နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ - ICRC ဟာ မြန်မာနိုင်ငံထဲကို စာနာမှုအကူအညီတွေ နယ်စပ်ဖြတ်ကျော် ပို့ပေးနိုင်ရေးအတွက် စစ်ကောင်စီ၊ အတိုက်အခံ လက်နက်ကိုင်အင်အားစုတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်မြေအများစုမှာ စစ်မက်ဖြစ်ပွားနေတာကြောင့် ၅၅ သန်းရှိတဲ့ တိုင်းပြည် လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ စာနာမှုအကူအညီတွေ လိုအပ်နေပေမယ့် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေနဲ့ သွားလာမှု ခက်ခဲတာတွေကြောင့် အကူအညီတွေ ပို့မပေးနိုင်ဘဲ ဖြစ်နေတယ်လို့ ICRC အကြီးအကဲ Mirjana Spoljaric က ရိုက်တာ သတင်းဌာနကို ဒီကနေ့ ပြောခဲ့တာပါ။
တချို့ဒေသတွေမှာ ဆေးဝါးကုသပေးနိုင်မှု လုံးဝ မရှိတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဒါဟာ လုံးဝ ပြိုကျ ပျက်ဆီးနေတဲ့ အခြေအနေဖြစ်ပြီး သူတို့အနေနဲ့ အကူအညီဘယ်လောက် လိုအပ်တယ်ဆိုတာကိုတောင် သွားရောက် စစ်တမ်းမယူနိုင်တဲ့ အခြေအနေဖြစ်နေယ်လို့လည်း ပြောပါတယ်။
လိုအပ်နေသူတွေထံ အကူအညီတွေ ပို့ပေးနိုင်ရေးအတွက် ICRC အနေနဲ့ သက်ဆိုင်သူ အဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း ICRC အနေနဲ့ အကူအညီတွေ ဒီထက်ပို ပေးပို့နိုင်စွမ်းရှိတဲ့အကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း အကူအညီလိုအပ်တဲ့နေရာတွေကို အရောက်သွားဖို့ အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကတော့ အာဆီယံ စာနာမှုအကူအညီပေးရေး အစီအစဉ်ရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ ထိုင်းနိုင်ငံက မြန်မာပြည်အတွက် စာနာမှုအကူအညီတချို့ ပို့ပေးခဲ့ဘူးပါတယ်။
Forum