သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီမြို့နယ်တွင်း စစ်ရှောင်ဦးရေတိုးလာ​​​​​​​


တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)
တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)

တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ တိုးလာနေပြီး တိုက်ပွဲတွေနဲ့ လက်နက်ကြီးရန်ကြောင့် ရွာလုံးကျွတ်ထွက်ပြေးလာရတာလည်း ရှိပါတယ်။ မိုးများတဲ့ကာလမှာ စစ်ရှောင်တွေကြား သွေးလွန်တုပ်ကွေးအဖြစ်များကြပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်ချက် ရှိနေတယ်လို့လည်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ဘက်က သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်ကတင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်း ကျေးရွာတွေမှာ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် နေအိမ်စွန့်ထွက်ပြေးရတဲ့ စစ်ရှောင်ဦးရေ တိုးလာနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ တနင်္သာရီမြို့နယ်မှာလည်း တချို့က ရွာလုံးကျွတ်စစ်ရှောင်လာရတဲ့ အနေအထားရှိနေပါတယ်။

"ကျနော်တို့မြို့နယ်မှာ စစ်ရှောင်တွေက အရမ်းများတယ်။ အခုတလောဆိုရင် စစ်ဘေးရှောင်တွေက တော်တော်များများ များတယ်။ ပြီးတော့ အခုဆိုလို့ရှိရင် ရွာလုံးကျွတ် ထွက်ပြေးရတာတွေလည်း တွေ့ရတယ်ပေါ့နော်။ အိမ်တွေကို စကစက မီးရှို့တဲ့ဟာတွေ။ ရွာလုံးကျွတ်ရွှေ့ပြောင်းရတဲ့ သူတွေဆိုရင် သူတို့မှာလည်း ဥယျာဉ်ခြံတွေ လုပ်လို့မရတော့လေ။ စားနပ်ရိက္ခာအခက်အခဲ တွေ့နေတယ်။ သူတို့မှာ ပိုက်ဆံကလည်း မရှိဘူးဆိုတော့လေ။ သူတို့က အဓိက တဲထိုးပြီးတော့ နေတယ်ခင်ဗျ။ အိမ်ထောင်စု ၁၀၊ ၂၀ စုပြီးတော့ သူ့တဲလေးနဲ့သူ ထိုးပြီးတော့ ဒီလိုမျိုးပုံစံနဲ့ နေတယ်ပေါ့နော်။ ကျနော် တို့ကတော့ Camp ပုံစံဆောက်ပေးထားတယ်။ ဒါပေမဲ့ Camp မှာနေတဲ့ သူက နည်းတယ်ပေါ့နော်။ သူတို့နဲ့ အနီးအနားတဝိုက် ပတ်ဝန်းကျင်မှာနေတဲ့ သူကများတယ်ခင်ဗျ။"

တနင်္သာရီမြို့နယ်က စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ရေကြီးတဲ့ သဘာဝဘေးဒဏ်ကိုလည်း ခံခဲ့ကြရပါတယ်။ ဒါ့အပြင် နှစ်ဘက်တိုက်ပွဲအခြေအနေတွေကြောင့် တနင်္သာရီ၊ ကျွန်းစု၊ ပုလောနဲ့ လောင်းလုံးအပါအဝင် ရေဖြူမြို့နယ်မှာ ဇူလိုင်လထဲ စစ်ရှောင်သူဦးရေက ၆၃,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ စစ်ရှောင်ကူညီသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ရှောင်သူဦးရေက တသောင်းဝန်းကျင်ရှိနေပြီး ဒီထက်လည်း ပိုများနိုင်တယ်လို့ ပြောပါတယ်။ ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်ခံထားရပြီး၊ စစ်ရှောင်တွေကြားမှာ သွေးလွန်တုပ်ကွေးအဖြစ်များတယ်လို့လည်း လူသားစာနာအဖွဲ့ တာဝန်ခံက ပြောပါတယ်။

"ကျနော်တို့ မြို့နယ်ဆိုရင် လုံးဝကန့်သတ်ချက်ရှိတယ်။ ဆန်ဆိုလို့ရှိရင် ကားတစီးမှာ ၂ အိတ်၊ ၃ အိတ်ထက်များပြီး ပေးမတင်ဘူး။ ဆေးဝါးတွေလည်း သူတို့ဘက်က သယ်ယူခွင့် လုံးဝမပြုသေးဘူး။ ပြီးခဲ့တဲ့တခေါက်ကဆိုရင် စားသုံးဆီကို သယ်ယူခွင့် လုံးဝရပ်လိုက်သေးတယ်။ ကျနော်တို့ မြို့နယ်ဆိုရင် စစ်ရှောင်လူဦးရေက သောင်းဂဏန်းရှိတာပေါ့။ ဒါတောင် ကျနော်တို့လက်လှမ်းမီတဲ့ နေရာကနေ ဒေတာကောက်ယူထားတဲ့ဟာဗျ။ ကျနော်တို့ဒီဘက်မှာ သွေးလွန်တုပ်ကွေးတွေ၊ တအိမ်လုံး ဖျားနာတာတွေကတော့ စစ်ရှောင်တွေမှာ တော်တော်များများ ဖြစ်တယ်ဗျ။"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ဟိုအရင်ကတည်းက နေအိမ်စွန့် ထွက်ပြေးလာတဲ့သူတွေ ဟာလည်း အခုချိန်ထိ တောထဲမှာသာ နေထိုင်နေကြတာပါ။ ရွာရဲ့မလှမ်းမကမ်းမှာ နေထိုင်ရင်း စစ်ကြောင်းမရှိတဲ့အချိန်ဆို နေအိမ်ဆီခဏတာ ပြန်တာမျိုးရှိပေမယ့် တောထဲကိုသာ ပြန်ပြေးလာရတာက များတယ်လို့ စစ်ရှောင်နေသူတဦးကလည်း ပြောပါတယ်။

"အကုန်လုံး တောထဲမှာနေ နေတာပဲ။ ရွာထဲမှာ တယောက်မှ မရှိတော့ဘူး။ အခုလည်း တောထဲမှာ နေကြတာပဲ။ ရွာထဲပြန်ဝင်တဲ့ သူတွေလည်း တယောက်မှမရှိတော့ဘဲ အကုန်ပြေးနေတာပဲ။"

တနင်္သာရီမြို့နယ်က ထုံမခါကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာဘုန်းကြီးကျောင်းကို ဩဂုတ်လ ၂၀ ရက်နေ့က ဗုံးကြဲခံရတယ်လို့ ဒေသခံတွေရဲ့ ပြောစကားကို ကိုးကားပြီး ဒေသတွင်းမီဒီယာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဩဂုတ်လအစောပိုင်းမှာလည်း တနင်္သာရီ မြို့နယ်က ရွာတချို့ ဗုံးကြဲတိုက်ခိုက်ခံရတာ ရှိတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ ဆက်သွယ်နိုင်ဖို့ ခက်ခဲနေတာကြောင့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကတော့ တနင်္သာရီတိုင်းထဲက တိုက်ပွဲအခြေအနေ၊ လေကြောင်းအသုံးပြုတာတွေနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG