မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက် အောင်ကာကွယ်မပေးနိုင်ဘူး ဆိုပြီး နိုင်ငံသားတွေအကြား ဝေဖန်မှုတွေဖြစ်နေရတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကေ်ာမရှင် အဖွဲ့ကို အကုန်အစ ကနေ အသစ်ပြန်လည်ဖွဲ့စည်းပစ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို အကာအကွယ်မပေးနိုင်ခဲ့ သူ ကော်မရှင်အဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူပေးဖို့ ပြည်သူ့လွှတ်တော်ရဲ့အရေးတကြီးအဆိုကို ဥပဒေကြောင်းအရ ဆက်လက်ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့လည်း အကြံပြုကြပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပေးပါမယ်။
ရန်ကုန်မြို့က အင်းဝအပ်ချုပ်ဆိုင်တွင်း လူမမည်အမျိုးသမီးငယ်လေးတွေကို လုပ်အားခ လစာမပေးပဲ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးရတဲ့အထိ အိမ်ရှင်တွေက ညှင်းပမ်းနှိပ်စက်မှုကနေ အစပြုလို့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ပတ်သက်လို့ အများကမေးခွန်းထုတ်လာကြပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိခဲ့တာပါ။ မနေ့ ကြာသပတေးနေ့ကတော့ နိုင်ငံတော်သမ္မတဦးထင်ကျော်ကနေ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်လေးဦးဖြစ်တဲ့ ဦးဇော်ဝင်း၊ ဒေါက်တာသန်းနွဲ့၊ ဒေါက်တာညဏ်ဇော်၊ ဒေါ်မြမြတို့ မိမိတို့သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။
ဒီလိုမျိုးလူ့အခွင့်အရေးကေ်ာမရှင်အဖွဲ့ဝင်အချို့ကို နှုတ်ထွက်ခွင့်ပြုရုံမကပဲ လူ့အခွင့်အရေးကေ်ာမရှင်အဖွဲ့တခုလုံးကို လူ့အခွင့်အရေး နားလည်တဲ့သူတွေ ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ အကုန်ပြန်ပြီး အသစ်ပြန်လည်ဖွဲ့စည်းလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်မယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက အကြံပြုပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကေ်ာမရှင်မှာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ လူ့အခွင့်အရေးအကြောင်းကို သိနားလည်သူ ပညာရှင်တွေကိုသာ ခန့်အပ်ထားသင့်တယ်လို့ သြစတေးလျနိုင်ငံက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချိုက အကြံပြုပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကေ်ာမရှင်ဖွဲ့တုန်းက ကျနော်တို့ ေ၀ ဖန်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ အစိုးရနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေကို ပဲ အဓိကထားပြီးတော့ သူတို့ရွေးချယ်ခဲ့တယ် အဲဒါကြောင့်မမှန်ကန်ဘူး။ နောက်ပြီးတော့ Paris Principles နဲ့ လည်း မကိုက်ညီဘူး ဆိုပြီးကျနော်တို့ ပြောခဲ့တယ်။ ဒါကြောင့်မို့လို့ အခု မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကေ်ာမရှင် နှုတ်ထွက်သွားတဲ့ ကိစ္စကတော့ ဒါဟာတော့ အစကတည်းကလုပ်ရမယ့်ကိစ္စဖြစ်တယ်။ လူ့အခွင့်အရေးကေ်ာမရှင်ထဲမှာ ပါတဲ့လူအကုန်လုံးဟာ အရင်တုန်းက အစိုးရကနေ သူတို့ တိုက်ရိုက်ခန့်ပြီးလုပ်ခဲ့တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် လူ့အခွင့်အရေးကေ်ာမရှင်တခုလုံးကို ပြန်လည်သုံးသပ်ပြီးတော့ အသစ်ပြန်ဖွဲ့စေချင်တယ်။ ဖွဲ့တဲ့အခါမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံများတဲ့သူတွေ ဥပဒေပိုင်းကို နားလည်တဲ့သူတွေ ၊ လူထုလေးစားခံရတဲ့သူတွေ ၊ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးကိစ္စတွေမှာလည်း အတွေ့အကြုံရှိတဲ့လူတွေဖြစ်ဖို့လိုပါတယ်။”
ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC အဖွဲ့ရဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့တခုလုံး အသစ်ကနေ ပြန်လည်ဖွဲ့စည်းဖို့ သဘောတူပါတယ်။
“ကျနော်အကြံပြုချင်တာကတော့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှာ တကယ်တမ်း တာဝန်ယူမယ့်သူတွေက ဥပဒေကို ကောင်းကောင်းနားလည်တဲ့သူတွေလိုတယ်။ ကျနော်တို့ ပြစ်မှုဆိုင်ရာဥပဒေအပြင် နိုင်ငံတကာ စံချိန်စံညွန်း တွေနဲ့အညီ နှိတ်စက်ညှင်းပမ်းခြင်းဆိုင်ရာ ကိစ္စရပ်တွေ ဒါတွေကို သိကျွမ်းနားလည်တဲ့သူတွေ ၊ ကျွမ်းကျင်တဲ့သူတွေဖြစ်မယ် နောက်ပြီးတော့ အများပြည်သူရိုသေလေးစားလောက်တဲ့ သူဖြစ်မယ်၊ ကောင်းသတင်း ထင်ပေါ်ကျော်ကြားတဲ့သူဖြစ်မယ် ဆိုရင်တော့ ပိုပြီးတော့ လူတွေအနေနဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အပေါ်မှာ ပိုပြီးအလေးထား ယုံကြည်မှုရှိလာမယ်လို့ ကျနော်မြင်ပါတယ်။”
ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်က ပြည်သူ့လွှတ်တော်မှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုတင်သွင်းခဲ့တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုကို အကာအကွယ်မပေးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးဖို့ အရေးကြီးအဆိုကို တခဲနက်သဘောတူခဲ့ကြပြီးဖြစ်လို့ ရှေ့ဆက်ပြီး တရားဥပဒေ လမ်းကြောင်းအရ ဆက်ကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း တိုက်တွန်းကြပါတယ်။ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးရဲ့အမြင်ကတော့
“ပြည်သူတွေဖြစ်ချင်တဲ့အတိုင်းအတာ အပြည့်အဝဖြစ်ဖို့အတွက်ဆိုရင်တော့ လွှတ်တော်ကနေပြီးတော့ ဒီလိုမျိုး အနားယူရုံခွင့်ပြုလိုက်ရုံနဲ့ မပြီးပဲနဲ့ ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့အတွက်ကို ပိုပြီးတော့ တွန်းအားပေးလုပ်ဆောင်မှုတွေ လုပ်သင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအနားယူသွားတဲ့လူတွေက သတင်းထောက် ကိုပါကြီးအသတ်ခံရတဲ့ ကိစ္စမှာလည်း အဓိကတာဝန်ရှိတဲ့သူတွေဖြစ်တယ်။ ဒေါက်တာဉာဏ်ဇော်တို့ဆိုရင်။ နောက်ပြီးတော့တခါ ဒေါ်ခင်ဝင်းအသတ်ခံရတဲ့ကိစ္စမှာလည်း သေနတ်ထိမှန်သေဆုံးတဲ့ ကိစ္စမှာလည်း အဓိက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ဒီလူတွေပဲဖြစ်တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အချုပ်အခန်းထဲမှာ သေဆုံးတာတွေ အားလုံးကို လိုက်ပြီးတော့ စုံစမ်းစစ်ဆေးတာတွေလည်း ဒီလူတွေဖြစ်တယ်။ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူမှု တစုံတရာမလုပ်ခဲ့ဘူး ဆိုတာတွေကို ကျနော်တို့တွေ့ရတယ် အဲဒီတော့ ဒါတွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်ဖို့ဆိုရင် ဥပဒေကို တက်ကျွမ်းနားလည်တဲ့သူတွေ ဖြစ်ဖို့လိုတယ်လို့ ကျနော်ကတော့ အဓိကပြောချင်ပါတယ်။”
ခုအချိန်မှာတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဦးဆောင်ပြီး ပြည်သူတွေရဲ့ လက်မှတ်ရေးထိုးမှုတွေနဲ့ ဆန္ဒထုတ်ဖော်နေကြသလို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေကို ထိရောက်စွာအရေးယူပေးဖို့ကိုလည်း လူ့အခွင့်အရေးလှုပ်ရှားတဲ့ရှေ့နေတချို့က အမှုဖွင့်တရားစွဲဆိုဖို့ပြင်ဆင်နေသလို ပြည်သူ့လွှတ်တော်ကတဆင့်လည်း ထိရောက်စွာအရေးယူပေးဖို့ အစိုးရကို တောင်းဆိုနေချိန်လည်းဖြစ်ပါတယ်။