သုံးရလွယ်ကူစေသည့် Link များ

ကန့်သတ်သွင်းကုန်အမျိုးအစား ဖြေလျှော့


ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ ဒီဇင်ဘာ ၈၊ ၂၀၁၅။

သွင်းကုန်လိုင်စင် လျှောက်ထားမှု တွေလိုအပ်တဲ့ ကုန်စည်လိုင်း ၄၀၀၀ကျော်ရှိတဲ့ အနက်ထဲကနေ ကုန်စည်လိုင်း ၁၅ဝ ကို သွင်းကုန်လိုင်စင် လျှောက်ထားဖို့ မလိုဘဲ သွင်းနိုင်ဖို့ အစိုးရဘက်ကဖြေလျှော့လိုက်ပါတယ်။ ဒီဖြေလျော့မှုတွေက လက်ရှိတိုးတက် နေတဲ့ ကုန်ဈေးနှုန်းကို ကျဆင်းလာနိုင်မလား၊ ကျဆင်းနေတဲ့ စီးပွားရေးကို ဦးမော့နိုင်ဖို့ လုပ်နိုင်မယ့် အချက်တချက်များဖြစ်လေမလားဆိုပြီး ထင်မြင်ချက်တွေရှိလာပါတယ်. ဒီလိုဖြေလျော့မှုက မြန်မာ့သွင်းကုန်ပို့ကုန် လုပ်ငန်းတွေအပေါ်ဘယ်လောက်ထိ တိုးတက်လာမလဲ ဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင်းကသတင်းထောက်မေခက လုပ်ငန်းရှင်တွေဆီက ပြောလာတဲ့သုံးသပ်ချက်တွေကို စုစည်းတင်ပြပေးထားတာပါ။

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အကျုံးဝင်မယ့် ဒီဖြေလျော့မှုဟာအာဆီယံ နိုင်ငံများတွင် ကျင့်သုံးလျက်ရှိတဲ့ လုပ်ငန်းများအရ လည်းကောင်း လိုက်လျောညီထွေ ဖြစ်စေရန်အတွက် သွင်းကုန်လိုင်စင်များကို ဖြေလျှော့တာဖြစ်တယ်ဆိုပြီးတော့လည်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဘက်ကပြောဆိုထားပါတယ်။

ဒီဖြေလျှော့လိုက်တဲ့ ကုန်စည်များမှာ ကော်ဖီ၊ လက်ဖက်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ရော်ဘာနဲ့ရော်ဘာ ဆက်စပ်ပစ္စည်းများ၊ အလူမီနီယမ်နဲ့ဆက်စပ်ပစ္စည်းများ၊ ခဲသတ္တုနဲ့ ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ရထားစက်ခေါင်းများနဲ့ဆက်စပ်ပစ္စည်းများ၊ မော်တော် ယာဉ်များနဲ့ ဆက်စပ်ပစ္စည်းများ ပါဝင်ပါတယ်။

ဒီလို ဖြေလျော့လိုက်တာနဲ့ပတ်သတ်လို့ မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချရေးနဲ့ ထုတ်လုပ်ရေး လုပ်ငန်းရှင် ဥက္ကဌတဦး ဖြစ်တဲ့ဒေါက်တာ စိုးထွန်းကတော့ ဖြေလျော့ မှုကို ကြိုဆိုလိုက်ပြီး ဒီဖြေလျော့မှုအကျိုးဆက်အပေါ်ခုလို မှတ်ချက်ပေးပါတယ်။

“ဒါကတော့ ပြောရရင်တော့ ဘာမှတော့ သွင်းကုန်လုပ်ငန်းကိုတော့ တိုက်ရိုက်သက်ရောက်မှုအများကြီးတော့ မရှိပါဘူး။ ကုန်ပစ္စည်းအသစ်တွေကို သွင်းခွင့်ပေးတာတော့မဟုတ်ဘူးပေါ့နော်၊ နောက်ပြီး ကုန်ဈေးနှုန်းလည်း ၀ှန်းကနဲ ကျမှာတော့ မဟုတ်ဘူးပေါ့နော်။ ကုန်ဈေးနှုန်းကျစေတာနဲ့ မြင့်မားစေတဲ့အချက်တခုမှာ transaction costs လို့ခေါ်တဲ့ မလိုလားအပ်ပဲနဲ့ ကုန်ကျစရိတ်တွေရှိနေတာ။ အဲဒီ transaction costs အလွှဲအပြောင်းဖြစ်အောင် စဉ်းစားတဲ့အနေနဲ့ လုပ်ပေးတာပေါ့နော်။ ဒီအတိုင်း sanction လွတ်လိုက်တာနဲ့ အမေရိကန်က လူတွေ မြန်မာပြည်ထဲ ပြေးလာပြီး Invest လုပ်မယ် အဲဒီလိုတော့ ပြောလို့ မရဘူးပေါ့နော် ။ဒါပေမယ့် လွတ်လိုက်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် ချက်ချင်းဘာဖြစ်မလဲဆိုတာတော့ မပြောနိုင်ဘူးပေါ့နော်။ အခုလည်း အဲလိုပဲပေါ့နော် Import လိုင်စင် လျှောက်ဖို့မလိုတာမျိုးကိုလည်း ကျနော်တို့အနေနဲ့ ကြိုဆိုရမှာပေါ့နော် ကြိုဆိုပါတယ်။ ”

၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များကို ပို့ကုန် ၁၅၂ မျိုးနဲ့ သွင်းကုန် ၁၆၆ မျိုး တို့ကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်ခွင့် ပြုထား

တာတဲ့အပေါ်မှာ ကုန်သွယ်မှုလုပ်ငန်း ပိုမိုမြန်ဆန်ပြီး ကုန်သွယ်မှုလိုငွေ ပြခြင်းကို လျှော့ချနိုင်လာမယ်လို့စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဘက်ကမျှော် လင့်ထားပါတယ်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်းမှာလည်းသွင်းကုန်စည်ပေါင်း ၂၆၇ ခုကို ကင်းလွတ် ခွင့်ပြု ထားပါတယ်။ ခုဆို သွင်းကုန် အမျိုးပေါင်း ၄၀၀ကျော် လိုင်စင်လျှောက်ဖို့မလို တော့ပါဘူး။

ကုန်ဈေးနှုန်းတည်ငြိမ်ပြီး စီးပွားရေးတိုးတက်ဖို့ ကုန်သွယ်မှုလိုငွေပြတာနည်းဖို့က လက်ရှိငွေဈေးတည်ငြိမ်မှုလို တယ်လို့ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါက်တာ ဝင်းမြင့်က သုံးသပ်ပါတယ်။

“သွင်းကုန်တွေ မြန်ခြင်း၊ နှေးခြင်းက ဟိုးအရင်တုန်းကတော့ ကျနော်တို့ လိုင်စင် တစောင်ရဖို့က ၁ လခွဲ ၊ ၂ လလောက်ကြာတာပေါ့နော်၊ ငွေကလည်း ကြိုပြထားရတယ်လေ။ အစောကြီးကတည်းက ကြိုရင်းရတဲ့သဘောမျိုးပေါ့လေ၊ အဲဒါဆိုရင် ဘယ်လိုခေါ်မလဲ ကျနော်တို့က ကုန်ဈေးနှုန်း မြင့်တာပေါ့။ ပြီးခဲ့တဲ့ကာလကတည်းကပါပဲ ကျနော်တို့ ငွေတွေကို ကြိုဖြတ်ရတာမရှိတော့ ၊ ကြိုရင်းရတာမရှိဘူး၊ လိုင်စင်ကလည်း ၁ ရက် ၂ ရက် အများဆုံးကြာ ၃ ရက်ပေါ့လေ အဲဒီလောက်ဆိုရပါတယ်။ ဆိုတော့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ကိစ္စကတော့ လိုင်စင် မြန်ခြင်းနှေးခြင်းနဲ့တော့ သိပ်မဆိုင်ဘူး ဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ အဓိကတော့ ကုန်ဈေးနှုန်း ကြီးမြင့်တာကတော့ နိုင်ငံခြားငွေလဲနှုန်းတချက်နဲ့ပဲဆိုင်ပါတယ်။ ပြောမယ်ဆိုရင်တော့ မြန်မာငွေတန်ဖိုးကျတာပေါ့နော်။ ဒေါ်လာဈေးတက်တာလာလေ တဖြေးဖြေး ကုန်ဈေးနှုန်းကြီးမြင့်မှုတွေရဲ့ အကြောင်းတရားပါပဲ။ ကုန်ဈေးနှုန်သက်သာအောင်ဆိုတဲ့ ကိစ္စမှာတော့ ဒေါ်လာဈေးကို ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ကိစ္စက အဓိက ကျတယ်လို့ ကျနော့်အနေနဲ့ ဆွေးနွေးချင်ပါတယ်။”

လက်ရှိ အမေရိကန်ဒေါ်လာ တန်ဖိုးက ၂၀၁၆ ဒီဇင်ဘာအတွင်း အမြင့်ဆုံးဈေး တစ်ဒေါ်လာမှာ ၁၄၀၀နီးပါး အထိ အမေရိကန်ဒေါ်လာတန် ဖိုးအပြောင်းအလဲဖြစ်လာခဲ့ပါတယ်။ ထိုကဲ့သို့ နိုင်ငံခြားငွေတန် ဖိုး တည်ငြိမ်မှုမရှိခြင်းက လေး နှစ်ဆက်တိုက် ကုန်သွယ်မှုလိုငွေ များခဲ့ခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထောက်ပြနေပေမယ့် အစိုးရက ဒါကို မကိုင်တွယ်နိုင်သေးပါဘူး။

ဆန်စပါး ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် ဦးသောင်းဝင်းကတော့ ဒီဖြေလျော့မှုကို ခုလိုသုံးသပ်လိုက် ပါတယ်။

“အရေးကြီးဆုံးကတော့ နံပတ် ၁ ငွေဈေးငြိမ်ဖို့လိုတယ်။ နံပတ် ၂ ကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာဖို့လိုတယ်။ ချက်ချင်းကြီးပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Process တွေတော့ လွယ်သွားတာပေါ့နော် ကျနော်တို့ လုပ်ငန်းလုပ်ရတဲ့သူတွေအတွက် သက်တောင့်သက်သာ ဖြစ်တာပေါ့နော် အဲဒါလေးတွေက မဆိုးပါဘူး။”

လက်ရှိမှာ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာတဲ့ပမာဏမှာ အရင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၀၀၀ ခန့် လျော့နည်းနေပါတယ်။

XS
SM
MD
LG