သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါက်မြို့နယ်တွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံတချို့ ထိခိုက်


မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ (၇ )ရက်ကစလို့ တပတ်ကျော်ကြာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ပုံ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ (၇ )ရက်ကစလို့ တပတ်ကျော်ကြာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ပုံ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်းပျက်စီးမှု ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ နောက်ထပ်လုပ်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ မေ ၄ ရက်နဲ့ ၅ ရက်နေ့တွေက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မေ ၅ ရက် ညနေပိုင်းကတော့ ပေါက်မြို့နယ်နဲ့ ထီးလင်းမြို့ကြားက ဆေးကြီးတောင်ပေါ်ကို လေကြောင်းကနေ ၄ ကြိမ်တိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဆေးကြီးတောင်ပေါ့ အဲ့ဒါက ၅ ရက်နေ့ ကြဲတာပေါ့။ နေရာ ၂ ခုကို အကြမ်းဖက် စစ်ကောင်စီရဲ့ တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၄ ကြိမ်ပေါ့နော် တိုက်ခိုက်မှုလုပ်ခဲ့တယ်။ တိုက်ပွဲမရှိဘဲနဲ့ သက်သက်လာကြဲတာပေါ့။ အဲ့ ၅ ရက်နေ့ကြဲတာမှာ ကျနော်တို့ဘက်က ပကဖ ရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရတယ်ပေါ့နော်။ အသေးစိတ်အခြေအနေက ကျနော်တို့ စီစစ်ဆောင်ရွက်ဆဲဖြစ်တာပေါ့။"

မေ ၄ ရက် စနေနေ့ ညပိုင်းကတော့တော့ ပေါက်မြို့နယ်တောင်ပိုင်းက နေရာ ၃ ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရသလို ဒေသခံတချို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကျေးရွာသားတဦးက ပြောပါတယ်။

"ကျနော်တို့ သီးခြောက်(ရွာ)၊ ဇီးတော တောင်ဘက်နား သစ်ညီနောင်ရယ်၊ ကျားပစ်ကန်ရယ်၊ သစ်ရာတွင်းရယ် ကြားထဲပေါ့။ ၃ နေရာ ပစ်ခတ်သွားတာပေါ့ လေယာဉ်နဲ့။ သီးခြောက်က စာသင်ကျောင်းကိုပစ်တာပေါ့။ စာသင်ကျောင်း တလုံး ကျောင်းဆောင်တဆောင်လုံး ပျက်စီးတယ်။ နေအိမ် တလုံးပျက်စီးတယ်ပေါ့။ အဲ့မှာက ပေါင် ၅၀၀ လို့ ယူဆရတာ ၂ လုံးပေါ့ဗျာ။ ကျင်းခွက်ကို ရင်ဘတ်လောက်ရှိတာကို တပြိုင်နက် ၂ လုံးလုံး ပစ်ချခဲ့တာ။ ပစ်ခတ်မှုဖြစ်ပြီးတော့ ဒီနားမှာဆိုရင် လေယာဉ်သံကြားတိုင်း ကျီးလန့်စာစားကို ဖြစ်နေတော့တာ။"

ပေါက်မြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဆောမြို့နယ် ကျောက်ထုဒေသက မိအယ်ရွာကိုလည်း မေ ၅ ရက် ည ၁၀ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရှိပြီး နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။ မေ ၆ ရက်မှာတော့ ကျောက်ထုဒေသမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးတွေပစ်ခတ်လို့ နတ်ရဲကျေးရွာက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG