သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု အားနည်း


၂၀၀၈ ဖွဲ့စည်းပုံ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု အားနည်း
၂၀၀၈ ဖွဲ့စည်းပုံ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု အားနည်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လူ့အခွင့်အရေး အာမခံချက် အခိုင်အမာ ပေးထားမှု မရှိတာကြောင့် လာမယ့် အစိုးရသစ် အောက်မှာလည်း အရင်လိုပဲ အများပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို နိုင်ငံတော်က ကာကွယ် စောင့်ရှောက်နိုင်မယ့် အခြေအနေ မရှိဘူးလို့ ဒေသတွင်း ဥပဒေရေးရာ အဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံသစ်အရ လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာမယ်လို့ မြန်မာအစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မမှန်မကန် တင်ပြခဲ့တယ်လို့ အဲဒီအဖွဲ့က ဝေဖန်ထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီကို တက်ရောက်ခဲ့တဲ့ နိုင်ငံ အတော်များများဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံသစ်အရ လာမယ့် အခြေအနေမှာ လူ့အခွင့်အရေး တိုးတက်လာနိုင်တယ်လို့ ယူဆနေတာ ရှိတာကြောင့် ALRC အာရှ ဥပဒေရေးရာ အဖွဲ့ကနေပြီးတော့ လူ့အခွင့်အရေးကောင်စီနဲ့ အဖွဲ့ဝင် နိုင်ငံတွေကို ရှင်းလင်းချက် စာတစောင် ပေးပို့ခဲ့တာလို့ သိရပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအောက်မှာ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ဖော်ပြ ရေးသားထားပေမဲ့ ဘယ်လို လက်တွေ့ လုပ်ဆောင်နိုင်တယ်၊ ဒီအခွင့်အရေးတွေကို ဘယ်လို အကာအကွယ်ပေးမယ် ဆိုတာတွေကို အသေးစိတ် မဖော်ပြတဲ့အပြင် သတ်မှတ် အခြေအနေတွေမှာ ဒီအခြေခံ အခွင့်အရေးတွေကို နိုင်ငံတော်က အချိန်မရွေး ရုပ်သိမ်းနိုင်တဲ့ အခွင့်အာဏာတွေပါ ပေးထားတယ်လို့ အဲဒီစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆွေးနွေးပွဲ UPR အစည်းအဝေးအတွင်း မြန်မာကိုယ်စားလှယ် ခေါင်းဆောင် ဦးထွန်းရှင်က အခုရှိတဲ့ ဖွဲ့စည်းပုံအရ လူ့အခွင့်အရေး အာမခံချက်တွေ ပေးထားခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲမှာ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ဖို့ အပိုင်းအဖြတ်ကို အပိုဒ်တခုလုံး အနေနဲ့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ နိုင်ငံသား အားလုံးအတွက် လူ့အခွင့်အရေးတွေ ပေးထားပါတယ်။ တခြားနိုင်ငံတွေမှာ ပေးထားတဲ့ နိုင်ငံသား အခွင့်အရေးတွေအတိုင်း အပိုဒ် ၈ မှာ အခြေခံ လူ့အခွင့်အရေးတွေကို ဖော်ပြထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာရှိရင် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်မယ့် အချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။”

ဒီအခွင့်အရေးအတွက် ပြည်ထောင်စုလွှတ်တော်ချုပ်ထံ လျှောက်ထားနိုင်သလို ပြည်ထောင်စုလွှတ်တော်ချုပ်ကလည်း စာချွန်တော် အမိန့်တွေကို သင့်လျော်သလို ထုတ်ပေးရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ တရားရေးမှာ စာချွန်တော်အမိန့် အလေ့အထ မရှိသလို ဒီအပေါ် နားလည်မှုလည်း အားနည်းတယ်လို့ ALRC က ထောက်ပြပါတယ်။

အဲဒီ ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေးတွေကို သတ်မှတ်ထားတဲ့ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဖြစ်စေရမယ်လို့ ဆိုထားသလိုပဲ ဒီအခွင့်အရေးတွေကို ဘယ်လို အကောင်အထည်ဖော်မယ်၊ အခွင့်အရေးတွေ ထိပါးလာရင် ဘယ်လို အရေးယူမယ် ဆိုတာမျိုးကို တိတိကျကျ ခိုင်ခိုင်မာမာ ဖော်ပြချက် မရှိဘူးလို့ ALRC က မြန်မာရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“အာဏာပိုင်တွေ အနေနဲ့ ဥပဒေအရ အရေးယူနိုင်တဲ့ ကိစ္စရပ်မျိုးတွေဆိုရင် ယူနိုင်တယ်။ ဥပမာ အရေးပေါ် စီမံမှု အက်ဥပဒေအရ သော်လည်းကောင်း၊ ဒါမှမဟုတ် မာရှယ်လော ဥပဒေအရ သော်လည်းကောင်း၊ လူ ၅ ဦးထက် ပိုမစုရဘူးဆိုတဲ့ ဥပဒေတွေအရ သော်လည်းကောင်း ပေါ်ပေါက်လာမယ်ဆိုရင် ဒီလူ့အခွင့်အရေးတွေကို သူတို့ ပြန်လည်ရုပ်သိမ်းနိုင်တဲ့ အခြေအနေ ဖြစ်တယ်။ ဒါကြောင့် အလုံးစုံ ခွင့်ပြုထားတဲ့ လူ့အခွင့်အရေးတွေ မပါရှိဘူးလို့ ကျနော်တို့က ဆိုလိုခြင်း ဖြစ်ပါတယ်။”

လူ့အခွင့်အရေးကောင်စီမှာ မြန်မာအာဏာပိုင်တွေက တင်ပြတဲ့အထဲမှာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်ကြားနိုင်တဲ့စနစ်၊ Complain Mechanism ရှိပါတယ်၊ သူတို့ ထားပါတယ်၊ လက်ခံရရှိပါတယ်လို့လည်း ပြောပါတယ်။ တကယ်တမ်း ၂၀၀၈ ဖွဲ့စည်းပုံမှာရော အဲဒီလို Complain Mechanism ပေါ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ သူတွေက ပြန်လည်တိုင်ကြားနိုင်တဲ့ စနစ်ကို ဘယ်လောက်အထိ ခွင့်ပြုထားလဲခင်ဗျ။

“ပြည်ထဲရေးဝန်ကြီး မောင်ဦး လက်ထက်မှာ လူ့အခွင့်အရေးအဖွဲ့ ဖွဲ့စည်းတယ်။ အဲဒီအဖွဲ့ကို တိုင်ကြားနိုင်တယ်လို့ ကြားရပေမဲ့လည်း အရေးယူ ဆောင်ရွက်တာတွေ တစုံတရာမှ မတွေ့ရဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ဖို့အတွက် အစီရင်ခံစာ ရေးသားတဲ့ အခါမှာတောင် ဌာနပေါင်း ၉ ခုက လူတွေနဲ့ အချိန် ၆ လကျော် ယူပြီးမှ ရေးသားတယ်လို့ ကျနော်တို့ သိရတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ Mechanism ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။

“ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူတာတွေရှိတယ် ဆိုပေမဲ့လည်း ထိရောက်တဲ့ အရေးယူမှု ဘယ်လိုမျိုး ဆောင်ရွက်ခဲ့တယ် ဆိုတာတွေကို သူတို့ ဖော်ပြထားတာ မရှိဘူး။ သတင်းစာတွေထဲမှာ တွေ့ရတဲ့ ကိစ္စရပ်တွေမှာ ကလေးစစ်သား စုဆောင်းတဲ့အခါမှာ အရေးယူလိုက်တယ်၊ ဘယ်နှစ်ဦးကို အရေးယူတယ်။ ဘယ်လိုအရေးယူတယ် ဆိုတာကို ကျနော်တို့ မသိရပါဘူး။ တပ်က ထုတ်ပယ်တာလား၊ ဒါမှမဟုတ် ထောင်ချပြီးတော့ ပြစ်ဒဏ်ပေးလိုက်တာလား။ ဒါတွေကို ဖော်ပြထားတာ မရှိပါဘူး။”

အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာလည်း လူ့အခွင့်အရေး ပြဋ္ဌာန်းချက်တွေ ပါပေမဲ့ တကယ်တမ်း တည်ဆဲဥပဒေတွေ၊ ငြိမ်ဝပ်ပိပြားမှု ဥပဒေတွေက အဲဒီ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို လွှမ်းမိုး သြဇာသက်ရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု အခန်း ၈ မှာ ပြဋ္ဌာန်းထားတယ်ဆိုတဲ့ နိုင်ငံသား အခွင့်အရေးတွေဟာလည်း ဖော်ပြချက် သက်သက်သာ ဖြစ်ပြီးတော့ အခြေခံ လူ့အခွင့်အရေးတွေဟာ လုံခြုံရေးဥပဒေအောက်မှာ ချိုးဖောက်ခံနေရဦးမှာပဲ ဖြစ်တယ်လို့ ပြည်ပရောက် ဥပဒေ ပညာရှင်တွေက ယူဆကြပါတယ်။

XS
SM
MD
LG