သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿမိတ္ၿမိဳ႕ သတင္းေထာက္ႏွစ္ဦးကို ေထာင္ဒဏ္ ၂ ႏွစ္စီခ်မွတ္


DVB သတင္းဌာန နဲ႔ မဇၥ်ိမ သတင္းဌာန အမွတ္တံဆိပ္ logo။

[Zawgyi/Unicode]

ၿမိတ္ၿမိဳ႕က DVB သတင္းေထာက္နဲ႔ မဇၥ်ိမသတင္းေထာက္တို႔ကို ပုဒ္မ ၅၀၅ (က) နဲ႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္လိုက္ပါတယ္။ သူတို႔ ႏွစ္ဦးဟာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီလက္ထက္မွာ ဒုတိယေျမာက္ ေထာင္ခ်အျပစ္ေပးခံရတဲ့ သတင္းသမားေတြ ျဖစ္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြး ေျပာျပမွာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးအေရးယူမႈေတြ လုပ္ရာမွာ တတ္ႂကြလႈပ္ရွားသူေတြတင္မက သတင္းသမားေတြလည္း ပစ္မွတ္ထားခံရပါတယ္။ ၿပီးခဲ့တဲ့ ေမ ၁၂ ရက္ေန႔ကပဲ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕မွာေနထိုင္တဲ့ DVB (ဒီမိုကရက္တစ္ျမန္မာ့အသံ) သတင္းဌာန သတင္းေထာက္ ကိုမင္းညိဳကို ပုဒ္မ ၅၀၅ - ကနဲ႔ ေထာင္ဒဏ္ သံုးႏွစ္အျပစ္ေပးခံရၿပီးေနာက္ ဒီကေန႔မွာ ေနာက္ထပ္သတင္းသမားႏွစ္ဦးကို ေထာင္ဒဏ္ျပစ္ဒဏ္ခ်လိုက္တာပါ။ သူတို႔ေတြကေတာ့ ၿမိတ္ၿမိဳ႕က DVB သတင္းေထာက္ ကိုေအာင္ေက်ာ္ နဲ႔ မဇၥ်ိမ သတင္းေထာက္ ကိုေဇာ္ေဇာ္တို႔ျဖစ္ပါတယ္။

သူတို႔ကို ၿမိတ္ ေထာင္တြင္း အထူးတရားစီရင္ေရးမွာပဲ ဒီကေန႔ အမိန႔္ခ်မွတ္လိုက္တာလို႔ သိရပါတယ္။ ဖမ္းဆီးအေရးယူခံရခ်ိန္ကေန ဒီကေန႔ အမိန႔္ခ်တဲ့အထိ မိသားစုနဲ႔ ေတြ႕ခြင့္မရဘဲ အမိန႔္ခ်တဲ့ ခဏသာ ဖုန္းစကားေျပာခြင့္ ရခဲ့တယ္လို႔ ျပစ္ဒဏ္ခ်မွတ္ခံရတဲ့ သတင္းေထာက္ ကိုေအာင္ေက်ာ္ရဲ႕ ဇနီးက ေျပာျပပါတယ္။

"အခုေထာင္ ၂ ႏွစ္ခ်တဲ့အေပၚမွာ သူက အယူခံ လံုးဝမဝင္ပါဘူးလို႔ ညီမကို ေျပာတယ္။ သူ႔ဇနီး တေယာက္အေနနဲ႔ သူ႔ဆႏၵ၊ သူ႔သေဘာအတိုင္း က်မ လိုက္နာတယ္။ သူအယူခံမဝင္ဘူးဆိုေတာ့ က်မလည္း အယူခံမဝင္ဘူးေပါ့ေနာ္။ သူဘာေၾကာင့္ အယူခံမဝင္တာလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ တရားဥပေဒစိုးမိုးမႈ မရွိဘူး။ သတင္းမီဒီယာသမားတေယာက္ကို ၅၀၅ က နဲ႔ အၾကမ္းဖက္ ရိုက္ႏွက္ၿပီးေတာ့ ေထာင္ခ်တာက လံုးဝ တရားမွ်တမႈရွိတဲ့ အေျခအေနမ်ိဳးမဟုတ္ဘူးေပါ့ေနာ္။ ျမန္မာႏိုင္ငံမွာ တရားမွ်တမႈ၊ တရားဥပေဒစိုးမိုးမႈလည္းမရွိတဲ့အတြက္ သူက ျမန္မာႏိုင္ငံမွာရွိတဲ့ တရားဥပေဒကို လံုးဝမယုံၾကည္ေတာ့ဘဲနဲ႔ ဒီ အယူခံကိစၥကိုလည္း သူဝင္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ သူ႔အေနနဲ႔ တရားဥပေဒစိုးမိုးမႈမရွိတဲ့ကာလမွာ အယူခံဝင္မယ္ဆိုရင္လည္း ထူးျခားလာမယ္လို႔ မေမွ်ာ္လင့္ထားဘူးလို႔ ေျပာတယ္။"

စစ္အုပ္ခ်ဳပ္ေရး ေကာင္စီက DVB သတင္းဌာနအပါအဝင္ သတင္းဌာန ၅ ခု ပိတ္သိမ္းမခံရေသးခင္ မတ္လ ၁ ရက္ေန႔ ညပိုင္းက သတင္းေထာက္ကိုေအာင္ေက်ာ္ကို သူ႔ေနအိမ္မွာ အၾကမ္းဖက္ ပစ္ခတ္ဖမ္းဆီးသြားခဲ့တာျဖစ္ပါတယ္။ ရာဘာခ်ည္ ေလာက္ေလးခြေတြနဲ႔ အိမ္ကို ပစ္ခတ္တာ၊ တံခါးမွန္ေတြ ခ်ိဳးဖ်က္ကာ အၾကမ္းဖက္ဝင္ေရာက္ ဖမ္းဆီးခဲ့တာကို မဖမ္းခင္ ကိုေအာင္ေက်ာ္ကိုယ္တိုင္ လူမႈကြန္ယက္ေပၚ တိုက္႐ိုက္လႊင့္ထုတ္ခဲ့ပါတယ္။

ဖမ္းဆီးခံရစဥ္က ဦးေခါင္းနဲ႔ ခႏၶာကိုယ္အႏွံ႔ ႐ိုက္ႏွက္ခံခဲ့ရၿပီး အမႈရင္ဆိုင္ရာမွာလည္း ဖိအားေပးၿခိမ္းေျခာက္မႈေတြေၾကာင့္ သူ႔အမႈကို ေရွ႕ေနလိုက္ေပးမယ့္သူ မရွိခဲ့ပါဘူး။ သူကိုယ္တိုင္ ခုခံေခ်ပခဲ့ရတယ္လို႔ သူ႔ဇနီးကေျပာပါတယ္။

ဖမ္းဆီးခံရၿပီး ရက္အေတာ္ၾကာ စစ္ေဆးေမးျမန္းခံခဲ့ရၿပီး ေနာက္ ေထာင္တြင္းတရားစီရင္ေရး အေနနဲ႔ ၇ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းအၿပီးမွာဘဲ အခုလို ေထာင္ဒဏ္ ၂ ႏွစ္ က်ခံေစဖို႔ အမိန႔္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

မဇၥ်ိမ သတင္းေထာက္ ကိုေဇာ္ေဇာ္ ကိုေတာ့ ၿပီးခဲ့တဲ့ ဧၿပီ ၆ ရက္ေန႔မွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ဖမ္းခံရအၿပီး ၇ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းအၿပီးမွာပဲ အခုလို ေထာင္ဒဏ္ ၂ ႏွစ္ က်ခံေစဖို႔ အမိန႔္ခ်မွတ္ခဲ့တာ ျဖစ္တယ္လို႔ ဇနီးျဖစ္သူကေျပာပါတယ္။

"စိတ္ထဲမွာေတာ့ စိတ္မေကာင္းဘူး။ မွန္တာေျပာတာ...သတင္းသမားက သတင္းေရးတာ။ သတင္းေရးတာကို ေသြးထိုးလႈံေဆာ္တဲ့ပုဒ္မနဲ႔ ဖမ္းတယ္။ က်မေယာက်ာ္း ေသြးထိုးတာ မဟုတ္ဘူးေလ။ သတင္းသမားက သတင္းလုပ္တာေလ။ မတရား ဖမ္းဆီးတာေပါ့။ စိတ္ထဲမွာ မေကာင္းဘူး။ သူ႔အတြက္ ပိုစိတ္မေကာင္းျဖစ္ရတယ္။"

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ဖရန္တီယာ သတင္းဌာနက ႏိုင္ငံျခားသား အယ္ဒီတာဒန္နီ ဖန္စတာကို အေၾကာင္းျပခ်က္မသိရဘဲ လံုျခံဳေရးအာဏာပိုင္ေတြက ေလဆိပ္မွာ ဖမ္းဆီးေခၚေဆာင္သြားပါတယ္။

သတင္းသမားေတြကို ျပစ္မွတ္ထား ဖမ္းဆီး အေရးယူခံေနရသလို အမႈရင္ဆိုင္ရာမွာလည္း သတင္းသမားေတြကို အကာအကြယ္ေပးရမယ္ဆိုတဲ့ အခြင့္အေရးမ်ိဳးေတြ ဥပေဒအရမရရွိခဲ့ဘူးလို႔ ေရွ႕ေန ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

"အဓိက အခက္အခဲက တည္ဆဲဥပေဒက အကာအကြယ္ေပးထားပါလ်က္နဲ႔ အဲဒီဥပေဒျပဌာန္းခ်က္ကို သတင္းမီဒီယာသမားေတြက အက်ိဳး ခံစားခြင့္မရဘူး။ အဲဒီမရတာကိုလည္းပဲ သတင္းမီဒီယာသမားေတြကို အကာကြယ္ေပးရမယ့္ သတင္းမီဒီယာေကာင္စီကိုယ္တိုင္က အေလးအနက္ထားၿပီးေတာ့ အကာအကြယ္မေပးႏိုင္ဘူး။ က်ေနာ္တို႔.... မီဒီယာသမားေတြအတြက္ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနေရွ႕ရပ္ေတြဘက္ကေတာ့ ပုဒ္မ ၅၀၅ က ေျမာက္၊ မေျမာက္ဆိုတာပဲ သက္ေသျပဖို႔အတြက္ အေထာက္အထားေတြ ရွာေဖြရတာေပါ့။ အဲဒီအခါမွာ ျပည္တြင္းသတင္းဌာနကို တာဝန္ထမ္းေဆာင္တဲ့ မီဒီယာသမားနဲ႔ ျပည္ပသတင္းဌာနၾကီးေတြမွာ တာဝန္ထမ္းေဆာင္တဲ့ သတင္းမီဒီယာသမားေတြ မတူျပန္ဘူး။ အဲဒီမွာလည္းပဲ တူညီတဲ့ အခြင့္အေရးမရဘဲနဲ႔ ခြဲျခားဆက္ဆံခံရတာေတြ ရွိတယ္။ ေနာက္သက္ဆိုင္တဲ့ ကာယကံရွင္မိသားစုေတြနဲ႔ ဒီသတင္းေထာက္ေတြနဲ႔ ေတြ႕ဆံုခြင့္မရတာတို႔ ဒီအပိုင္းေတြ ၾကံဳေတြ႔ရတယ္။"

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပပြဲေတြမွာ သတင္းယူေနစဥ္ သတင္းေထာက္ေတြ ဖမ္းဆီးခံရတာ၊ သူတို႔ေနအိမ္ေတြထဲ ဝင္ေရာက္ဖမ္းဆီးတာေတြ လုပ္ေနတာမွာ ေဖေဖာ္ဝါရီ ၁ ရက္က စလို႔ ဒီေန႔အထိ တႏိုင္ငံလုံးမွာ ဖမ္းဆီးျခင္းခံရတဲ့ သတင္းေထာက္ ၈၀ ထက္ မနည္းရွိပါတယ္။

ဒီထဲက အေယာက္ ၃၀ ျပန္လည္လြတ္ေျမာက္လာေပမဲ့ အေယာက္ ၄၀ ေက်ာ္ကေတာ့ တပ္မေတာ္ အၾကည္ညိဳပ်က္ေစေအာင္ ေျပာဆိုေရးသားမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ -က နဲ႔ အမႈဖြင့္ကာ အက်ဥ္းေထာင္ေတြနဲ႔ စစ္ေၾကာေရး စခန္းေတြမွာ စစ္ေမးဖမ္းဆီး ခံထားရပါတယ္။

ေနာက္ထပ္ အေယာက္ ၂၀ နီးပါးကေတာ့ ဥပေဒပုဒ္မ ၅၀၅ -က နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရလို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ မဇၥ်ိမ၊ DVB စတဲ့ သတင္းလုပ္ငန္းႀကီးေတြ အပါအဝင္ လုပ္ငန္းလည္ပတ္ခြင့္ ရပ္ဆိုင္းလိုက္တဲ့ သတင္းဌာနေပါင္းလည္း ၈ ခုရွိသြားပါၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြိတ်မြို့ သတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

မြိတ်မြို့က DVB သတင်းထောက်နဲ့ မဇ္ဈိမသတင်းထောက်တို့ကို ပုဒ်မ ၅၀၅ (က) နဲ့ စစ်အုပ်ချုပ်ရေးကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ သူတို့ နှစ်ဦးဟာ စစ်အုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ဒုတိယမြောက် ထောင်ချအပြစ်ပေးခံရတဲ့ သတင်းသမားတွေ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူမှုတွေ လုပ်ရာမှာ တတ်ကြွလှုပ်ရှားသူတွေတင်မက သတင်းသမားတွေလည်း ပစ်မှတ်ထားခံရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကပဲ ပဲခူးတိုင်း၊ ပြည်မြို့မှာနေထိုင်တဲ့ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) သတင်းဌာန သတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅ - ကနဲ့ ထောင်ဒဏ် သုံးနှစ်အပြစ်ပေးခံရပြီးနောက် ဒီကနေ့မှာ နောက်ထပ်သတင်းသမားနှစ်ဦးကို ထောင်ဒဏ်ပြစ်ဒဏ်ချလိုက်တာပါ။ သူတို့တွေကတော့ မြိတ်မြို့က DVB သတင်းထောက် ကိုအောင်ကျော် နဲ့ မဇ္ဈိမ သတင်းထောက် ကိုဇော်ဇော်တို့ဖြစ်ပါတယ်။

သူတို့ကို မြိတ် ထောင်တွင်း အထူးတရားစီရင်ရေးမှာပဲ ဒီကနေ့ အမိန့်ချမှတ်လိုက်တာလို့ သိရပါတယ်။ ဖမ်းဆီးအရေးယူခံရချိန်ကနေ ဒီကနေ့ အမိန့်ချတဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မရဘဲ အမိန့်ချတဲ့ ခဏသာ ဖုန်းစကားပြောခွင့် ရခဲ့တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက် ကိုအောင်ကျော်ရဲ့ ဇနီးက ပြောပြပါတယ်။

"အခုထောင် ၂ နှစ်ချတဲ့အပေါ်မှာ သူက အယူခံ လုံးဝမဝင်ပါဘူးလို့ ညီမကို ပြောတယ်။ သူ့ဇနီး တယောက်အနေနဲ့ သူ့ဆန္ဒ၊ သူ့သဘောအတိုင်း ကျမ လိုက်နာတယ်။ သူအယူခံမဝင်ဘူးဆိုတော့ ကျမလည်း အယူခံမဝင်ဘူးပေါ့နော်။ သူဘာကြောင့် အယူခံမဝင်တာလဲဆိုတော့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိဘူး။ သတင်းမီဒီယာသမားတယောက်ကို ၅၀၅ က နဲ့ အကြမ်းဖက် ရိုက်နှက်ပြီးတော့ ထောင်ချတာက လုံးဝ တရားမျှတမှုရှိတဲ့ အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်။ မြန်မာနိုင်ငံမှာ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှုလည်းမရှိတဲ့အတွက် သူက မြန်မာနိုင်ငံမှာရှိတဲ့ တရားဥပဒေကို လုံးဝမယုံကြည်တော့ဘဲနဲ့ ဒီ အယူခံကိစ္စကိုလည်း သူဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူ့အနေနဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ကာလမှာ အယူခံဝင်မယ်ဆိုရင်လည်း ထူးခြားလာမယ်လို့ မမျှော်လင့်ထားဘူးလို့ ပြောတယ်။"

စစ်အုပ်ချုပ်ရေး ကောင်စီက DVB သတင်းဌာနအပါအဝင် သတင်းဌာန ၅ ခု ပိတ်သိမ်းမခံရသေးခင် မတ်လ ၁ ရက်နေ့ ညပိုင်းက သတင်းထောက်ကိုအောင်ကျော်ကို သူ့နေအိမ်မှာ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ရာဘာချည် လောက်လေးခွတွေနဲ့ အိမ်ကို ပစ်ခတ်တာ၊ တံခါးမှန်တွေ ချိုးဖျက်ကာ အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးခဲ့တာကို မဖမ်းခင် ကိုအောင်ကျော်ကိုယ်တိုင် လူမှုကွန်ယက်ပေါ် တိုက်ရိုက်လွှင့်ထုတ်ခဲ့ပါတယ်။

ဖမ်းဆီးခံရစဉ်က ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ခံခဲ့ရပြီး အမှုရင်ဆိုင်ရာမှာလည်း ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် သူ့အမှုကို ရှေ့နေလိုက်ပေးမယ့်သူ မရှိခဲ့ပါဘူး။ သူကိုယ်တိုင် ခုခံချေပခဲ့ရတယ်လို့ သူ့ဇနီးကပြောပါတယ်။

ဖမ်းဆီးခံရပြီး ရက်အတော်ကြာ စစ်ဆေးမေးမြန်းခံခဲ့ရပြီး နောက် ထောင်တွင်းတရားစီရင်ရေး အနေနဲ့ ၇ ကြိမ်မြောက် ရုံးချိန်းအပြီးမှာဘဲ အခုလို ထောင်ဒဏ် ၂ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မဇ္ဈိမ သတင်းထောက် ကိုဇော်ဇော် ကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းခံရအပြီး ၇ ကြိမ်မြောက် ရုံးချိန်းအပြီးမှာပဲ အခုလို ထောင်ဒဏ် ၂ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။

"စိတ်ထဲမှာတော့ စိတ်မကောင်းဘူး။ မှန်တာပြောတာ...သတင်းသမားက သတင်းရေးတာ။ သတင်းရေးတာကို သွေးထိုးလှုံဆော်တဲ့ပုဒ်မနဲ့ ဖမ်းတယ်။ ကျမယောကျာ်း သွေးထိုးတာ မဟုတ်ဘူးလေ။ သတင်းသမားက သတင်းလုပ်တာလေ။ မတရား ဖမ်းဆီးတာပေါ့။ စိတ်ထဲမှာ မကောင်းဘူး။ သူ့အတွက် ပိုစိတ်မကောင်းဖြစ်ရတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖရန်တီယာ သတင်းဌာနက နိုင်ငံခြားသား အယ်ဒီတာဒန်နီ ဖန်စတာကို အကြောင်းပြချက်မသိရဘဲ လုံခြုံရေးအာဏာပိုင်တွေက လေဆိပ်မှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်းသမားတွေကို ပြစ်မှတ်ထား ဖမ်းဆီး အရေးယူခံနေရသလို အမှုရင်ဆိုင်ရာမှာလည်း သတင်းသမားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အခွင့်အရေးမျိုးတွေ ဥပဒေအရမရရှိခဲ့ဘူးလို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"အဓိက အခက်အခဲက တည်ဆဲဥပဒေက အကာအကွယ်ပေးထားပါလျက်နဲ့ အဲဒီဥပဒေပြဌာန်းချက်ကို သတင်းမီဒီယာသမားတွေက အကျိုး ခံစားခွင့်မရဘူး။ အဲဒီမရတာကိုလည်းပဲ သတင်းမီဒီယာသမားတွေကို အကာကွယ်ပေးရမယ့် သတင်းမီဒီယာကောင်စီကိုယ်တိုင်က အလေးအနက်ထားပြီးတော့ အကာအကွယ်မပေးနိုင်ဘူး။ ကျနော်တို့.... မီဒီယာသမားတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေရှေ့ရပ်တွေဘက်ကတော့ ပုဒ်မ ၅၀၅ က မြောက်၊ မမြောက်ဆိုတာပဲ သက်သေပြဖို့အတွက် အထောက်အထားတွေ ရှာဖွေရတာပေါ့။ အဲဒီအခါမှာ ပြည်တွင်းသတင်းဌာနကို တာဝန်ထမ်းဆောင်တဲ့ မီဒီယာသမားနဲ့ ပြည်ပသတင်းဌာနကြီးတွေမှာ တာဝန်ထမ်းဆောင်တဲ့ သတင်းမီဒီယာသမားတွေ မတူပြန်ဘူး။ အဲဒီမှာလည်းပဲ တူညီတဲ့ အခွင့်အရေးမရဘဲနဲ့ ခွဲခြားဆက်ဆံခံရတာတွေ ရှိတယ်။ နောက်သက်ဆိုင်တဲ့ ကာယကံရှင်မိသားစုတွေနဲ့ ဒီသတင်းထောက်တွေနဲ့ တွေ့ဆုံခွင့်မရတာတို့ ဒီအပိုင်းတွေ ကြုံတွေ့ရတယ်။"

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ သတင်းယူနေစဉ် သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ သူတို့နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတာမှာ ဖေဖော်ဝါရီ ၁ ရက်က စလို့ ဒီနေ့အထိ တနိုင်ငံလုံးမှာ ဖမ်းဆီးခြင်းခံရတဲ့ သတင်းထောက် ၈၀ ထက် မနည်းရှိပါတယ်။

ဒီထဲက အယောက် ၃၀ ပြန်လည်လွတ်မြောက်လာပေမဲ့ အယောက် ၄၀ ကျော်ကတော့ တပ်မတော် အကြည်ညိုပျက်စေအောင် ပြောဆိုရေးသားမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ -က နဲ့ အမှုဖွင့်ကာ အကျဉ်းထောင်တွေနဲ့ စစ်ကြောရေး စခန်းတွေမှာ စစ်မေးဖမ်းဆီး ခံထားရပါတယ်။

နောက်ထပ် အယောက် ၂၀ နီးပါးကတော့ ဥပဒေပုဒ်မ ၅၀၅ -က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ မဇ္ဈိမ၊ DVB စတဲ့ သတင်းလုပ်ငန်းကြီးတွေ အပါအဝင် လုပ်ငန်းလည်ပတ်ခွင့် ရပ်ဆိုင်းလိုက်တဲ့ သတင်းဌာနပေါင်းလည်း ၈ ခုရှိသွားပါပြီဖြစ်ပါတယ်။

XS
SM
MD
LG