သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်း စစ်ကောင်စီ စစ်ဆင်ရေးအတွင်း ထိခိုက်ပျက်စီးမှုတွေရှိ 


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ နယ်မြေရှင်းလင်း စစ်ဆင်ရေးအတွင်း မီးလောင်နေတဲ့ နေအိမ်မြင်ကွင်း
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ နယ်မြေရှင်းလင်း စစ်ဆင်ရေးအတွင်း မီးလောင်နေတဲ့ နေအိမ်မြင်ကွင်း

တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆင်ရေး နယ်မြေမှာ လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြတာပါ။ တနင်္သာရီတိုင်းက စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း နေအိမ်အနည်းဆုံး ၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ တနင်္လာနေ့မှာလည်း မီးရှို့မှုတွေ ရှိခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။

"၂၂ ရက်နေ့ နေ့လည် ၃နာရီ ဝန်းကျင်လောက်မှာ လမ်းထဲဝင်ပြီးတော့ ရဲဘော်ဆူနာမီအိမ်ကို မီးရှို့လိုက်တယ်ဗျ။ ရဲဘော်ဆူနာမီအိမ်က ၂၀၂၄ နှစ်ဆန်းပိုင်းမှာ စစ်ကြောင်းဝင်တုန်းကလည်း မွှေနှောက်ရှာဖွေ ခံရတာရှိတယ်။ တော်လှန်ရေး အစောပိုင်းကလည်း ရှာဖွေခံထားရတာရှိတယ်။ အဲတော့ ၂ကြိမ်ဝင်ရောက် ရှာဖွေခံထားရတာမျိုး ရှိတယ်ခင်ဗျ။ အဲဒီလမ်းထဲဝင်ပြီးတော့ အိမ်တအိမ်ထဲကိုပဲ ရွေးပြီးတော့ရှို့သွားတာ။ အဲဒီနေ့လည်မှာ သူတို့ယာယီစခန်းချထားတဲ့ နေရာကနေပြီးတော့ အင်အား ၂၀လောက် အပြင်ကိုထွက်လာချိန်မှာလည်း ကျန်တဲ့အိမ်တွေဘာတွေ ဖျက်ဆီးတာမျိုး မရှိဘူးဗျာ။ ဝင်ရောက်ရှာဖွေတာမျိုးလည်း မရှိဘူး။ ရဲဘော်နေအိမ်ကို မီးရှို့ပြီးတော့ သူတို့ယာယီစခန်းချထားတဲ့ နေရာကို ပြန်ဝင်သွားတယ်။ သက်သက်မဲ့ သူတို့ထွက်လာပြီးတော့ ရှို့သွားတဲ့အခါကျတော့ သတင်းတိတိကျကျနဲ့ ဒီလိုလာရှို့သွားတယ်လို့ ကျနော်တို့ကမြင်တယ်။"

ရဲဘော်ဆူနာမီဟာ Dawei LGBT Community ရဲ့ ကိုယ်စားလှယ်အနေနဲ့ ထားဝယ်သပိတ်ကော်မတီမှာ ပါဝင်နေပြီးတော့ တော်လှန်ရေးတာဝန်တွေကို ဆောင်ရွက်နေသူတဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။ အာဏာသိမ်းချိန်ကစပြီး အခုနှစ်ဆန်းပိုင်းအထိ နေအိမ်ဝင်ရောက်ရှာဖွေ ခံထားရပြီး၊ အခုတကြိမ်မှာတော့ အိမ်မီးရှို့ခံလိုက်ရတာလို့ ပြောပါတယ်။

"ရွာတွေမှာရှိတဲ့ ဒေသခံတွေက မိုးတွင်းအခါကျတော့ လယ်ထဲလည်းပြေးမရ၊ တောထဲလည်းပြေးလို့မရ။ စစ်ကြောင်းဝင်လာတယ်ဆို အကုန်လုံးထွက်ပြေးကြတယ်။ စစ်ကြောင်းက အဲဒီရွာကို ကျော်သွားပြီဆိုရင် ရွာထဲကိုပြန်ဝင်ကြတယ်။ အဲဒီလို အခြေအနေပေါ့ဗျာ။ မနေ့ညကတော့ သူတို့ညင်းမော်မှာ ယာယီစခန်းချပြီးတော့ ရွာထဲမှာဝင်ရောက်ရှာဖွေ မွှေနှောက်တာမျိုးတွေ လုပ်သေးတယ်။ အခုတော့ စစ်ကြောင်းကတော့ ဒီမနက်ပဲ ညင်းမော်ကနေပြီးတော့ ထွက်သွားတယ်။ လောင်းလုံးမြို့ အောက်ဘက်မှာရှိတဲ့ဒေသခံ အရပ်သားပြည်သူတွေကျတော့ ကိုယ့်ရွာကိုယ်ပြန်ရောက် နေကြတာမျိုးတော့ရှိတယ်ဗျ။"

စစ်ကောင်စီစစ်ကြောင်း ရွာတွေထဲဝင်လာချိန်မှာ ဘေးလွတ်ရာဆီ ထွက်ပြေးတိမ်းရှောင်ရင်း အိမ်ပြန်နိုင်သူတွေရှိသလို၊ တချို့ကတော့ ယာယီစစ်ရှောင်ရင်း အခုချိန်ထိ နေအိမ်မပြန်နိုင်ကြသေးပါဘူး။ တနင်္သာရီမြို့နယ်ထဲကို စစ်ရှောင်တွေထပ်တိုး ရောက်လာတယ်လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။

"ကျွန်းစုမြို့နယ်ပြီးတော့ တနင်္သာရီမြို့နယ် ခြားပြီးတော့ စကစကနေပြီးတော့ စစ်ကြောင်းထိုးနေတာတွေ ရှိတယ်ခင်ဗျ။ အပြန်အလှန်တိုက်ပွဲ ဖြစ်နေတာတွေလည်းရှိတယ်။ စစ်ရှောင်တွေ ထပ်တိုးရောက်လာတာတွေ ရှိတယ်ခင်ဗျာ။ လက်ရှိတော့ တနင်္သာရီမြို့နယ်ထဲကို စစ်ရှောင်တွေလည်း ထပ်ဝင်လာတယ်။"

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လက နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သူ ၅၁,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ တနင်္သာရီတိုင်းထဲက အဖြစ်အပျက်တွေကို မှတ်တမ်းယူနေတဲ့ FE5 တနင်္သာရီက ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းထားတဲ့ ၃နှစ်ကျော် ကာလအတွင်းမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုနှစ်ဇွန်လထဲမှာ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ချင်းနဲ့ မကွေးတိုင်းအတွင်းက အရပ်သားနေအိမ် ၁,၁၀၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့ မရသလို၊ စစ်ကောင်စီကလည်း စစ်ဆင်ရေးနဲ့ ပတ်သက်လို့ လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG