သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းရန်ကြောင့် ကရင်နီဒေသ စာသင်ကျောင်းများယာယီပိတ်​​​​​​​


ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း နှစ်ကျောင်း
ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း နှစ်ကျောင်း

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေတိုးလာတာကြောင့် ကရင်နီဒေသစာသင်ကျောင်းတွေကိုယာယီပိတ်ထား ရပါတယ်။ ကယားပြည်နယ် ဒေသအခေါ် ကရင်နီဒေသမှာ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေစုပေါင်းဦးစီးပြီး ကြားကာလဖွင့်ထားတဲ့ စာသင်ကျောင်းပေါင်း ၄၅၀ ရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၄၆,၀၀၀ကျော်ရှိပါတယ်။ ကရင်နီဒေသက စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အခြေအနေ ရန်ကုန်ဘက်က သတင်းပေးပို့တာကိုနန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လွိုင်ကော်မြို့ ဒေသစစ်ကွပ်ကဲရေးဌာနချုပ်ကို ရောက်ရှိခဲ့ပြီးနောက် ကရင်နီဒေသတခွင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာပါတယ်။

စက်တင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ ကို နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲလို့အရပ်သားတဦးသေဆုံး၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် ၇ လုံး၊ ပြည်သူပိုင်ဌာနဆိုင်ရာ ရုံးတရုံး နဲ့ကျောင်းဆောင်တဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက်မှာလည်း ဖယ်ခုံက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးသူငယ် ၇ ဦးအပါအဝင် ၁၀ ဦး သေဆုံး၊ အယောက် ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ကလေး ၇ ဦးဟာ ကျောင်းသားကျောင်းသူတွေ ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။ အခုလို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာကြောင့် ကျောင်းသူ ကျောင်းသားတွေလုံခြုံရေးအတွက် ကရင်နီဒေသစာသင်ကျောင်းအားလုံးကို ယာယီပိတ်ထားလိုက်ရတာလို့ သိရပါတယ်။ စစ်ကောင်စီဟာ အရပ်သားအများအပြားရှိတဲ့စစ်ရှောင်စခန်းတွေ၊ ဆေးရုံ ဆေးပေးခန်းနဲ့ စာသင်ကျောင်းလို နေရာမျိုးတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

“တိုက်ခိုက်ခြင်းခံရတဲ့အထဲမှာကြည့်ရင် အခုနောက်ပိုင်း လူစုလူဝေးဖြစ်တဲ့နေရာတွေကို စစ်ကောင်စီကရွေးပြီးတော့တိုက်ခိုက်လျက်ရှိတော့ အဲ့ဒီထဲမှာ ကျောင်းတွေက အဓိက တခုပါတယ်ပေါ့နော်။ ကျောင်းတွေမှာ ကလေးအားလုံးကကျောင်းတွေတက်တာ- စုနေတဲ့အတွက်ကြောင့်မို့ တစုံတရာတိုက်ခိုက်မှုရှိပြီးဆိုရင် ထိခိုက်သေဆုံးမှုက အရမ်းကို မြင့်တယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မို့ ကျနော်တို့ကတော့ ဒီကျောင်းတွေကို ပိတ်ထားခြင်းဟာ လူစုလူဝေးရှိနေတဲ့ ပုံစံကိုကျနော်တို့ လျှော့ချရာရောက်တယ်။ အန္တရာယ်ကို ကာကွယ်တဲ့ အနေနဲ့ပဲပေါ့နော်။”

အခုရက်ပိုင်း နေ့စဉ်နဲ့အမျှ ကင်းထောက်လေယာဉ်တွေ လာနေတယ်လို့ ဒီးမော့ဆိုမြို့နယ်မှာ စာသင်ကြားနေတဲ့ ဆရာမတဦးကလည်း ဗွီအိုအေကို ပြောပါတယ်။ လေယာဉ်သံကြားလို့ ကျောင်းသားကလေးတွေ စာသင်လို့မရဘဲ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆရာမ က ပြောပါတယ်။

“အခုလောလောဆယ်ကတော့ လက်နက်ကြီးတော့ မကြားရဘူးပေါ့နော်။ ဒါပေမယ့် လေယာဉ်ကတော့ အမြဲတမ်းလိုလိုသွားနေတယ်။ တိုက်လေယာဉ်မဟုတ်ပေမယ့် ကင်းထောက်လေယာဉ် အမြဲတမ်းလိုလိုသွားနေတဲ့အတွက် လေယာဉ်သံကြားပြီဆိုတာနဲ့ စာသင်နေရင်းနဲ့ စိတ်ကမလုံတော့ဘူး၊ အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်။ အဲ့ခါကျတော့ အမြဲတမ်းထွက်ထွက်ကြည့်မိတယ်။ အဲ့လိုဖြစ်တော့ စိတ်ပိုင်ဆိုင်ရာ ဆိုရင်လည်း မလုံခြုံဘူးလို့ ပြောရမှာပေါ့နော်။ အဲ့လိုမျိုး လေကြောင်းအန္တရာယ် တိုက်ခိုက်မှုတွေ ဖြစ်လာတော့ လုံခြုံရေးအရ ခုလောလော ဆယ်တော့ ပိတ်ထားပါတယ်။ (ဗုံးကြဲမှု) မြင်ဖူးတဲ့ကလေးတွေ သတင်းထဲကြည့်ဖူးတဲ့ ကလေးတွေကျတော့ လေယာဉ်သံကြားပြီးဆိုတာနဲ့ အရမ်းကြောက်ပြီးတော့စာသင်လို့မရတော့တာမျိုးတွေ ရှိပါတယ်ရှင်။”

ကျောင်းနေအရွယ်ကလေးတွေ ပညာရေးမဆုံးရှုံးရအောင် ကရင်နီပြည်နယ်ထဲ နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေကစုပေါင်းဦးစီးပြီး ဖွင့်ထားတဲ့ စာသင်ကျောင်း စုစုပေါင်း ၄၅၀ နဲ့ ကျောင်းသားကျောင်းသူ အရေအတွက်က ၄၆,၀၀၀ကျော် ရှိပါတယ်။ လေကြောင်း အန္တရာယ်ကြောင့် စာသင်ကျောင်းအားလုံးကို ကနဦး ၁၀ ရက် ယာယီပိတ်ထားတာဖြစ်ပါတယ်။ အခုလို စာသင်ကျောင်းယာယီပိတ်ရတာဟာ ကျောင်းသားကလေးငယ်တွေ ပညာရေးထိခိုက်နစ်နာရတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

“သေချာတာတခုကတော့ ကလေးတွေရဲ့ ပညာရေးကိုတော့ ထိခိုက်တာပေါ့နော်။ ဒီအချိန်ကာလမှာ ပုံမှန်ကျောင်းတက်ရမယ့်အခြေအနေမှာ ကျောင်းပိတ်ချတော့ ကလေးတွေရဲ့ သင်ရိုးညွှန်တန်းတွေ ကျနော်တို့ ပြည့်မီဖို့အတွက် အခက်အခဲစိန်ခေါ်မှု ဖြစ်တာပေါ့နော်။ စစ်ကောင်စီကနေ ပရမ်းပတာ လိုက်ပြီးဗုံးကြဲနေတဲ့အပေါ်မှာတော့ ကျနော်တို့ စိုးရိမ်တဲ့အတွက်ကြောင့်မို့ ကျောင်းကို ယာယီပိတ်ခိုင်းလိုက်ရတာကြောင့်လည်း ကလေးတွေရဲ့ ပညာရေးကို ထိခိုက်သွားတာပေါ့နော်။"

တိုက်ရိုက် လင့်ခ်

အခုရက်ပိုင်းအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာရာမှာ အရပ်သားတွေရှိတဲ့ပစ်မှတ်တွေကိုပါ တိုက်ခိုက်တာတွေ့ရပါတယ်။ ဒါကြောင့်လည်း လေကြောင်းရန်ကာကွယ်ရေးနဲ့ အသိပညာပေးမှုအကူအညီတွေ အထူးပဲ လိုအပ်နေတယ်လို့ ဒေသခံ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

Forum

XS
SM
MD
LG