human rights committee
human rights committee

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို မကြာခင်ရက်ပိုင်းအတွင်း ကုလသမဂ္ဂမှာ ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။

ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံသား အခွင့်အရေးတွေ ခံစားခွင့်ရှိဖို့ပါ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကိုတော့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးရာ ကိစ္စတွေကို ဆွေးနွေးကြတဲ့ တတိယကော်မတီမှာ မနေ့တုန်းကပဲ ဖြန့်ဝေခဲ့ကြတာပါ။

မူကြမ်းထဲမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့က တွေ့ရှိချက်တွေအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြထားသလို၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြည့်အ၀ ဖော်ထုတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင်အသိအမှတ်ပြု လက်ခံမထားသလို၊ ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေဟာ အပြည့်အ၀ မမှန်ကြောင်းလည်း ငြင်းဆန်ထားတာပါ။

ကျုးလွန်သူ တချို့ကိုလည်း အရေးယူမှုတွေ ရှိခဲ့သလို၊ နိုင်ငံတကာက ကျွမ်းကျင်သူတချို့ ပါဝင်တဲ့ စုံစမ်းရေးကော်မရှင် တခုကိုလည်း ထပ်မံဖွဲ့စည်းထားပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် မူကြမ်းမှာတော့ ကော်မရှင်သစ်အနေနဲ့ ဘက်လိုက်မှုကင်းကင်းနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ နိုင်ငံတကာ စံတွေနဲ့အညီ ဖြစ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတွေ သာမက မြန်မာနိုင်ငံတွင်းက ကချင်နဲ့ ရှမ်းတိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုတွေကို အဆုံးသတ်ဖို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စစ်တပ်အပါအဝင် နိုင်ငံတွင်းက အဖွဲ့အစည်းတွေ အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားတာပါ။ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ဥရောပက နိုင်ငံပေါင်း ၂ ဒါဇင်ကျော်နဲ့ ကနေဒါနိုင်ငံတို့ ပူးပေါင်းပြုစုထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကိုတော့ အစောဆုံး ရှေ့သီတင်းပတ်ထဲမှာ မဲခွဲဆုံးဖြတ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG