သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြားခက်ခဲနေတဲ့ မောင်တောဒုက္ခသည်များ


အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့က မောင်တော၊ လသာရွာမှ ရွာသူရွာသားများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်း
အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့က မောင်တော၊ လသာရွာမှ ရွာသူရွာသားများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်း

စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ မောင်တောမြို့နယ်ထဲမှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ဒေသခံအများအပြားကို AA ကကယ်ထုတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ AA ဘက်ကထုတ်ပြန်ထားပါတယ်။ ရိုဟင်ဂျာအများစုပါဝင်တဲ့ ဒေသခံတွေကို ကယ်ဆယ်တာဟာ ဟန်ပြ လုပ်တာလို့ ရိုဟင်ဂျာတချို့က စွပ်စွဲပါတယ်။ နေရပ်စွန့်လာရတဲ့ မောင်တော ဒေသခံတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲကြုံနေကြရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဆက်လက်တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့နယ်ထဲမှာ ရိုဟင်ဂျာအများဆုံးပါဝင်တဲ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေကို AA ဘက်က ဩဂုတ်လ ၇ ရက်နေ့ကစပြီး ကယ်ထုတ်ပေးနေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။ စစ်ပွဲတွေကြားကနေ ဒေသခံတွေကို AA က ကယ်ဆယ်ပေးတာမှန်ပေမဲ့ ကယ်ထုတ်ခံရတဲ့ ရိုဟင်ဂျာတွေမှာ ပါလာတဲ့ တန်ဖိုးရှိပစ္စည်းတွေကို သိမ်းယူတာတွေရှိတယ်လို့လည်း မောင်တောကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာတဦးက ခုလိုပြောဆိုပါတယ်။

“ မြို့ထဲမှာရှိတဲ့လူတွေကို ပထမနေ့ ရ ရက်နေ့မှာသူတို့ လူတထောင်လောက်ကို ထုတ်တယ်၊ နောက်ပြီးတော့ ၈ ရက်နေ့မှာ တခါထုတ်တယ်၊ ၉ ရက်နေ့မှာ တခါထုတ်တယ်၊ နောက်ပြီးတော့ ၁၂ရက်နေ့မှာ တခါထပ်ထုတ်တယ်၊ ဆိုတော့ ဒီလူတွေကို ထုတ်ရင်း ထုတ်ရင်းနဲ့ မြို့ထဲမှာ မထွက်သေးတဲ့ သူတွေကို သူတို့ တိုက်တယ်၊ အဲလိုလုပ်နေတော့ လူတွေက မနေနိုင်တော့ နောက်ဆုံးထွက်သွားရတယ်၊ ထွက်သွားတဲ့ ဟာကို သူတို့ ဝင်ပြီးတော့မှ ကူညီကယ်ဆယ် သလိုနဲ့ အဲလိုလုပ်တာတွေ ရှိတယ်။ ဓာတ်ပုံရိုက်တာတွေရှိတယ်ပေါ့။နောက်ပြီးတော့ ဘာတွေ လုပ်လဲဆိုတော့ မြို့က အပြင်ကို ရောက်တာနဲ့ သူတို့ဆီမှာ ရှိနေတဲ့ ဒီ ရွှေတွေ ငွေတွေ ဆိုင် ကယ်တွေပြီးတော့ သူတို့မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေသူတို့နဲ့အတူပါသွားတဲ့ဟာကို အကုန် လုံးကို သူတို့က သိမ်းယူလိုက်တယ်။”

အခုလို စွပ်စွဲချက်နဲ့ပတ်သက်လို့ AA ဘက်ကို ဆက်သွယ်မေးပေမဲ့ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။ ကယ်တင်ပေးထားတဲ့ ရိုဟင်ဂျာတွေကို AA ဘက်က စားနပ်ရိက္ခာ ထောက်ပံ့တာတွေ နေရာထိုင်ခင်းတွေ စီစဉ်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းဌာနာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ရိုဟင်ဂျာတချို့ကလည်း AA ထောက်ပံ့မှုတွေကို အနည်းစုလောက်သာ ရရှိတာဖြစ်ပြီး အများစုကတော့ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ ပြောပါတယ်။

“ တချို့လူတွေက ဇင်ဘိုင်ယာတို့ ဟာဘီရာတို့ နောက်ပြီးတော့ ပဒေါင်းတို့ဘာတို့ ကိုလူတွေ ရောက်သွားတာရှိတယ်၊ အဲဒီထဲက လူတချို့ကို သူတို့က ဥပမမာ လူ၂ထောင် လောက် ရောက်သွားတယ်ဆိုလိုရှိရင် သူတို့က မိသားစု ၂ဝ လောက်ကိုစားနပ်ရိက္ခာတွေပေးတယ်၊ ပေးတာက ဆီတပုလင်းရယ် ဆန် တပြည်ခွဲရယ် တမိသားစုကို အဲလိုပေးတာရှိတယ်။ အားလုံးကိုမဟုတ်ဘူး၊ နောက်တခုက သူတို့ကမနေ့က တာပေါ်လင် အလိပ်အရှည်ပေါ့နော် အဲတာကို မိသားစု ၂ဝ အုပ်စုကိုပေးတာလည်းရှိတယ်။”

အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့က မောင်တော၊ လသာရွာမှ ရွာသူရွာသားများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်း
အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့က မောင်တော၊ လသာရွာမှ ရွာသူရွာသားများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်း

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ မောင်တောဒေသဟာ ရိုဟင်ဂျာအများဆုံးနေထိုင်တဲ့ ဒေသတခုဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ရိုဟင်ဂျာတွေအပေါ် စစ်ကောင်စီနဲ့ AA နှစ်ဘက်စလုံးက အကြမ်းဖက်လုပ်ရပ်တွေ ရှိနေတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြကြပါတယ်။ တဘက်မှာလည်း မောင်တောဒေသမှာ စစ်ကောင်စီနဲ့ AA အပြင် စစ်ကောင်စီသင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေလည်း ရှိနေတာကြောင့် အခြေအနေတွေက ရှုပ်ထွေးနေတာပါ။

ပြီးခဲ့တဲ့ လတွေက ဘူးသီးတောင်၊ မောင်တောဒေသအခြေအနေကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ရခိုင်ဒေသခံတဦးကတော့ AA ထိန်းချုပ်နယ်မြေတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ လုံလုံခြုံခြုံရှိကြတယ်လို့ ပြောပါတယ်။

“မြေပြင်အခြေအနေကို ကျနော်သိရသလောက်ဆိုရင် AA ထိန်းချုပ်မှုအောက်မှာရှိနေကြတဲ့ မွတ်ဆလင်တွေအနေနဲ့ ဘာမှစိုးရိမ်ကြောင့်ကြနေတာမျိုးကျနော်တို့ မတွေ့ရဘူး၊ အထူးသဖြင့်ကတော့ ပထမဆုံးသူတို့ အသက်ရှင်လွတ်မြောက်လာတဲ့ အတွက်ဝမ်းသာတယ်၊ နောက်တခုကတော့ လက်ရှိမှာလည်း သူတို့က စိတ်လုံလုံခြုံခြုံနဲ့သူတို့က နေထိုင်နေရတဲ့ အတွက် အဆင်ပြေတယ်လို့ ကျနော်တို့ မြင်ရတယ်။”

လက်ရှိနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာအတွေအနေနဲ့ သူတို့နေရပ်ကို ပြန်ခွင့်မရမှာကို စိုးရိမ်နေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ သူတို့ရဲ့ စိုးရိမ်ချက်တွေက ဘူးသီးတောင်မောင်တောကနေ ထွက်လာရတဲ့ အနေအထားမှာ သူတို့ ပြန်ဝင်ခွင့်မရမှာကို စိုးရိမ်နေကြတယ်လို့ ကျနော်မြင်တယ်၊ ဆိုတော့ အခြေအနေတ ခုခုကြောင့် ဒီနယ်မြေကနေ ထွက်လာရတယ်ဆိုပေမယ့် ဒါက ပြန်ပြီးတော့ နေရာချတဲ့အခါ အဆင်ပြေသွားမယ်လို့ထင်တယ်ပေါ့နော်၊ အဲတာကို အခုကတည်းက စိုးရိမ်ပြီးတော့ အပြစ်တင်နေမယ်ဆိုရင် ဒါက မလိုအပ်တဲ့ ပြဿနာတွေ နောက်ဆက်တွဲ အများကြီး ဖြစ်လာနိုင်တယ်လို့ မြင်တယ်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာကနေ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ရမ်းဗြဲမြို့နယ်တွေကို AA ဘက်က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့်လည်း AA ထိန်းချုပ်နယ်မြေ တွေကို စစ်ကောင်စီက မကြာခဏ လေကြောင်းကနေ တိုက်ခိုက်တာတွေရှိနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ် မပြန်နိုင်ကြသေးတာလည်းဖြစ်ပါတယ်။ လက်ရှိရခိုင်ပြည်နယ်မှာ ရှိနေတဲ့ရိုဟင်ဂျာတွေသာမက သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘေးကင်းမယ့်နေရာတွေမှာ နေထိုင်နေကြတာပါ။ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီ တွေလည်းမရရှိကြသလို တခြား ကျန်းမာရေး ပညာရေး စီးပွားရေး စတဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG