သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ICC လွဲှပြောင်းရေး လုံခြုံရေးကောင်စီ ဥက္ကဋ္ဌသစ်ကို တိုက်တွန်း


လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြင်သစ်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Francois Delattre
လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြင်သစ်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Francois Delattre

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) ကို လွဲှပြောင်းနိုင်အောင် ကြိုးပမ်းဖို့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ ၈၀ ကျော်က ဒီနေ့ပဲ ပူးတွဲတောင်းဆိုလိုက်ကြပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်ဆိုပြီး အရေးယူနိုင်ဖို့ တိုက်တွန်းလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း စစ်တပ်နဲ့ လုံခြုံရေး တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေထဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားရတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေရဲ့အရေး အပါအဝင် ရခိုင်၊ ကချင်နဲ့ ရှမ်း စတဲ့ဒေသတွေမှာ စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) ကို လွဲှပြောင်းပေးနိုင်အောင် ကြိုးပမ်းဖို့ ပြည်ပအခြေစိုက် ရိုဟင်ဂျာ၊ ကချင်နဲ့ ကရင် လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့ပေါင်း ၈၄ဖွဲ့က ဒီကနေ့ မတ်လ ၅ရက်နေ့မှာ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် နစ်နာဆုံးရှုံးမှုတွေကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံးကနေ တရားမျှတစွာ စုံစမ်းစစ်ဆေးနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဖိအားပေးတိုက်တွန်းပေးဖို့အတွက် အလှည့်ကျ ဥက္ကဋ္ဌ ပြင်သစ်နိုင်ငံကို တိုက်တွန်းတာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ UN Fact Finding Mission ကနေ ဒီမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှု လုပ်တာရယ်၊ ကျန်တဲ့တိုင်းရင်းသားတွေကို Crimes Against Humanity လူမျိုးတုန်းသတ်ဖြတ်မှု နောက် War Crime ပေါ့နော် စစ်ရာဇဝတ်မှုကျူးလွန်တာတွေ အများကြီး ရှိခဲ့ တယ်ဆိုတာကို သူတို့က ထောက်ပြထားတယ်။ အထူးသဖြင့် ရိုဟင်ဂျာ၊ ကချင်၊ ကရင် တိုင်းရင်းသားတွေကလည်း ဒီလိုမျိုး ခံနေရတော့၊ ကျနေ်ာတို့ အားလုံးက စုပေါင်း ပြီးတော့ ကျနော်တို့ကနေ UN Security Council ကို ပြင်သစ်အစိုးရအနေနဲ့ မြန်မာစစ်တပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကျန်တဲ့ မြန်မာပြည်ရဲ့အခြေအနေကို နိုင်ငံတကာ စစ်ရာဇဝတ်မှု ခုံရုံးမှာ Refer လုပ်ဖို့ တောင်းဆိုထားတာပါ။”

စစ်တပ်ဘက်က ရခိုင်ပြည်နယ်အပါအဝင် ကရင်ပြည်နယ် ၊ ကချင်ပြည်နယ် ရှမ်းပြည်နယ်စတဲ့ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ တိုင်းရင်းဒေသတွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း စစ်ဘေးသင့်ပြည်သူတွေ ဒေသခံတိုင်းရင်းသားတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာတွေလည်း ရှိနေတဲ့အတွက် ဒီပြစ်မှုတွေကိုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးနိုင်ရေးနဲ့ နစ်နာသူတွေအပေါ် တရားမျှတမှုရစေချင်တယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ကရင်အဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ KOA အဖွဲ့ဝင် Saw Greh Moo ကလည်း တောင်းဆိုပါတယ်။

“ International Community ကနေ အရေးယူဖို့ပေါ့နော်။ အဓိက ကတော့ စစ်သားတွေပေါ့နော် Military ရဲ့ စစ်တပ်လက်ထဲမှာ အဲ့လိုဖြစ်တာ ပိုများတယ်လေ။ တကယ်တမ်း ပြဿနာတွေဖြစ်လာရင် Military စစ်တပ်နဲ့ပဲ အများစု ပတ်သက်တာပေါ့နော်။ ရခိုင်ပြည်နယ်မှာလည်း စစ်တပ်ဘဲ လုပ်တယ် ကချင်ပြည်နယ်မှာလည်း လုပ်တယ်။ ရှမ်းပြည်နယ်မှာလည်း လုပ်တယ်။ ပြီးတော့ ကရင်ပြည်နယ်ထဲမှာလည်း တခါတလေဖြစ်တာတွေ ရှိသေးတယ်။”

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံးမှာ တင် စစ်ဆေးနိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွှဲပြောင်းပေးနိုင်ဖို့ ပြင်သစ်နိုင်ငံကို တိုက်တွန်းသလိုပဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တရားမျှတမှုရရေး ဆောင်ရွက်ပေးဖို့ လုံခြုံရေးကောင်စီဝင် တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံ ကိုလည်း တိုက်တွန်းလိုပါတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

“ တရုတ်နဲ့ရုရှားကတော့ တရုတ်က တချို့နေရာတွေမှာ ကန့်ကွက် တာတွေရှိပေမဲ့ လည်း ဒါဟာ သမိုင်းမှာ တခုကျန်ခဲ့မယ်။ ဒီလို Genocide လုပ်နေတဲ့ နိုင်ငံတခုကို Veto ပေးလိုက်ရင် သမိုင်းမှာ သူတို့အတွက် အမည်းစက် တခုကျန်လိမ့်မယ်။ အဲ့တာကိုလည်း သူတို့သာ တကယ်လို့ UN Security Council ကို တခါတည်း Refer လုပ်လိုက်ရင် ဒီမှာ အနေအထားတခု ပြောင်းသွားနိုင်တဲ့ အနေအထားဖြစ်နိုင်တယ်။ ဒါဟာ နိုင်ငံတွေက မားမားမတ်မတ် ကျန်တဲ့နိုင်ငံတွေက မားမားမတ်မတ် Strongly ရပ်တည်ပေးဖို့လိုတယ်။ အဲ့ဒီ့အတွက် ကျနေ်ာတို့က ပြင်သစ်ကို Pressure ပေးတာပါ။”

ဒီလဆန်းမှာပဲ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြင်သစ်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Francois Delattre ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ လမ်းပြမြေပုံအရ အကောင်အထည် ဖော်သွားမယ့်အကြောင်း ပြောဆိုထားပါတယ်။ အလားတူ ဧပြီလမှာ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ဂျာမနီနိုင်ငံကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အရေးကြီးကြောင်း ပြောဆိုခဲ့တာပါ။

ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်တာ မရှိကြောင်း ငြင်းဆန်ထားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG