မြန်မာနိုင်ငံဟာ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်း လိုအပ်တဲ့ တိုင်းပြည်တွေထဲမှာ တတိယ ဖြစ်နေတယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ အဓိပ္ပါယ်ရ အိုင်အာစီ အဖွဲ့က ပြောပါတယ်။ အိုင်အာစီ အရေးပေါ် စောင့်ကြည့်စာရင်း ၂၀၂၅ ကို ဒီဇင်ဘာလ ၁၁ ရက်က ထုတ်ပြန်လိုက်ရာမှာ အခုလို ပြောထားတာ ဖြစ်ပါတယ်။
အိုင်အာစီက သူ့အစီရင်ခံစာ ကို ဟန်ချက်ပျက်ယွင်းနေတဲ့ ကမ္ဘာလို့ နာမည်ပေးထားပြီး၊ ဆူဒန်၊ အသိမ်းပိုက်ခံ ပါလက်စတိုင်းဒေသ နဲ့ မြန်မာနိုင်ငံတို့ ဟာ လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်ဆုံး ၃ နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ အလွန်အကျွံ ဆင်းရဲလာတာ အလေးထားသင့်ပါတယ်လို့ အိုင်အာစီ အဖွဲ့ ဥက္ကဋ္ဌ David Miliband က ဆိုပါတယ်။
မြန်မာနိုင်ငံ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၉ သိန်းနီးပါး ရှိနေပြီး၊ ၂၀၂၃ ခုနှစ်ကထက် ၃၇ ရာနှုန်း တိုးများလာတာ ဖြစ်တယ်လို့ အိုင်အာစီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ချိန်ခွင်လျှာက စစ်ဘက်ကို ပို ရောက်လာနေတယ် လို့လည်း အိုင်အာစီက ဆိုပါတယ်။ ဝမ်းရောဂါ နဲ့ တခြား ရောဂါတွေက ခြိမ်းခြောက်နေပြီး၊ ပဋိပက္ခအပြင် မိုးရေကြီးတာနဲ့ သဘာဝ ပတ်ဝန်းကျင်ဘေးကပါ လာမယ့်နှစ်မှာ မြန်မာနိုင်ငံကို အခြေအနေဆိုးထဲ တွန်းပို့နေတယ်လို့ အိုင်အာစီက ပြောထားပါတယ်။
Forum