သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားချင်းစာနာမှု အကူအညီ လိုအပ်တဲ့နိုင်ငံစာရင်း မြန်မာပါဝင်


အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံက လူဦးရေ ၅၇ သန်းကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ၂၀၁၅ ခုနှစ် အတွက် ဒေါ်လာသန်းပေါင်း ၁၆.၄ ဘီလျံလိုအပ်နေကြောင်း ကုလသမဂ္ဂက မေတ္တရပ်ခံလိုက်ပါတယ်။ ဒီ လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ မေတ္တာရပ်ခံချက်ထုတ်ပြန်တဲ့ ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မှုတွေဟာ နှစ်စဉ်မြင့်မားလာနေပြီး ဒီလိုအပ်နေတဲ့ အကူအညီတွေရဖို့ကတော့ တနှစ်ထက်တနှစ် ကျဆင်း သွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ တကမ္ဘာလုံးက ခန့်မှန်းခြေ လူဦးရေ ၇၈ သန်းဟာ အကူအညီတွေလိုအပ်နေတာပါ။ မြန်မာနိုင်ငံတွင်းက လူဦးရေ (၅၃၆,၄၀၀) ကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၁၉၁.၇ သန်း လိုအပ်နေတယ်လို့လည်း ၂၀၁၅ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေး လျာထားချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း အလှူငွေ အလုံအလောက်မရရှိတာကြောင့် ကုလသမဂ္ဂအနေနဲ့ အကူအညီ အလိုအပ်ဆုံးဦးရေ ၅၇.၅ သန်းကိုသာ ကူညီနိုင်မှာပါ။ ဆီးရီးယား၊ တောင်ဆူဒန်၊ အီရတ်နဲ့ Car လို့ခေါ်တဲ့ အလယ်အာဖရိကသမ္မတနိုင်ငံတွေဟာ ရှေ့နှစ်အတွင်း အကူအညီလိုအပ်ဆုံးနိုင်ငံတွေထဲမှာ ဆက်ရှိသွားမှာဖြစ်တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos က ပြောဆိုပါတယ်။

“ဒီနေ့ ကျမတို့မေးနေတဲ့ ရန်ပုံငွေရဲ့ ၇၀ % ဟာ ဒီ လေးနိုင်ငံအတွက်ဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့တိုင်းပြည်တွေရှိပါတယ်။ ဥပမာ အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ ကွန်ဂို၊ ယီမင်နဲ့ မြန်မာ ဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေထဲ ဘာတွေဖြစ်နေလဲဆိုတာကိုကြည့်ရင် ပဋိပက္ခတွေဟာ ဒုတိယတန်းမှာ ထားရမယ့်အနေအထားမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့အနေနဲ့ မကြုံစဖူး အကူအညီတွေလိုအပ်နေတာပါ။

လူဦးရေသန်းပေါင်းများစွာဟာ သူတို့ရဲ့ တိုင်းပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတာ ဒါမှမဟုတ် တခြားတိုင်းပြည်တွေမှာ ဒုက္ခသည်တွေအဖြစ် နေထိုင် နေရတယ်လို့ မစ္စ Amos က ပြောပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကစလို့ ပထမဆုံးအကြိမ်အနေနဲ့ လူဦးရေ သန်း ၅၀ ကျော်ဟာ ပဋိပက္ခတွေကြောင့် အဓမ္မ နေရာရွှေ့ပြောင်းခံခဲ့ကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက လွန်ခဲ့တဲ့နှစ်အတွင်း အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက တရက်ကို လူပေါင်း ၁၄,၀၀၀ ဟာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာတော့ တရက်ကို ၃၂,၀၀၀ အထိ မြင့်မားလာခဲ့တာပါ။ ဒီနှစ်မှာလည်း အရေအတွက် ထပ်တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မြေပြိုရေကြီးမှုတွေကြောင့် ဒုက္ခရောက်သူတွေရှိသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်တွင်းကပဋိပက္ခတွေကြောင့် အကူအညီတွေဆက်လိုအပ်နေပါတယ်။ လူပေါင်း ၂၄၀,၀၀၀ ဟာလည်း အိုးအိမ်မဲ့ဖြစ်နေပြီး လွတ်လွတ်လပ်လပ် သွားလာလို့မရတာကြောင့် အကူအညီတွေပေါ်မှာပဲ မှီခိုနေကြရသူတွေဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် လူသားချင်း စာနာမှု အကူအညီပေးရေး အစီအစဉ်ဟာ ဒီသုံးပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် ဒုက္ခရောက်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီနဲ့ အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres က ဒုက္ခသည်ကယ်ဆယ်ရေး အေဂျင်စီတွေအနေနဲ့ ရန်ပုံငွေသုံးစွဲရာမှာ အထူးသဖြင့်ပစ်ပယ်ထားခံရတဲ့ တိုင်းပြည်တွေအတွက် ထိထိရောက်ရောက် အသုံးပြုသင့်တယ်လို့ ပြောပါတယ်။

“တောင်ဆူဒန်မှာ ဒုက္ခသည် ၂၀၀,၀၀၀ ရှိနေပါတယ်။ ရံပုံငွေ ၁၆၂ သန်းလိုအပ်တယ်ဆိုတာကို ကျနော်တို့ ပြောပြီးပါပြီ။ နှစ်ကုန်ထိ ကျနော်တို့မှန်းထားတဲ့ ၇၅ သန်းကို သုံးပြီးပါပြီ။ ကျနော်တို့ ဘယ်လောက်ရသလဲဆိုတာကို ခင်ဗျားတို့ သိကြပါသလား။ ၁၈ သန်းပါ။ ငွေပမာဏာ အတော်များများ မရဘဲနဲ့ လူတွေ မေ့ထားတဲ့ ပဋိပက္ခတွေအတွင်းက ဒုက္ခသည်ရောက်သူတွေကို ကူညီဖို့ မဖြစ်နိုင်ပါဘူး။”

ကုလသမဂ္ဂက တောင်းဆိုထားတဲ့ ဒီငွေပမာဏဟာ Sahel နိုင်ငံတွေလို့ခေါ်ကြတဲ့ အာဖရိက မြောက်ဘက်စွန်းနားကနိုင်ငံတွေနဲ့ Djibouti အတွက် မပါဝင်ပါဘူ။ ဒီနိုင်ငံတွေအတွက်အကူအညီကို ဖေဖေါ်ဝါရီလမှာ သီးခြား ထပ်မံတောင်းဆိုမှာပါ။ နှစ်လယ်ပိုင်းမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုတွေကို ပြန်လည်သုံးသပ်မှာဖြစ်ပြီး လိုအပ်ရင်လိုအပ်သလို ရန်ပုံငွေလိုအပ်မှုပမာဏာကို ပြင်ဆင်မှာပါ။ ငွေပမာဏ တိုးမြှင့်လှူဒါန်းဖို့ အလှူရှင်နိုင်ငံတွေကိုလည်း ပြောဆိုမှာဖြစ်တယ်လို့ ကုလသမဂ္ဂအရာရှိတွေကပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG