သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီမှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်


မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ကြတဲ့ KNLA / PDF ပူးပေါင်းတပ်ဖွဲ့ယခင်မှတ်တမ်းဓာတ်ပုံ (Courtesy: KNLA/PDF)
မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ကြတဲ့ KNLA / PDF ပူးပေါင်းတပ်ဖွဲ့ယခင်မှတ်တမ်းဓာတ်ပုံ (Courtesy: KNLA/PDF)

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်စခန်းနှစ်ခုကို တော်လှန်ရေးအင်အားစုတွေက အခုမေလအစောပိုင်းက သိမ်းပိုက်နိုင်ခဲ့တဲ့နောက် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီအခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

တနင်္သာရီနဲ့ ဘုတ်ပြင်းကြားက စစ်ကောင်စီရဲ့ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းကို ၁၂ ရက်ကြာစစ်ဆင်ပြီး မေလ ၁၁ ရက် စနေနေ့မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ Black Cobra Column ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီစခန်းက ဘုတ်ပြင်းမြို့အခြေစိုက် စကစ (၁၃) လက်အောက်ခံ ခမရ (၅၅၅)၊ (၅၅၉) နဲ့ (၄၃၂) တို့ ပူးပေါင်းအထိုင်ချတဲ့ စခန်းဖြစ်တယ်လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲ ၁၂ ရက်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အခုလက်ရှိမှာတော့ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို တိုက်ခိုက်နေပြီး နယ်မြေရှင်းလင်းနေတယ်လို့ Black Cobra Column တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"ကျနော်တို့ အဲဒီစခန်းကို တဖြည်းဖြည်းနဲ့ မိုင်းရှင်းလင်းရေးလုပ်ပြီးတော့ အပြီးသတ် နယ်မြေရှင်းလင်းရေး ဆက်လုပ်နေတာ ရှိပါတယ်။ နောက်တခုက ဒီစခန်းကိုစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ဆီကို စစ်ကူလိုက်လာတဲ့အဖွဲ့တွေကို ကျနော်တို့ရဲ့စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေက ကြားဖြတ်ပြီးတော့ လိုက်လံပိတ်ဆို့နေတဲ့ အနေအထားပဲ ရှိပါတယ်။ စစ်ကောင်စီရဲ့ အခြေပြု ပျူစောထီး ကျေးရွာတွေကိုလည်း ဆက်လက်ပြီး ရှင်းလင်းရေး လုပ်ဆောင်သွားပါမယ်။"

ပွိုင့် ၁၀၂၀ စခန်းသိမ်းတိုက်ပွဲမှာ KNLA - PDF ပူးပေါင်းထားတဲ့ Black Cobra Column ၊ Beik Province People Defense Force နဲ့ Black Cobra Wings ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခဲ့တာလို့ ပြောပါတယ်။ ဒီစခန်းဟာ စစ်ကောင်စီရဲ့တာဝါတိုင်စခန်းတခု ဖြစ်သလို မြိတ် - ကော့သောင်း လမ်းမကြီးပေါ်က အရေးပါတဲ့ တောင်ကြားဖြတ်လမ်းနေရာဖြစ်တယ်လို့ သိရပါတယ်။ ဒီစခန်းက စစ်ကောင်စီအပြင်၊ တော်လှန်ရေး အင်အားစုတွေ အတွက်ပါ အရေးပါတဲ့ တည်နေရာမှာ ရှိနေတယ်လို့ ပြောပါတယ်။

ပွိုင့် ၁၀၂၀ ကို ဆက်ပြီးထိန်းသိမ်းထားနိုင်ရင် ပြည်ထောင်စုလမ်းမကြီးမှာ တပ်ရင်းတခုနဲ့တခု သွားလာဆက်သွယ်ဖို့ အထောက်အကူ ဖြစ်လာနိုင်တယ်လိုဆိုပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၄) လက်အောက်ခံ အမှတ် (၁၁) တပ်ရင်းနယ်မြေ တခုလုံးကို ပြန်ပြီးစိုးမိုးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ Black Cobra Column ဘက်က ပြောပါတယ်။

"သိမ်းပိုက်ရရှိထားတဲ့ စခန်းကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့နဲ့ မြိတ် - ဘုတ်ပြင်း လမ်းကြောင်းတလျှောက်လုံးမှာ ဆက်လက်ပြီး စိုးမိုးနိုင်ဖို့အတွက်ကို ဆက်ပြီးလုပ်ဆောင် သွားပါမယ်။ အဲဒါကြောင့် မြိတ် - ဘုတ်ပြင်း လမ်းပိုင်းကို အသုံးပြုတာကို သတိပေးတာကလည်း အချိန်မရွေး ဒီလမ်းပိုင်းပေါ်မှာ စစ်ကောင်စီနဲ့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အတွက်ကြောင့် သွားလာတဲ့ ပြည်သူတွေအနေနဲ့ သတိ ဝီရိယနဲ့ သွားလာဖို့အတွက်ကို သတိပေးထားတာ ဖြစ်ပါတယ်။"

တနင်္သာရီတိုင်းထဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ထပ်စခန်းတခုကိုလည်း တော်လှန်ရေးအင်အားစုတွေ မေလ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်က ပဲဒက်စစ်ကောင်စီစခန်းကို ၄ ရက်ကြာ ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာပါ။

ပဲဒက်စစ်ကောင်စီစခန်းက စစ်ရေးအရ အတော်အရေးပါတဲ့ လမ်းပိုင်းမှာရှိနေတယ်လို့ ဒေသခံတော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။ စခန်းသိမ်းပြီး တပတ်အတွင်းမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ကောင်စီဘက်က ရေကြောင်းကနေ ပိုပြီးထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။

"စစ်တပ်က ပြန်လာပြီးတော့ ပြန်ထွက်သွားတယ်။ ရေတပ်ကတော့ သူတို့သိက္ခာမကျအောင် နည်းနည်းပါးပါး နယ်မြေရှင်းလင်းရေး လုပ်နေတာ။ အောက်သရက်ချောင်းမှာ မနေ့က ထိတွေ့တိုက်ပွဲဖြစ်တယ်။ ဒီနေ့တော့ သရက်တောင်ကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ပဲဒက်စခန်းကတော့ ကျနော်တို့ လက်ထဲမှာပဲ ရှိသေးတယ်။ ကျနော်မြင်တာတော့ ပင်လယ်ထွက်ပေါက် ကိစ္စအတွက် သူတို့ရေတပ်နဲ့ ဖိနေတာပဲရှိတယ်။ ပြီးတော့ ပထမအသုတ် သင်တန်းသားဆင်းတာ ရှိတယ်လေ၊ စစ်ကောင်စီဘက်ကနေ တပ်သားသစ် ခေါ်ယူထားတဲ့ဟာ။ အဲဒါကို အသုံးချပြီးတော့ အခု သူတို့လာနေတာရှိတယ်။ တိုက်ပွဲကတော့ ဒီနေ့ ကနက်သီရိမှာ ဖြစ်တယ်။ သင်္ဘောကနေ လက်နက်ကြီးပစ်တယ်။ ကမ်းပေါ်ကိုတော့ စစ်သားတွေ ရောက်သွားပြီ။ မနက်ကတော့ ထိတွေ့တိုက်ပွဲ ၂ခါ၊ ၃ခါ ဖြစ်တယ်။"

စစ်ကောင်စီဖက်က ရေကြောင်းကိုပဲ အဓိကအားပြုပြီး စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ ပဲဒက်စခန်းဟာ သရက်ချောင်းမြို့ စစ်ကောင်စီရဲ့ အဓိကစခန်းနှစ်ခုထဲက တခုဖြစ်တယ်လို့လည်းပြောပါတယ်။

"ဝင်းဝစခန်း တခုကျန်တယ်ဗျ။ ကင်းစခန်းလေးတွေ ၃ ခုလောက်တော့ ရှိဦးမယ်ဗျ။ သရက်ချောင်းမြို့ အောက်ပိုင်းကတော့ အခု ပဲဒက်ကျပြီ၊ ဝင်းဝကျပြီဆိုရင် မရှိတော့ဘူးဗျ။ ပဲဒက်စခန်းကတော့ ဗျူဟာကုန်းတကုန်း နီးပါးတောင် သူတို့ပြင်ဆင်ထားတဲ့ စခန်းအကြီးကြီးပဲဗျ။"

ပဲဒက်စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းနဲ့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ Saw Dragon ဒရုန်းတပ်ဖွဲ့၊ ဒေါနဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်းတပ်ဖွဲ့နဲ့ MSRF Drone အဖွဲ့ အပါအဝင် မဟာမိတ်ပူးပေါင်း အဖွဲ့တွေဖြစ်တဲ့ KNLA တပ်မဟာ (၆) တပ်ရင်း (၂၇) ၊ တပ်မဟာ (၄) တပ်ရင်း (၁၂) နဲ့ ဖက်ဒရယ်စစ်ကြောင်း၊ ဒေါင်းညီနောင်စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

တနင်္သာရီတိုင်းထဲမှာ နယ်မြေစိုးမိုးရေးနဲ့ ပြည်သူ့ကာကွယ်ရေး အပါအဝင် စခန်းသိမ်းတိုက်ပွဲတွေ ဆက်ပြီးလုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေး ဆောင်ရွက်ထားဖို့ကိုလည်း တော်လှန်ရေး အင်အားစုတွေဘက်က သတိပေးထားပါတယ်။ တနင်္သာရီ သရက်ချောင်းမြို့နယ်တိုက်ပွဲတွေအတွင်းမှာ လေကြောင်းနဲ့ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာကိုတော့ စစ်ကောင်စီပြန်ကြား‌ရေးက ငြင်းဆိုထားပါတယ်။ တော်လှန်ရေးအင်အားစုတွေဖက်က လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာဆိုပြီးတော့လည်း စစ်ကောင်စီ ပြန်ကြားရေးက ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG