သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ထုတ်ဖို့ မြန်မာအစိုးရသစ် တာဝန်ရှိ


လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ထုတ်ဖို့ မြန်မာအစိုးရသစ် တာဝန်ရှိ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ထုတ်ဖို့ မြန်မာအစိုးရသစ် တာဝန်ရှိ

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်မှုရှိမရှိ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ထပ်မံ တိုက်တွန်းပါတယ်။ မြန်မာအစိုးရသစ် အနေနဲ့ အရင်နဲ့မတူ အပြောင်းအလဲဖြစ်တယ် ဆိုတာကို ပြချင်ရင် လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဦးဆုံးလုပ်ပါလို့ တိုက်တွန်းပါတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်သစ် အနေနဲ့ ဒါကို ပျက်ကွက်မယ်၊ မလုပ်နိုင်ဘူး ဆိုရင်တော့ နိုင်ငံတကာက ဒီတာဝန်ကို ယူရလိမ့်မယ်လို့လည်း သတိပေးသွားပါတယ်။ မနေ့က ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်း မြန်မာ့အရေးကို အထူးကိုယ်စားလှယ်ရော အခြား ကမ္ဘာ့နိုင်ငံတွေကပါ အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ Impunity ခေါ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေကို အရေးမယူနိုင်ဘဲ ကင်းလွတ်ခွင့် ပေးနေတာတွေကို အဆုံးသတ်စေဖို့အတွက် ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြန်လည်ဖော်ထုတ် စစ်ဆေးဖို့ လိုတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောသွားတာပါ။ ၁၆ ကြိမ်မြောက် ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်း မစ္စတာ ကင်တားနားရဲ့ မြန်မာနိုင်ငံ အခြေအနေ တင်ပြချက်အပေါ် ကျန်အဖွဲ့ဝင် နိုင်ငံတွေကလည်း ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ ကင်တားနား အနေနဲ့ မနှစ်တုန်းက တင်ခဲ့တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ရေးကိစ္စကိုပဲ ထပ်တင်ပါတယ်။ ဒါပေမဲ့ အခု မြန်မာအစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြချင်တယ်ဆိုရင် ဒီအခွင့်အရေးကို ယူပြီး ပြည်တွင်းမှာ လွတ်လပ်မျှတတဲ့ စုံစမ်းမှုတွေ ချက်ချင်း လုပ်သွားသင့်တယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

“မြန်မာအစိုးရသစ် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးတကြီး ဦးစွာ ချက်ချင်း ကိုင်တွယ်ဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံဘက်က လိုအပ်သလို ဆောင်ရွက်ရမယ့် ခြေလှမ်းအစကို နိုင်ငံတကာက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပိုပြီး လမ်းပွင့်လာဖို့နဲ့ အခြေခံ လူ့အခွင့်အရေးတွေ ပိုပြီး လေးစားလိုက်နာလာဖို့ နိုင်ငံတကာအနေနဲ့ အားပေးထောက်ခံဖို့ ပြင်ထားပါတယ်။ ဒါပေမဲ့ အစိုးရသစ် အနေနဲ့ အရင် အစိုးရဟောင်းရဲ့ အမူအကျင့်တွေ၊ မူဝါဒတွေကို အပြောင်းအလဲ လုပ်မလား ဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။”

စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို ထောက်ခံတဲ့ ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံ ရှိသွားပါပြီ။ ဒီအထဲ အမေရိကန် ပြည်ထောင်စုလည်း ပါဝင်ထားတယ် ဆိုတာကို အမေရိကန် ကိုယ်စားလှယ် မစ်စ် မာဂတီ ဝမ် (Ms.Margarte Wang) က ပြောသွားပါတယ်။

“မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်စစ်ဆေးဖို့ ကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ မိတ်ဆွေ မဟာမိတ်နိုင်ငံတွေ၊ လက်တွဲဘက် နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆောင်ရွက်သွားမယ် ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြောခဲ့ပါတယ်။”

ဗြိတိသျှနိုင်ငံဟာလည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ထောက်ခံထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ လွတ်လပ်မျှတတဲ့ စုံစမ်းရေးတွေ ဖြစ်လာစေဖို့ မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်တွေ၊ အမြင်တွေကို ကြိုဆိုတယ်လို့ ဗြိတိသျှ ကိုယ်စားလှယ် ပီတာ ဂွတ်ဒါဟမ် (Peter Gooderham) က ပြောသွားပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ impunity လို့ခေါ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေကို အရေးမယူနိုင်ဘဲ လွတ်ကင်းခွင့် ရနေတာတွေကို အဆုံးသတ်ဖို့ အရေးကြီးတယ် ဆိုတာကို ဗြိတိသျှနိုင်ငံက သဘောတူပါတယ်။ ဒီအတွက် မြန်မာအစိုးရကို နိုင်ငံတကာက ဘယ်လိုကူညီနိုင်မလဲ၊ တကယ်လို့ မြန်မာအစိုးရက မလုပ်နိုင်ရင် ကုလသမဂ္ဂ အနေနဲ့ ဘာလုပ်နိုင်မလဲဆိုတဲ့ အမြင်ကိုလည်း ကြိုဆိုပါတယ်။”

မြန်မာကိုယ်စားလှယ် ဦးသန့်ကျော်ကတော့ မစ္စတာ ကင်တားနားရဲ့ တင်ပြချက်တွေကို ငြင်းပယ်ပြီး မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူ့နည်းသူ့ဟန်နဲ့ စုံစမ်းစစ်ဆေးမှုတွေ အရင်ကတည်းက ရှိခဲ့ပြီးပြီလို့ ထောက်ပြပါတယ်။

“အထူးကိုယ်စားလှယ်ရဲ့ အခု ပြောဆိုတင်ပြချက်နဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်မှု မရှိပါဘူး။ ပြည်ထဲရေးဝန်ကြီးက ဦးဆောင်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး အဖွဲ့ကို ဖွဲ့စည်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် တိုင်တန်းမှုတွေကို အရေးယူ စစ်ဆေးခဲ့ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့တွေနဲ့ နီးနီးကပ်ကပ် လက်တွဲပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။ အဲဒီ စုံစမ်းစစ်ဆေးမှုတွေအရ အရပ်သားပဲဖြစ်ဖြစ်၊ စစ်ဘက်ကပဲဖြစ်ဖြစ် တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူ အပြစ်ပေးခဲ့ပါတယ်။”

ထိုင်းနိုင်ငံ ကိုယ်စားလှယ် ဆက်ခ် ဝန်နာမက်သီး (Sek Wannamethee) ကတော့ ကုလသမဂ္ဂ အဆင့်မှာ စုံစမ်းစစ်ဆေးမှု လုပ်တာထက် ဒေသဆိုင်ရာ အဆင့်မှာ စုံစမ်းစစ်ဆေးမှု လုပ်သင့်တယ်လို့ ထိုင်းနိုင်ငံရဲ့ အမြင်ကို တင်ပြပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ လွတ်လပ်ပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ ကနဦး စတင်လုပ်သင့်ပါတယ်။ ဒါနဲ့တဆက်တည်း မြန်မာနိုင်ငံ အနေနဲ့ရော ဒေသတွင်း အနေနဲ့ပါ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဖို့ အားပေးသင့်ပါတယ်။ ဒါနဲ့ အလုပ်မဖြစ်မှ အခြား စုံစမ်းစစ်ဆေးမှုမျိုးကို စဉ်းစားသင့်ပါတယ်။”

ဒါပေမဲ့လည်း လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ဒီကိစ္စကို တလုံးတပါဒမှ မပြောဘဲ ရွေးကောက်ပွဲ ကျင်းပတာ၊ လွှတ်တော်ခေါ်ယူတာ စတဲ့ တိုးတက်မှု အခြေအနေတွေကို အပြုသဘော တုံ့ပြန်သင့်တယ်လို့ပဲ ပြောပါတယ်။ တရုတ်ကိုယ်စားလှယ်ကလည်း တိုတိုတုတ်တုတ်ပဲ ပြောပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေကို ထိပ်တိုက်ရင်ဆိုင် ပြောဆိုတာမျိုးထက် အားပေးနားချတာ၊ အပြုသဘော ချဉ်းကပ်တာမျိုး လုပ်သင့်တယ်လို့ ပြောပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်ကလည်း အခုလက်ရှိ လွှတ်တော်ခေါ်ယူပြီး အစိုးရ အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ရပ်တွေဟာ မြန်မာလူထုရဲ့ ဆန္ဒကိုတင် မဟုတ်ဘဲ နိုင်ငံတကာရဲ့ လိုလားချက်ကိုပါ ဖြည့်ဆည်းပေးနေတာပါလို့ ပြောသွားပါတယ်။

“အခုလို အပြုသဘောရှိတဲ့ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေကို ကြည့်မယ်ဆိုရင် မြန်မာအစိုးရ အနေနဲ့ မြန်မာလူထုရဲ့ ဆန္ဒကိုတင် ဖြည့်ဆည်းပေးနေတာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ၊ တည်ငြိမ်တဲ့ အလားအလာကောင်းတဲ့ နိုင်ငံအဖြစ် မြင်လိုတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဆန္ဒကိုလည်း အလေးပေး တုံ့ပြန်ထားတာ တွေ့ရပါမယ်။”

မြန်မာနိုင်ငံထဲမှာ စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ချေပချက်ကို အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက လက်မခံပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ယုံကြည် လက်ခံနိုင်လောက်တဲ့ အခြေအနေတွေကို မလုပ်နိုင်ရင်တော့ နိုင်ငံတကာက ကိုင်တွယ်ရလိမ့်မယ်လို့ သတိပေးပါတယ်။

“မြန်မာအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်လို့ ပြောနေပေမဲ့ ဒီလို စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်လို့ ကျနော့်ရဲ့ အရင်မေးခွန်းတွေကို ဖြေကြားလိုတဲ့သဘော မရှိပါဘူး။ ဒီလို သတင်းအချက်အလက် ပြန်ကြားမှု မရှိဘဲနဲ့ ဒီတွေ့ရှိချက်တွေဟာ ယုံကြည်စိတ်ချဖွယ် ရှိရဲ့လား ဆိုတာကို ဆုံးဖြတ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် လွတ်လပ်ပြီး ဘတ်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်ခဲ့ရဲ့လားဆိုတာ အတော်စဉ်းစားစရာ မေးခွန်း ဖြစ်လာပါတယ်။

“ဒါကြောင့် ဒီစုံစမ်းစစ်ဆေးမှုတွေကို မြန်မာအစိုးရက စလုပ်ဖို့ ကျနော် အကြိမ်ကြိမ် တိုက်တွန်းနေတာပါ။ မြန်မာအစိုးရက ဒီစုံစမ်းမှုတွေကို မလုပ်နိုင်ဘူး ဆိုရင်တော့ ဒီတာဝန်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကိုင်တွယ် ဆောင်ရွက်ရပါလိမ့်မယ်။”

မစ္စတာ ကင်တားနား အနေနဲ့ အခုလို စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ကိစ္စအပြင် မြန်မာနိုင်ငံတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရာတွေကိုလည်း တင်ပြထားပါတယ်။ အထူးသဖြင့်တော့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေကို ပိုအလေးပေးခဲ့ပါတယ်။ ပညာရေးဆိုင်ရာ အခွင့်အရေးကို သူ့အနေနဲ့ ဇောင်းပေးရတာဟာ အရေးပါတဲ့ လူ့အခွင့်အရေးတရပ် အနေနဲ့တင် မဟုတ်ဘဲ ခိုင်မာတဲ့ ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ရေးအတွက် မဖြစ်မနေ အရေးကြီးတာကြောင့် ဖြစ်တယ်လို့ သူက ထောက်ပြသွားပါတယ်။

XS
SM
MD
LG