သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ကရင်ပြည်နယ်တွင်း စစ်ဘေးရှောင် ၁.၂ သန်း ကျော်လာ" KHRG ပြောခွင့်ရ


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသက စစ်ဘေးရှောင်နေကြရသူများ။ (စက်တင်ဘာ၊ ၂၀၂၃)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသက စစ်ဘေးရှောင်နေကြရသူများ။ (စက်တင်ဘာ၊ ၂၀၂၃)

ကရင်ပြည်အတွင်းမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူ တသန်း ၂ သိန်းကျော် ရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေက လစဉ်ပုံမှန်လိုရှိနေပြီး ၂၀၂၄ ခုနှစ်ထဲမှာ တော့ စစ်ဘေးရှောင်လူဦးရေသိန်းနဲ့ချီတိုးလာနေရာမှာ အခုဆိုရင် ကရင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်သူ တသန်းနှစ်သိန်းကျော်ထိ ရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောရေးဆိုခွင့်ရှိသူစောနန္ဒဆူးက VOA ကိုပြောပါတယ်။

“အခု ၁၂ သိန်းအထက်ရှိနေပါြပီ။ တပ်မဟာ ၃ ရယ်၊ တပ်မဟာ ၅ ရယ်၊ တခြားတပ်မဟာတွေရယ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေက ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေက ပစ်မှတ်တွေက တိကျ မှန်ကန်တဲ့အခါမှာတော့ ဒေသခံလူထုတွေက ပိုပြီးစိုးရိမ်မှုဖြစ်တယ်။ ထွက်ပြေးတိမ်းရှောင်မှုက ပမာဏအားဖြင့် ပိုပြီး တိုးလာနေတာ ပေါ့နော်။”

တချို့နေရာတွေမှာတော့ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားတဲ့အတွက် အရပ်သားပြည်သူတွေ တိမ်းရှောင်ချိန်မရဘဲ ထိခိုက်သေဆုံး၊ ဒဏ်ရာရနေကြရတယ်လို့လည်းပြောပါတယ်။

“၂၀၂၄ ခုနှစ်ထဲမှာ ဒီနှစ်ထဲမှာ လတိုင်းဖြစ်ပွားနေတယ်လို့ပြောလို့ရတယ်။ တပ်မဟာ တခုမှာမဖြစ်ရင် တပ်မဟာ နောက်တခုမှာဖြစ်တယ်။ ဒီတော့ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတယ်။ တချို့ဖြစ်ရပ်တွေမှာ တိုက်ပွဲမဖြစ်ဘဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဖြစ်တာရှိပါတယ်။”

အခုဆိုရင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေက ပိုမိုလိုအပ်နေပြီး လူသားချင်းစာနာမှု အကူညီတွေရထားတဲ့၊ အတည်တကျ နေထိုင်နေတဲ့ IDPs စခန်းတွေမှာလည်း အကူညီတွေလိုအပ်နေသလို အတည်တကျမရှိဘဲ ထွက်ပြေးနေရတဲ့ ပြည်သူတွေရှိတဲ့နေရာတွေမှာ လည်း လူသားချင်းစာနာတဲ့အကူညီတွေ ပိုမိုလိုအပ်နေတယ်လို့ပြောပါတယ်။

“ကျေးလက်ဒေသ ခေါင်သီတဲ့နေရာတွေမှာတော့ လူထုအခြေပြုတွေ၊ လူသားချင်းစာနာတဲ့အကူညီတွေ လက်လှမ်းမမှီတဲ့နေရာတွေမှာလည်း လူသားချင်းစာနာထာက်ထားတဲ့အကူညီတွေ လိုအပ်နေတယ်။ နောက် အတည်အကျသတ်မှတ်ထားတဲ့ IDPs စခန်းတွေမှာတောင်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကလုံလောက်မှု မရှိဘူးလေ၊ ဒီတော့ သွားလိုက်ပြန်လိုက် လုပ်နေရတဲ့ IDPs အစုအဖွဲ့တွေအနေနဲ့ကလည်း အချိန်နဲ့တပြေးညီပြေးလွှားနေရတော့ လူသားချင်းစာနာထောက်ထားမယ့် အကူအညီတွေ လိုအပ်နေတာပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံရဲ့လူဦးရေ ၃ ပုံတပုံဖြစ်တဲ့ ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူညီတွေလိုအပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)ကပြောပါတယ်။ ဒီထဲက အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားမှု အခွင့်အရေးဆုံးရှုံးမှု၊ စားနပ်ရိက္ခာမဖူလုံမှု၊ အာဟာရချို့တဲ့မှု၊ အတင်းအကြပ် လူစုဆောင်းမှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေအပါဝင် အကာကွယ်မဲ့မှုတွေကို ကလေး ၆ သန်းက ရင်ဆိုင်နေရတယ်လို့လည်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG