သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားရောက် မြန်မာတွေ ကြိုတင်မဲပေး


ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ကြိုတင်မဲပေးရန်ပြင်ဆင်နေတဲ့ အမေရိကန်ရောက် မြန်မာများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)
ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ကြိုတင်မဲပေးရန်ပြင်ဆင်နေတဲ့ အမေရိကန်ရောက် မြန်မာများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် သိပ်ကိုအရေးပါတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်မဲပေးမှုတွေကို ပြည်ပရောက် မြန်မာနိုင်ငံတွေသား လုပ်ဆောင်နေကြပါပြီ။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ LA တို့မှာ စနေနေ့က ကြိုတင်မဲပေးသူအရေအတွက် သိပ်များများစားစား မရှိခဲ့ပါဘူး။ ဒီအထဲမှာ တရားမျှတမှုဆိုတာထက် တာဝန်ကျေချင်လို့ မဲပေးခဲ့ကြသူတချို့လည်း ရှိခဲ့သလို မဲပေးဖို့အားခဲထားပေမဲ့ မဲပေးခွင့် အခွင့်အရေး ဆုံးရှုံးသူတွေလည်း ရှိခဲ့တဲ့အကြောင်းကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာတော့ အောက်တိုဘာလ ၁၇ ရက် စနေနေ့က ကြိုတင်မဲလာပေးသူ ၅၀ လောက် ရှိခဲ့တယ်လို့ သံရုံးမှာ ကိုယ်တိုင်မဲပေးခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သား ကိုငြိမ်းချမ်းက ပြောပြပါတယ်။ ဒီလို မဲလာပေးကြသူအားလုံးက တက်တက်ကြွကြွနဲ့ အပြောင်း အလဲအတွက် မဲလာပေးကြတာလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီလူတွေလို မဲပေးခွင့် အခွင့်အရေး မရခဲ့တဲ့သူတွေလည်း ရှိကြပါတယ်။ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရဲ့မဲပေးခွင့် ၁၃၁ ဦး စာရင်းမှာတချို့ကတော့ နာမည်ပါပေမဲ့လည်း ကြိုတင်မဲစာရွက်မပါတာကြောင့် မဲပေးခွင့် ဆုံးရှုံးခဲ့ကြသလို တချို့ကလည်း တခြားနိုင်ငံတွေက မြန်မာသံရုံးတွေမှာ ကိုယ့်နာမည်စာရင်း သွားပါနေတဲ့အတွက် မဲပေးခွင့် ဆုံးရှုံးခဲ့ကြသူတွေရှိတယ်လို့ ဝါရှင်တန်ဒီစီသံရုံးက ကြိုတင်မဲပေးမှု အခြေအနေနဲ့ပတ်သက်ပြီး ကိုငြိမ်းချမ်း က အခုလို ပြောပြခဲ့ပါတယ်။

“ဒီသံရုံးကတော့ တခြားသံရုံးတွေနဲ့မတူတာက သူတို့ တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းထဲမှာ ပါတဲ့လူတွေကို မဲလာပေးဖို့ အကြောင်းကြားတယ်ခင်ဗျ။ နောက်ပြီးတော့ ဒီမှာဖြစ်သွားတာက တချို့ လူတွေက နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သံရုံးကို ပြန်ပို့လိုက်တဲ့မဲစာရင်းမှာ သူတို့နာမည်တွေက ပါတယ်ခင်ဗျ။ ဒါပေမယ့်သူတို့အတွက် ကြိုတင်မဲပြားက ပါမလာဘူးခင်ဗျ။ အဲဒီလိုမျိုး မပါလာတဲ့လူက ၂၀ ကျော်လောက် ရှိတယ်ခင်ဗျ။ အဲဒီလူတွေကို သံရုံးက ကြိုတင်ပြီးတော့ အီးမေးပို့ပြီးတော့ ခင်ဗျားတို့အတွက် ကြိုတင်မဲပြား ပါမလာပါဘူးလို့ ကြိုတင်အကြောင်းကြားထားတဲ့အတွက် အဲဒီလူတွေကတော့ ရောက်မလာဘူးခင်ဗျ။ ဒါပေမယ့် ကျနော်တွေ့ခဲ့တာကတော့ တချို့လူတွေက သံရုံးကထုတ်ပြန်တဲ့မဲစာရင်းထဲမှာလည်းမပါဘူး၊ ဒါပေမယ့် စင်ကာပူ-မြန်မာသံရုံးက ထုတ်ပြန်တဲ့စာရင်းထဲမှာပါတယ်။ အဲဒီလူတွေက တချို့တွေက လာပေးတယ်။ ဒါပေမယ့် သူတို့က ဝါရှင်တန်သံရုံးကထုတ်ပြန်တဲ့ မဲစာရင်းမှာ မပါတဲ့အတွက် မဲပေးခွင့်မရတဲ့လူတွေလည်း ရှိခဲ့တယ်ခင်ဗျ။ သံရုံးက ဘာပြောလဲဆိုရင် အခုနောက်ဆုံး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာကို ညွှန်းပြီးတော့ အဲဒီစာမှာ ဘယ်လိုပြောထားလဲဆိုရင် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့ကျရင် ဗမာပြည် ပြန်ရောက်နေခဲ့လို့ရှိရင် သူတို့သံရုံးမှာမဲပေးခွင့်မရခဲ့ပါဘူး-ဆိုတဲ့ စာရွက်ထုတ်ပေးပါမယ်-တဲ့။ အဲဒီစာရွက်နဲ့ ဗမာပြည်မှာ မဲပြန်ပေးလို့ရပါတယ်-ဆိုပြီး ပြောတယ်ခင်ဗျ။”

အလားတူ နယူးယောက်မြို့ မြန်မာသံရုံးမှာလည်း မဲပေးသူ ဆယ်ဂဏန်းလောက်သာရှိခဲ့တယ်လို့ မဲဆန္ဒရှင်တဦးဖြစ်တဲ့ ကိုကျော်ထက်က ပြောပြပါတယ်။ သူ့အနေနဲ့ကတော့ ဒီလို ကြိုတင်မဲပေးမှုတွေမတိုင်ခင် မဲဆန္ဒရှင်တွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ပံ့ပိုးပေးမှုမှာ တာဝန်ရှိသူတွေဘက်က အတော်လေး အားနည်းတာကြောင့် မဲပေးခွင့် အခွင့်အရေး ဆုံးရှုံးရသူတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပြောင်းအလဲအတွက် သိပ်ကို အရေးပါလှတဲ့ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိပါ့မလားလို့ တော်တော်များများက စိုးရိမ်ခဲ့ကြသလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေ ထားရှိဖို့ မြန်မာအစိုးရကလည်း ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့ ပြည်ပက ကြိုတင်မဲပေးမှုတွေနဲ့ ပတ်သက်လို့တော့ အဲ့ဒီလို စောင့်ကြည့်တာမျိုး မရှိခဲ့ဘူး လို့ ကြိုတင်မဲပေးခဲ့ကြသူ မြန်မာနိုင်ငံသားတွေက ပြောဆိုကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုကျော်ထက်ကတော့ သူ့ရဲ့အမြင်ကို အခုလို ပြောပြပါတယ်။

“ကျနော် သံရုံးရောက်ပြီး သံရုံးမှာ မဲပေးဖို့ စောင့်နေရင်းနဲ့တော့ အဲလိုမျိုး ကိုယ့်ကို နောက်ကနေပြီးတော့ မဲ မှန်ကန်တယ်၊ မမှန်ကန်ဘူး စောင့်ကြည့်တဲ့သူ တွေတော့ ကျနော် မတွေ့ခဲ့ပါဘူး။ ဒီ မဲ result တွေကို ဘယ်လောက်ထိ ယုံကြည်စိတ်ချရလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဘက်ကတော့ ကိုယ်အတတ်နိုင်ဆုံးလုပ်ပေးထားပြီးပြီပေါ့နော်၊ ကိုယ့်တာဝန်ကို ကိုယ်လုပ်တဲ့အတွက် ကိုယ့်မဲကတော့ အနည်းနဲ့အများတော့ count လုပ်မယ်လို့ မျှော်လင့်ပါတယ်။”

အလားတူ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ရောက် ကိုကောင်းထက်ကလည်း တနင်္ဂနွေနေ့မှာ ကြိုတင်မဲသွားပေးမယ့် သူ့ရဲ့သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။

“ကိုယ့်တာဝန်ကိုယ် ကျေချင်တဲ့အတွက် မဲသွားပေးတဲ့ဟာလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမဲတွေကလည်း သွားစေချင်တဲ့ပါတီဆီ ရောက်ချင်မှရောက်မှာလေ။ အရင်ကတည်းကလည်း အရင်ရွေးကောက်ပွဲတွေမှာ အဲလိုမျိုး မဲလိမ်မှုတွေကလည်း အများကြီးပဲ။ ကျနော်ကတော့ ကိုယ့်တာဝန်သိစိတ်နဲ့ကိုယ် ပေးရမယ်ဆိုပြီးတော့ မနက်ဖြန်သွားပေးမှာပါ။”

အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေအနေနဲ့တော့ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ကို နောက်ဆုံးထားပြီး ကြိုတင်မဲ ထည့်ဝင်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သက်ဆိုင်ရာ မြန်မာသံရုံးရှိတဲ့မြို့တွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် မဲပေးဖို့ သွားလာရ လွယ်ကူပေမဲ့လို့ တခြားပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအတွက်ကတော့ ဒီလို ကြိုတင်မဲ သွားပေးနိုင်ဖို့မှာ အခက်အခဲတွေ ရှိနေကြတာပါ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကတော့ - နိုင်ငံခြားသံရုံးတွေအနေနဲ့ ရွေးကောက်ပွဲ အတွေ့အကြုံ အားနည်းမှု၊ သံရုံးဝန်ထမ်း ကန့်သတ်ချက်ရှိခြင်း တွေကြောင့် အခက်အခဲတွေ ရှိနေတာကို နားလည်ပေးစေလိုကြောင်း - အောက်တိုဘာလ ၁၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG