သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း မြန်မာနိုင်ငံက စာသင်ကျောင်းတွေ အတိုက်ခိုက်ခံရ


စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ်အတွင်း စာသင်ကျောင်းတကျောင်းကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တဦး (စက်တင်ဘာ ၁၇၊ ၂၀၂၂)
စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ်အတွင်း စာသင်ကျောင်းတကျောင်းကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တဦး (စက်တင်ဘာ ၁၇၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း စာသင် ကျောင်းတွေ တိုက်ခိုက်ခံရမှု အကြိမ် ၂၀၀ နီးပါးရှိပြီး၊ သေဆုံးဒဏ်ရာရသူ ရာဂဏန်းရှိတယ်လို့ ပညာရေးနဲ့ မြန်မာနိုင်ငံအရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာကို AP သတင်းဌာနက စုစည်းပြီး စနေနေ့မှာ ဖေါ်ပြပါတယ်။

Myanmar Witness အဖွဲ့က စာသင်ကျောင်း တိုက်ခိုက်ခံရမှုပေါင်း ၁၇၆ ကြိမ်ရှိခဲ့တယ်လို့ ဖေါ်ပြထားပြီး၊ ၆၄ ကျောင်း တိုက်ခိုက်ခံရမှုနဲ့ သေဆုံးထိခိုက် ဒဏ်ရာရသူ စုစုပေါင်း ၁၀၆ ဦး ရှိတာကို မှတ်တမ်း ပြုစုထားနိုင်တယ်လို့ဖေါ်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် Center for Information Resilience ကတော့ တက္ကသိုလ်နဲ့ စာသင်ကျောင်း တိုက်ခိုက်ခံရမှုပေါင်း ၁၇၄ ကြိမ်ရှိတယ်လို့ဖေါ်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ပညာရေး ကာကွယ်စောင့်ရှောက်မှုအဖွဲ့ Global Coalition to Protect Education from Attack အဖွဲ့ကတော့ စာသင်ကျောင်း တိုက်ခိုက်ခံရမှု တင်ပြချက် ၂၄၅ ကြိမ်ရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း စာသင်ကျောင်းတွေကို စစ်တပ်တွေက အသုံးပြုမှု တင်ပြချက် ၁၉၀ ကို စာရင်းပြုစုထားပါတယ်။

ကြားကာလညွန့်ပေါင်းအစိုးရ NUG ကလည်း ပဋိပက္ခအတွင်း လုံခြုံရေးတပ်ဖွဲ့တွေကြောင့် အသက် ၁၈ နှစ်အောက်ကလေး ၅၇၀ ကျော် သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန္နဝါရီလထဲတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းတဲ့ Armed Conflict Location and Event Data Project အဖွဲ့ကတော့ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၈ ထောင်ကျော်ရှိသွားပြီလို့ ဖေါ်ပြထားပါတယ်။

စာသင်ကျောင်းတွေ အတိုက်အခိုက်ခံရမှုနဲ့ ထိခိုက်ဒဏ်ရာရှိမှုတွေဟာ အများအားဖြင့် မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ Myanmar Witness အဖွဲ့ပြောဆို ထားပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေရှိပေမယ့် အကြိမ်ရေ အများကြီး နည်းတယ်လို့လည်း ဖေါ်ပြ ထားပါတယ်။ အာဏာသိမ်း စစ်ကောင်စီကတော့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်တယ်ဆိုတာမျိုးကို ငြင်းဆို လေ့ရှိပါတယ်။

ကိုဗစ် ၁၉ စတင်ဖြစ်ပွားတဲ့ ၂၀၂၀ ခုနှစ်ကနေ စစ်တပ်က အာဏာသိမ်းပြီး နောက်တနှစ် ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ်တွေ ကျောင်းအပ်တာ ၈၀ ရာနှုန်းအထိ လျော့ကျခဲ့ပြီး၊ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ တိုင်းပြည်မှာရှိတဲ့ ကလေးဦးရေရဲ့ထက်ဝက် ၇ ဒဿမ ၈ သန်းဟာ ကျောင်းမတက်နိုင်ကြဘူးလို့ Save the Children အဖွဲ့က ဖေါ်ပြ ထားပါတယ်။

လူငယ်တွေနဲ့ ကျောင်းသားတွေဟာ ကျောင်းမတက်နိုင်ကြပဲ တော်လှန်ရေးထဲ ပါဝင်နေတာတွေရှိသလို၊ ထောင်နဲ့ချီတဲ့ ဆရာ ဆရာမတွေဟာလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ကြပါတယ်။ ပဋိပက္ခအတွင်း စာသင်ကျောင်းတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာနေပြီး ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး ကို ပိုဆိုးသွားစေတယ်လို့လည်း အစီရင်ခံစာတွေမှာ ဖေါ်ပြထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ပဋိပက္ခ အတွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၃ သန်းကျော်ရှိပြီး သန်းပေါင်းများစွာသော ကလေးတွေဟာ ကျောင်းမတက် နိုင်ကြဘူးလို့လည်း နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေက ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ဖေါ်ပြချက်အရ မြန်မာနိုင်ငံ ကလေးငယ် ၃၅ ရာနှုန်းဟာ အစားအစာ မလုံလောက်မှုနဲ့ ကြုံတွေ့နေရပြီး၊ ကလေးအားလုံးရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG