သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး တိုးတက်အောင် အားထုတ်မှု မတွေ့ရ


A swan swims on a pond at the Palace park in Moers, western Germany.
A swan swims on a pond at the Palace park in Moers, western Germany.

မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပေါ်ပေါက်လာပြီ ဆိုပေမဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ထိန်းဖို့ အစီအစဉ်တွေကို အားထုတ်ကြိုးပမ်းတာ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က ပြောလိုက်ပါတယ်။ နိုင်ငံတနိုင်ငံ ဒီမိုကရေစီကို အသွင်ကူးပြောင်းတဲ့ ဖြစ်စဉ်မှာ ပညာရေးကဏ္ဍက အင်မတန် အရေးကြီးတယ်လို့ ထောက်ပြပြီး အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ပြည်သူအများရဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ရရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမယ့် တာဝန်ရှိကြောင်းကိုလည်း တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက မတ်လ ၇ ရက်နေ့တုန်းက ရေးသားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာသစ်ကို အပိုင်း ၂ ပိုင်း ခွဲခြားနိုင်ပါတယ်။ ပထမပိုင်းကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေ၊ ဒုတိယပိုင်းကတော့ မစ္စတာ ကင်တားနားရဲ့ အကြံပြုချက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားက မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအဖြစ် ရွေးကောက်ပွဲတွေ ကျင်းပ၊ ပါလီမန်တွေခေါ်၊ အစိုးရသစ်တွေ ဖွဲ့စည်းနေရာမှာ ရှေ့ဆက် မရေရာမှုတွေ အများကြီး ရှိနေပေမဲ့လည်း အဲဒီထဲကနေ ကောင်းတဲ့ အလားအလာတချို့များ ထွက်လာလေမလားဆိုပြီး သတိနဲ့ မျှော်လင့်နေကြသူတွေ ရှိတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်ထိ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်အောင် လက်ရှိ အစိုးရသစ်က အားထုတ် ကြိုးပမ်းထားတာကို မတွေ့ရဘူးလို့ ထောက်ပြပါတယ်။

“မြန်မာနိုင်ငံမှာ အခု အသွင်ကူးပြောင်းတဲ့ကာလ ဖြတ်သန်းနေတာမှာ အစိုးရသစ်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကဏ္ဍတရပ် သတ်သတ်မှတ်မှတ်ထားပြီး လုပ်ဆောင်နေတာမျိုး ကျနော် အခုထိ မမြင်ရသေးပါဘူး။ ဒီအစိုးရဟာ ဒီမိုကရေစီနဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို လေးစား လိုက်နာပါမယ်လို့ ကတိတွေ ပေးထားပါတယ်။ ဒါပေမဲ့ ကျနော် စုံစမ်းသိရှိသမျှနဲ့ ကျနော် ရရှိထားတဲ့ အချက်အလက်တွေ အရတော့ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးတွေကို အကြီးအကျယ် ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရှိနေရပါတယ်။”

မြန်မာစစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲ ကျင်းပပြီးတော့ ဒီမိုကရေစီနိုင်ငံ ထူထောင်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီလိုမျိုး ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ဖို့အတွက် တိုင်းပြည်ထဲမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို တည်ဆောက်နိုင်ဖို့လည်း အရေးကြီးတယ်လို့ မစ္စတာ ကင်တားနားက ထောက်ပြပါတယ်။

“ဒီမိုကရေစီရေးကို ကူးပြောင်းရာမှာ တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိပါ့မလားဆိုတဲ့ မေးခွန်းကတော့ သိပ်ကို အရေးကြီးလှတဲ့ အချက်တွေထဲက အချက်တချက်ပဲ ဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ မစ္စတာ ကင်တားနားက အရင်က တောက်လျှောက် တိုက်တွန်းလာခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိုလည်း ထပ်မံတိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ မစ္စတာ ကင်တားနားက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ထူးခြားချက် တချက်ကတော့ မြန်မာနိုင်ငံမှာ အဓိက အရေးတကြီး လိုအပ်နေတဲ့ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားက မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာပြည်တွင်း ပညာရေး အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ငွေကြေး အရင်းအမြစ် ရှိပါလျက်နဲ့ မဆောင်ရွက်ဘူးလို့ ထောက်ပြပြီး တိုင်းပြည်တွင်း အရေးအကြီးဆုံး အရင်းအမြစ်ဖြစ်တဲ့ လူသား အရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဖို့ အစိုးရသစ်ကို တိုက်တွန်းထားပါတယ်။

“ဒီမိုကရေစီရေးကို ကူးပြောင်းတဲ့ ဘယ်လုပ်ငန်းစဉ်မှာမဆို ပညာရေးဟာ တကယ်ပဲ သိပ်ကို အရေးကြီးပါတယ်။ ဒါကြောင့် ပညာရေးဟာ လိုအပ်ကြောင်း ကျနော့်ရဲ့ ထောက်ခံချက်တွေထဲမှာ ထည့်သွင်း ဖော်ပြထားတာပါ။ အစိုးရဟာ တပြည်လုံးမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဖြေရှင်းဖို့ သုတေသန လုပ်ငန်းတွေ လုပ်ကိုင်သွားရမှာပါ။ တိုင်းပြည်တွင်းက စာသင်ကျောင်းတွေ များစွာမှာ ခွဲခြားဆက်ဆံမှု ရှိနေတာကို ကျနော် တွေ့ထားပါတယ်။ တိုင်းရင်းသားဒေသ ကျောင်းတွေမှာ ဒေသခံ ကျောင်းသား ကျောင်းသူတွေဟာ သူတို့ဘာသာစကားနဲ့ ပညာသင်ကြားခွင့် မရတာကို ကျနော် သွားတွေ့ရပါတယ်။”

ဆက်လက်ပြီး မစ္စတာ ကင်တားနားက တိုင်းပြည်တွင်း သယံဇာတတွေကနေ ရောင်းလို့ရတဲ့ ငွေတွေကို ပွင့်လင်းမြင်သာမှု ရှိအောင်နဲ့ တိုင်းပြည် အကျိုးစီးပွားအတွက် အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ သူ့ရဲ့ အစီရင်ခံစာ အပြည့်အစုံကို မတ်လ ၁၄ ရက်နေ့ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

XS
SM
MD
LG