သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ စစ်ခေါင်းဆောင်တွေ လူ့အခွင့်အရေး လေးစားမှု ရှိမရှိ စုံစမ်းရေး ကနေဒါထောက်ခံ


မြန်မာစစ်အစိုးရရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အကြံပြုချက်ကို ကနေဒါနိုင်ငံက ကြာသပတေးနေ့မှာ ထောက်ခံလိုက်ပါတယ်။ ဒါ့အပြင် မကြာခင် ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ဒီကိစ္စကို အရေးယူ ဆောင်ရွက်လာဖို့အတွက် မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို သဘောတူကြတဲ့ တခြား နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးရုံးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက မြန်မာစစ်ခေါင်းဆောင်တွေဟာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေး ကောင်စီကို မတ်လတုန်းက အကြံပြုချက်ကို အမေရိကန်၊ ဗြိတိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျနဲ့ စလိုဗက်ကီးယား နိုင်ငံတွေက ထောက်ခံခဲ့ပြီး ကြာသပတေးနေ့မှာတော့ ကနေဒါနိုင်ငံကပါ ပါဝင် ထောက်ခံလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားလေ့ရှိတဲ့ နိုင်ငံတွေထဲမှာ ကနေဒါနိုင်ငံဟာ ရှေ့ဆုံးက ပါဝင်ခဲ့ပြီး အခု မစ္စတာ ကင်တားနားရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံတယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန် (Lawrence Cannon) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ်စ် ကက်သရင်း လူဘီယဲ (Catherine Loubier) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားရဲ့ လုပ်ငန်းတွေကိုရော မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စုံစမ်းမယ့် အကြံဉာဏ်ကိုပါ သဘောတူ ထောက်ခံပါတယ်။”

ဒါ့အပြင် ကနေဒါနိုင်ငံဟာ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေဖြစ်တဲ့ လွတ်လပ်မှုကို မြန်မာနိုင်ငံသားတိုင်း ရရှိစေဖို့နဲ့ မြန်မာစစ်အစိုးရက ဒီ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို လေးစားဖို့အတွက် တစိုက်မတ်မတ် တောင်းဆိုနေတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လျစ်လျူရှုထားတဲ့အပေါ် ကနေဒါနိုင်ငံက ရှုတ်ချတဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အတင်းကျပ်ဆုံး စီးပွားရေး ပိတ်ဆို့ တားမြစ်တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အခု မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးယနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို သဘောတူတဲ့ တခြားနိုင်ငံတွေနဲ့အတူ လက်တွဲပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူးက တင်ပြမယ့် ထောက်ခံ အကြံပြုချက်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဘုံချဉ်းကပ်မှုမျိုးနဲ့ ဘယ်လိုထောက်ခံကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံက မဟာမိတ် နိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေဟာ တရားမျှတမှု မရှိကြောင်းနဲ့ ဒီရွေးကောက်ပွဲကို နိုင်ငံတကာက ယုံကြည်မှု ရစေဖို့အတွက် အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်နဲ့ လွတ်လပ်မျှတစွာ ကျင်းပပေးဖို့လည်း ကနေဒါ အစိုးရက လိုလားတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ၊ လူ့အခွင့်အရေး အခြေခံမူတွေနဲ့အညီ လေးစားလိုက်နာဖို့အတွက် ကနေဒါနိုင်ငံက တိုက်တွန်းပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့၊ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်တဲ့၊ ပွင့်လင်း ထင်သာမြင်သာမှု ရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပဖို့လည်း ကနေဒါနိုင်ငံက တိုက်တွန်းပါတယ်။”

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြောသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အရေးယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်အမှတ် ၂၀ ကို EU ဥရောပသမဂ္ဂက ဦးဆောင် ရေးဆွဲနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ကိစ္စကို EU ဥရောပသမဂ္ဂက အခုထိ တစုံတရာ ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးတဲ့အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး အပါအဝင် လူ့အခွင့်အရေးအဖွဲ့ အတော်များများက တိုက်တွန်း ပြောကြားနေကြပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်တွေ ချဖို့ တောင်းဆိုထားပါတယ်။ သူတို့အဖွဲ့ရဲ့ ၂၀၀၈ ခုနှစ် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေကို ဖော်ပြထားပြီး ဒီလို ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရဟာ ပြစ်ဒဏ်မခံရဘဲ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရနေတာမို့ ကုလသမဂ္ဂက အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG