သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပရဟိတလုပ်ငန်းများ အခက်အခဲမျိုးစုံရင်ဆိုင်နေရ


myanmar kachin idp refugee
myanmar kachin idp refugee

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ ကူညီထောက်ပံ့ပေးနေတဲ့ လုပ်သားတွေ ထပ်ပြီးတိုက်ခိုက်မခံရအောင် ကုလနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ ၁၄ ဖွဲ့က တောင်းဆိုထားပါတယ်။ အခုလိုကာလမှာ လူသားချင်းကူညီဆောင်ရွက်ပေးနေသူတွေရဲ့ မြေပြင်အနေအထားက ဘယ်လိုရှိနေပါသလဲ။ ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက ကယားပြည်နယ်၊ ဖရူဆိုမှာ Save the Children အဖွဲ့ဝင် ၂ ဦး နဲ့ အရပ်သား ၃၅ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ဒီဖြစ်စဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် အာဆီယံအနေနဲ့ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်း ၁၄ ဖွဲ့က တောင်းဆိုထားပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပြည်တွင်းပဋိပက္ခတွေအတွင်း အကူအညီလိုသူတွေ ပိုများလာပြီး အဲဒီထဲမှာ တိုက်ပွဲတွေကြား ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း အများအပြားပါဝင်လာပါတယ်။ ရန်ကုန်မြို့မှာတော့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ပြင်းထန်ခဲ့တဲ့ကာလကတည်းက စားဝတ်နေရေးမပြေလည်သူတွေ များလာပြီး သူတို့ကို တနိုင်တပိုင်ကူညီပေးသူတွေလည်း ရှိလာပါတယ်။ အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေကို အရင်ကဆို နေရာတနေရာကနေ တနေရာ သယ်သွားလို့ အဆင်ပြေပေမယ့် အခုနောက်ပိုင်းမှာ လမ်းတလျှောက်အစစ်အဆေးများလာပြီး မသင်္ကာရင် ရဲစခန်းအထိခေါ်ယူစစ် ဆေးတာတွေ ရှိလာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရတာတွေပါ ကြုံရတယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ ပရဟိတကူညီဆောင်ရွက်ပေးနေသူ အမျိုးသမီးတဦးက ပြောပါတယ်။

"ဆန်တွေမသယ်ဘဲနဲ့ မြို့ထဲကနေပြီးတော့ပဲ ပိုက်ဆံတွေပဲ ဝေတော့တာပေါ့နော်။ ဆန်၊ ဆီ၊ ဆား တအိမ်ကို နှစ်သောင်းခွဲစာဆိုရင် ပိုက်ဆံ တအိမ်စာ ၂၅,၀၀၀ အဲလိုမျိုး ပေးလိုက်တယ်။ ဆန်သယ်ဖို့က အဖွဲ့ထဲမှာ ခေါင်းဆောင်တယောက်ဖြစ်နေတော့ နေတဲ့နေရာကနေ သယ်ဖို့က မလွယ်တော့ဘူး။ အရှေ့မှာလည်း အရိုက်ခံထားရတာတွေ ဘာတွေလည်းရှိတယ်။ ခံဝန်ထိုးထားတာတွေ ရှိတယ်ဆိုတော့ ဖမ်းလည်းမဖမ်းဘူး၊ အချုပ်ထဲလည်း မထည့်ဘူး။ လိုရင် ခေါ်လိုက်တယ်။ သူတို့ ဘာသတင်းတွေရတယ်ပေါ့၊ အဲလိုသတင်းတွေ ရတယ်ဆိုရင် ဘလိုင်းကြီး အဲလိုမျိုး ခေါ်ခေါ်စစ်တယ်။ စစ်ပြီးသွားရင် ဘာမှမသိဘူးဖြေလည်း ကန်တယ်၊ ဘုကန့်လန့်ပြောလည်း ရိုက်တယ်။ ဒီလိုပုံစံမျိုးတွေ လုပ်နေတာပေါ့၊ အခုလက်ရှိကတော့။"

ရန်ကုန်မြို့တွင်းမှာဆိုရင် အခုလို တားဆီးစစ်ဆေးတာတွေ ပိုပြီး တင်းကြပ်လာတယ်လို့ ရန်ကုန်မြို့ခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေရှိနေတဲ့ နယ်မြေမတည်ငြိမ်တဲ့ဒေသတွေက ပရဟိတအသင်းအဖွဲ့တွေအနေနဲ့လည်း အခုကာလမှာ ဒုက္ခရောက်နေသူတွေကို အကူအညီပေးနိုင်ဖို့ ခက်ခဲလာပါတယ်။ ကရင်ပြည်နယ်အတွင်းက လူမှုကူညီရေးအဖွဲ့တခုကတော့ အကူအညီတောင်းလာသူတွေကို ၂၄ နာရီပတ်လုံး အကူအညီပေးနိုင်ဖို့ဆိုတာသူတို့ရဲ့လုံခြုံရေးကြောင့် မဖြစ်နိုင်တဲ့အခါတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

"ကျနော်တို့ လူမှုရေးအသင်းတွေ၊ ပရဟိတအသင်းတွေကျတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ကျနော်တို့က တဖက်စောင်းလိုက်မယ်ဆိုရင် အဆင်မပြေတဲ့အတွက် ကျနော်တို့က ကြားနေရတာပေါ့။ ဟိုဘက်ကိုလည်း ကျနော်တို့ ကူရသလို ဒီဘက်ကိုလည်း ကူတာ၊ အဲလိုပုံစံမျိုပေါ့။ ကျနော်တို့ကတော့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့ပဲ နယ်မြေမတည်ငြိမ်တဲ့နေရာမျိုးဆို ကျနော်တို့အနေနဲ့ ဘယ်လိုမျိုးပုံစံနဲ့ နေရမလဲပေါ့။ KNU ဘက်အပိုင်းလည်းရှိတယ်၊ ဒီဘက် အစိုးရအပိုင်းလည်းရှိတယ် ဆိုတော့ နှစ်ဘက်လုံးကို အဆင်ပြေပြေနဲ့ ကျနော်တို့က သတင်းပို့စနစ်နဲ့ သွားရတာပေါ့။ တကယ်လို့ လုံးဝသွားလို့ အဆင်မပြေပါဘူးဆိုရင် ကျနော်တို့ကတော့ နားရတာပေါ့။ မီးစင်ကြည့်ကရတာပေါ့ဗျာ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့။"

ပဲခူးတိုင်းမှာတော့ အရေးပေါ်လူနာတင်လာတဲ့ ကယ်ဆယ်ရေးကားတွေကို လိုင်စင်မရှိလို့ တားဆီးစစ်ဆေးတာတွေကြောင့် ကယ်ဆယ်ရေးလမ်းကြောင်းမှာ အခက်အခဲတွေရှိလာတယ်လို့ ပြောပါတယ်။

"ကျနော်တို့ ပရဟိတအသင်းတွေကလည်း အလှူရှင်တွေက လှူဒါန်းထားလို့သာ ကျနော်တို့ကလည်း လုပ်ကိုင်လို့ရတာလေ။ ဒီအရေးပေါ်လူနာတင်ယာဉ် ကားတွေဘာတွေဆိုတာကလည်း ကျနော်တို့မှာ လိုင်စင်ကားတွေက မရှိဘူး၊ နည်းတာပေါ့။ လိုင်စင်ကားတစီးကို လှူဖို့ကျတော့လည်း အလှူရှင်တွေအတွက်က မလွယ်ဘူးလေ။ အဲတော့ ဒီလိုင်စင်မဲ့ယာဉ်တွေနဲ့ပဲ သုံးပြီးတော့ ကျနော်တို့သွားနေရတယ်။ သွားနေတဲ့အပေါ်မှာ သူတို့က အဲလိုတားဆီး စစ်ဆေးတာတွေလုပ်တော့ အများကြီးအခက်အခဲ ဖြစ် သွားတာပေါ့။ ကျနော်တို့အတွက်တင် အခက်အခဲမဟုတ်ဘူး။ ပြည်သူလူထုအတွက်ပါ အခက်အခဲဖြစ်သွားတယ်။"

အာဏာသိမ်းထားတဲ့ကာလအတွင်း အများအကျိုးဆောင်ရွက်ပေးနေတဲ့ ပရဟိတဆောင်ရွက်ပေးနေသူတွေရဲ့ မြေပြင်အခက်အခဲတွေဖြစ်ပါတယ်။ ပရဟိတကူညီဆောင်ရွက်ပေးနေသူတွေကတော့ သူတို့ရဲ့ လူသားချင်းစာနာထောက်ထားတဲ့ လုပ်ငန်းတွေကို အခက်အခဲ အတားအဆီးမရှိ အရင်လိုဆောင်ရွက်ပေးနိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]











===========

XS
SM
MD
LG