သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ လူအခွင့်အရေး ချိုးဖောက်မှု ဒေသတွင်း ၀န်ထုပ်ဝန်ပိုး ဖြစ်နေ

  • ဗွီအိုအေ (မြန်မာဌာန)

မြန်မာ့ လူအခွင့်အရေး ချိုးဖောက်မှု ဒေသတွင်း ၀န်ထုပ်ဝန်ပိုး ဖြစ်နေ

မြန်မာနိုင်ငံတလွှား လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်မှုတွေကြောင့် ဒေသတွင်း နိုင်ငံတွေအတွက် ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ အဓမ္မ လုပ်အားခိုင်းစေမှု၊ ပေါ်တာဆွဲမှု၊ မြေယာ အဓမ္မ သိမ်းယူမှုတွေအပြင် ဥပဒေမဲ့ ဖမ်းဆီးမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေထဲက မလေးရှားနိုင်ငံမှာ ရောက်ရှိနေသူတွေကို တွေ့ဆုံခဲ့တဲ့ မစ္စတာ ကင်တားနားက သူ့ရဲ့ ၈ ရက်ကြာ အချက်အလက် စုဆောင်းတဲ့ ခရီးစဉ် အပြီးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသူ မြန်မာနိုင်ငံသား ၈၅,၀၀၀ လောက် ရှိနေတာမို့ မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့ ကတိပေးထားပေမဲ့ ဆက်လက် ကျူးလွန်မှုရှိနေတာ ပြနေတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံတင် မကဘဲ တခြား အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေတာမို့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာအောင် အစိုးရဘက်က အရေးယူ ဆောင်ရွက်တာကို မြင်ချင်နေကြတယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ တွေ့ရှိချက်တွေကို ရှေ့လထဲ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြဖို့ ရှိပါတယ်။

XS
SM
MD
LG