စစ်တပ်ကအာဏာသိမ်းခဲ့တာ ၃ နှစ်တာကာလကို ရောက်ရှိလာတဲ့အချိန်မှာပဲ တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး စစ်ဘေးတိမ်းရှောင်သူတွေနေရပ်ပြန်ချင်ပေမယ့် မပြန်နိုင်ဘဲရှိနေကြပါတယ်။ အချိန်ကာလကြာမြင့်လာတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့လူမှုစီးပွားဘဝတွေ ပိုပြီးခက်ခဲလာသလို အလုပ်လက်မဲ့နဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ပြဿနာတွေ ကြုံတွေ့လာရပါတယ်။ အာဏာသိမ်းတာ ၃ နှစ်ရှိလာချိန် စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဖေဖော်ဝါရီတရက်နေ့ဟာ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းချိန်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေကို အကြမ်းဖက်ဖြိုခွဲခဲ့လို့ လူအများအပြား သေဆုံးခဲ့ပြီးတဲ့နောက်မှာ မြန်မာပြည်အနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြရာကနေ နိုင်ငံ့နေရာတော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်လာပြီးတဲ့နောက် စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးတွေအတွင်း ခန့်မှန်းခြေ အရပ်သား ၂.၆ သန်းကျော်ဟာ အိုးအိမ်တွေစွန့်ခွါခဲ့တိမ်းရှောင်ခဲ့ရပါတယ်။ ကရင်နီပြည်နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေး အကောင်အထည်ဖော်ချိန်မှာ တိုက်ပွဲတွေဟာ လွိုင်ကော်မြို့ပေါ်အထိပါ ရောက်ရှိလာခဲ့ပြီး တမြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။
လွိုင်ကော်မြို့မြို့ခံ စစ်ဘေးရှောင်တဦးဖြစ်တဲ့ ကိုထက်ကတော့ နေရပ်ကို ပြန်ချင်တယ်လို့ သူ့ဆန္ဒကို အခုလို ပြောပြပါတယ်။
“လွိုင်ကော်ကနေ စစ်ဘေးရှောင်ရမယ်လို့ တခါမှ မထင်ထားပါဘူး။ အခုလို ရှောင်လာရတော့ အရမ်းကြီး ပြန်ချင်တာပေါ့။ ကိုယ့်အိမ်နဲ့ကိုယ်ဆိုတော့ ဘယ်နေရာပဲနေနေ ကိုယ့်အိမ်လောက် နွေးထွေးမှုမရှိဘူးလေ။ ပြန်လို့ကမရဘူး။ သူများအိမ်မှာနေတော့လည်း ရေရှည်ဆိုတော့လည်း အဆင်မပြေဘူးလေ။ အရမ်းအားနာရတယ်။ သူများကတော့ ဘာမှမပြောဘူး။ ကိုယ့်ကိုယ် စိတ်ကမပျော်ဘူး။ ကိုယ့်အိမ်ကိုယ်ပဲ အမြဲသတိရနေတာပေါ့။ အိမ်က အခုရှိလား မရှိလားလည်း မသဲကွဲတော့ဘူး။ ရေရှည် ဘယ်လောက်ထိ နေရမယ်မှန်းလည်း မသိဘူး။ အရမ်းတော့ အခက်အခဲဖြစ်တယ်။”
စစ်တပ်က အာဏာသိမ်းတာ ၃ နှစ်ပြည့်ချိန်မှာပဲ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်တာလာတဲ့အတွက် မြို့ခံတွေဟာ နေအိမ်တွေကို စွန့်ခွါတိမ်းရှောင်နေကြရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာတော့ စစ်တပ်နဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ နေရာယူထားကြပြီး ၂ ဘက် စစ်ရေးတင်းမာနေတာပါ။
ချင်းပြည်နယ် ထန်တလန်မြို့က ဒေသခံတွေဟာဆိုရင်လည်း ၂၀၂၁ စက်တင်ဘာလကတည်းကစလို့ မြို့ကို စွန့်ခွါပြီး စစ်ဘေးရှောင်နေရတာ အချိန်ကာလအားဖြင့် ၂ နှစ်ကျော်ရှိလာပါပြီ။ မြို့ရဲ့အိမ်ခြေ ၃ ပုံ ၂ ပုံဟာ မီးလောင်ပျက်စီးခဲ့ရပြီး လုံးဝနေထိုင်လို့မရလောက် အောင် မြို့ပျက်ကြီးတခုလို ဖြစ်သွားပါတယ်။ ၂ နှစ်ကျော် စစ်ဘေးတိမ်းရှောင်နေရတာဖြစ်လို့ နေရပ်ကို ပြန်ချင်ပေမယ့် ပြန်လို့မရတဲ့အခြေအတွေကြောင့် တိုက်ပွဲတွေကို ပြီးဆုံးစေချင်တယ်လို့ ထန်တလန်စစ်ဘေးရှောင်တဦးက အခုလို ပြောပြပါတယ်။
“ပြန်လို့ရတယ်ဆိုရင် ဒီနေ့ ချက်ချင်းတောင်ပြန်ချင်တာ။ ဒါပေမယ့် အဲ့လိုအခြေအနေလည်း မဟုတ်သေးဘူး။ အခုချက်ချင်းတောင် ပြီးစေချင်ပြီ။”
စစ်ဘေးရှောင်တွေဟာ နေအိမ်တွေမီးလောင်သွားတဲ့အတွက် ပြန်ဖို့မရှိတော့ဘဲ တောတောင်တွေထဲ နေထိုင်နေရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးကတည်းကစလို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ ချင်းပြည်နယ်ထဲမှာ နေအိမ် ၂,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး သိန်းနဲ့ချီတဲ့ အရပ်သားတွေ စစ်ဘေးရှောင်နေရတယ်လို့ ချင်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က မကြာခဏ နယ်မြေရှင်းလင်းလို့ စစ်ဘေးဒုက္ခသည် အများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်တပ်က အာဏာသိမ်းတာ ၃ နှစ်နီးပါးရှိနေပေမယ့် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေ ကြုံတွေ့နေရတုန်းပါ။ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့ဟာဆိုရင်လည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကို အကြိမ်ကြိမ်ခံရတဲ့ မြို့တမြို့ဖြစ်ပါတယ်။ နေအိမ်တွေ မီးရှို့ခံရလို့ ပြန်စရာမရှိတော့တဲ့ စစ်ဘေးရှောင်တွေလည်း ရှိသလို စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်ကြောင်းနဲ့ ဝေးရာကို ခေတ္တတိမ်းရှောင်ရတဲ့ ဒေသခံ စစ်ဘေးရှောင်တွေလည်း ရှိနေပါတယ်။
အာဏာသိမ်းတာ ၃ နှစ်နီးပါးရှိလာချိန်မှာ စစ်ဘေးရှောင်ရတဲ့ ဒေသခံတွေမှာလည်း စားဝတ်နေရေး ကြပ်တည်းတာအပြင် စိတ်မလုံခြုံမှုပါ ခံစားနေရတယ်လို့ ဒီပဲယင်း စစ်ဘေးရှောင်ကူညီသူတဦးက သူတို့ ကြုံတွေ့နေရတာကို အခုလို ပြောပြပါတယ်။
“အမြဲတမ်း စစ်ဘေးရှောင်ကတော့ ၂ နှစ်ကျော် ကြာခဲ့ပြီးပေါ့။ သူတို့က ကိုယ့်အိမ်ကိုယ်ယာ ပြန်လို့မရဘူး။ ကိုယ့်အိမ်ကိုယ်ယာကို ပြန်နေချင်ကြတယ်။ ဖြစ်သလိုတဲလေးနဲ့ နေနေကြရတယ်ပေါ့နော်။ အစားအသောက် အခက်အခဲ အနေအထိုင် အခက်အခဲ အဲ့လိုပေါ့နော်။ အဲ့လိုမျိုး နေနေကြရတယ်။ စစ်ကောင်စီရဲ့ မီးရှို့တဲ့ဒဏ်တွေ ဘာမှမသိဘဲ နေ့စဉ် နေ့စဉ် လုံခြုံတယ်လို့ မခံစားရဘူး။ ကိုယ့်အိမ်လည်း ကိုယ်မအိပ်ရဲ သူတို့နဲ့ အဝေးဆုံးပေါ့နော်။ အခုဆို သူတို့နဲ့ ၁၀ မိုင်ကျော်ကျော်လောက် ပြေးလွှားတိမ်းရှောင်နေနေကြရတယ်။”
နောက်ထပ် စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရာမှာ အားကောင်းတဲ့ မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း ကျေးရွာတွေဘက်ကို ကုန်စည် စီးဆင်းတာမရှိဖို့ အဓိက လမ်းဆုံနေရာတွေမှာ စစ်ဆေးရေးဂိတ်တွေလုပ်ပြီး စစ်တပ်က တားမြစ်စစ်ဆေးပါတယ်။ အဲ့ဒီ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စစ်ဘေးရှောင်တွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတတူ အလုပ်လက်မဲ့ ပြဿနာကိုပါ ရင်ဆိုင်လာရပါတယ်။
“လူနေမှုအခြေအနေက ဆိုးတယ်။ အလုပ်လက်မဲ့သမားတွေပေါ့။ လယ်မဲ့ယာမဲ့ လူတန်းစားတွေမှာကျတော့ သူတို့က မိသားစုများတဲ့ အလုပ်လက်မဲ့သမားတွေဆိုရင် လက်တွေ့လည်း စားစရာမရှိဘူး။ အကြွေးတွေယူထားရတယ်။ လုပ်ငန်းကလည်း လုံးဝကိုမရှိ အဲ့လိုတွေဖြစ်တာ။ ကျနော်တို့ဘက်မှာ ပိတ်ခံထားရတယ်။ ကုန်စီးဆင်းမှုကို အပိတ်ခံထားရတယ်။ ဒီဘက်မှာ ခိုးပေါက်တွေတော့ရှိတယ်။ ခိုးပေါက်တွေက ဘယ်ကလဲလို့တော့ မသိဘူးပေါ့။ တဆင့်တဆင့်ချိတ်တာ။ တဆင့်တဆင့်ချိတ်တော့ ရွာရောက်တော့ ကုန်ဈေးနှုန်းတွေက အကုန်မြင့်တာပေါ့။ ဓာတ်ဆီတဗူးကို ၄ ထောင်ပေါ့ ကျနော်တို့ရွာမှာဆိုရင်။”
လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံဖြစ်တဲ့ လူဦးရေ ၁၈.၆ သန်းဟာ အရေးပေါ်အကူအညီလိုအပ်နေပြီး ဒီလိုအပ်ချက်ဟာ အာဏာမသိမ်းမီကထက် ၁၉ ဆနီးပါး မြင့်တက်လာတာဖြစ်တယ်လို့ UN OCHA က ဖော်ပြထားပါတယ်။
စစ်ဘေးရှောင်အခြေအနေနဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့စာရင်းတွေကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေမယ့် စစ်ဘေးရှောင်အများစုဟာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာဖြစ်ကြပြီး အာဏာသိမ်းပြီး ၃ နှစ်အကြာမှာတော့ စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင် ၁ သိန်းနီးပါးရှိပြီး ဒုတိယအနေနဲ့ ကရင်ပြည်နယ်မှာ ဒေသခံ ၇ သောင်းခွဲကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။