သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါက်မြို့နယ်မှာ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေ အခက်ကြုံ


မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ ( Photo : CJ ) (ယခင်ပုံဟောင်း)
မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ ( Photo : CJ ) (ယခင်ပုံဟောင်း)

မကွေးတိုင်း ပေါက်မြို့နယ် မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား စစ်ရေး တင်းမာနေပြီး အရပ်သား သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။ ပေါက်မြို့နယ် တောင်ပိုင်းမှာလည်း စစ်တပ်က အစားအစာနဲ့ ဆေးဝါး သယ်ယူခွင့်တွေ တားမြစ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။ ပေါက်မြို့နယ်ထဲက အခြေအနေတွေကို ကိုဝင်းခန့်မောင်က ပြောပြပါမယ်။

ပခုက္ကူမြို့ကနေ စစ်ကြောင်း ထွက်လာတဲ့ စစ်တပ်ဟာ အောက်တိုဘာ ၁၈ ရက်ကစလို့ ပေါက်မြို့ပေါ်မှာ တပ်စွဲပြီး ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတာ အခုဆို ရက်သတ္တပတ်ရှိနေပြီဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးအတွင်းမှာ အရပ်သား ၁ ဦးလည်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတဦးက ပေါက်မြို့နယ် မြောက်ပိုင်း အခြေအနေကို အခုလို ပြောပြပါတယ်။

“ဝင်လာတုန်းကလည်း ပခုက္ကူ တပ်မ ၁၀၁ ဘက်ကနေ ကားအစီး ၇၀ လောက်နဲ့ ဝင်လာတယ်။ ပေါက် ပခုက္ကူလမ်းပိုင်းကနေဝင် ဝင်ပြီးတော့မှ ပေါက်ရောက်တယ်။ ပေါက်ကနေမှ ပေါက်ရဲ့ မြောက်ဖက်စွန်းကို ထွက်တယ်ပေါ့။ ကုက္ကိုလ်စု ရေပြာရဲစခန်း ဒီဒုတ်ကွင်း ယာကြီးပြင် အဲ့ဘက်တွေ ရိက္ခာလည်ပို့တာပေါ့။ ပျူရွာတို့ ရဲစခန်းတို့ရှိတဲ့ အနီးတဝိုက်လမ်းကြောင်း တလျှောက်တွေပေါ့။ ရိက္ခာလည်ပို့ရင်း စစ်ကြောင်း ထိုးတာ။ ပေါက်မြို့နယ် အရှေ့မြောက်တဝိုက် စစ်ကြောင်းအနီးတဝိုက်က ရွာတွေက ရှောင်နေရတယ်။ ဖလံကိုင်း ထပေါက်ကုန်းတို့ အဲ့နားတွေက ရှောင်နေရတာပေါ့။ အရပ်သားက လေဖြတ်နေတဲ့ ဦးလေးခင်ဗျ အသက် ၅၀ အရွယ်လောက်ရှိမယ်။ အဲ့ဒါကို ကပ်ကြေးတွေနဲ့ ထိုးသတ်သွားတာ။”

သတ်ဖြတ်ဖြတ်ခံရသူဟာ ဝက်ပုတ်ကျေးရွာက ဒေသခံတဦးဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပြီး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်တပ်က နယ်မြေရှင်းလင်းနေတာကြောင့် ပေါက်မြို့နယ် မြောက်ပိုင်းက ဝက်ပုတ် ဂဲပင်အင်း ဓါတ်တော် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံသောင်းနဲ့ချီဟာ စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ရေးတင်းမာနေတာပါ။

ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း စစ်တပ်က အစားအစာနဲ့ ဆေးဝါး သယ်ယူခွင့်တွေ ပိတ်ပင်ထားတဲ့အတွက် ဒေသခံတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံက ပြောပါတယ်။

“ဆိပ်ဖြူနဲ့ ကန်းဇွန်းမကြားမှာ အဲ့မှာ တပေါက်ပိတ်တယ်။ နောက်ရေပြာမှာ တပေါက်ပိတ်တယ်။ အခြေခံစားသောက်ကုန်၊ ဆေးဝါး ဘာကိုမှ အဝင်မခံတော့ဘူး။ ဆေးဝါးအနေနဲ့က အဆင်မပြေတော့ဘူး။ သာမန် ဖျားတာနာတာလောက်က သောက်လို့ ဝယ်လို့တော့ရတယ်။ တပ်ရင်းတပ်ဖွဲ့တွေကနေ ဖြစ်ဖြစ် ရသေးပေမယ့်လို့ တကယ်ဆိုးဆိုးရွားရွားဖြစ်နေတာဆို ပြင်ပထွက်ကုဖို့ ခက်ခဲနေတော့တာပေါ့။ စစ်ကောင်စီက ပေါက်သူပေါက်သားဆို အကုန်နှိမ်နင်းနေတာကို။”

ပေါက်တောင်ပိုင်းကနေ ပေါက်မြို့ပေါ်ကို ဆေးဝါးကုသဖို့ သွားပါက ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိပြီး ပြန်လည် လွတ်မြောက်လာသူတွေလည်း ရှိသလို ပြန်မလွတ်ဘဲ ဖမ်းဆီး အထိန်းသိမ်း ခံရသူ တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်တောင်ပိုင်းဟာ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ နေရာဖြစ်တဲ့အတွက် စစ်တပ်ဘက်က ပိတ်ဆို့ပြီး အစားအသောက်နဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ကန့်သတ်ထားတာပါ။ အခုလို ကန့်သတ်ထားတဲ့အတွက် ဒေသခံအရပ်သားတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့နေရသလို အချိန်မှီ ဆေးဝါးကုသခွင့် မရပဲ အခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG