သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးမှာ အမျိုးသားရင်ကြားစေ့ရေးမူ မသွေဖည်ဟု ဒေါ်စုပြော


ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ (၆၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်လာသူ ဧည့်ပရိသတ်များ။ (ဇန်နဝါရီ ၄၊ ၂၀၁၄)
ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ (၆၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်လာသူ ဧည့်ပရိသတ်များ။ (ဇန်နဝါရီ ၄၊ ၂၀၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပေမဲ့လည်း အမျိုးသားရင်ကြားစေ့ရေး၊ ညီညွတ်ရေးကို အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားကို NLD ဌာနချုပ်မှာ ကျင်းပချိန်အတွင်း အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၄ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်တဲ့ (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ဖို့ တပ်မတော်အပါအဝင် တနိုင်ငံလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။

“အဲဒီမူတွေက ဘာလဲဆိုတော့ အမျိုးသားရင်ကြားစေ့ရေး- အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့နိုင်ငံကို ညီညွတ်စေမယ့်ပုံစံမျိုးနဲ့သာ ကျမတို့တိုးတက်မှာဖြစ်မှာပါ။ နောက်ပြီးတော့လည်း ကျမတို့က စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးဆိုပြီး ပြောခဲ့ပါတယ်။ စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ စညွင့်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ မတူပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ သူ့စည်းကမ်းနဲ့သူ ရှိပြီးသားပါ။ အပြင်ကနေချမှတ်ထားတဲ့ စည်းကမ်းဘောင်အတွင်းက ဒီမိုကရေစီမျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျမတို့က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ဘူးလို့ ပြောတဲ့အခါ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အစကတည်းကနေပြီးတော့ အဖွဲ့အစည်းတစ်ခုက သတ်မှတ်ထားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ကျမတို့က စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီကို ပြည်သူလူထုရဲ့အခွင့်အရေးတွေကို အပြည့်အဝ အကာအကွယ်ပေးမယ့် ဒီမိုကရေစီမျိုးကို ဆိုလိုတာပါ။”

စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းစေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက အဓိကဖြစ်တယ်လို့ လွတ်လပ်ရေးအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျကပြောပါတယ်။

“တကယ်တော့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့အတွက်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အလေးအနက်ယုံကြည်လို့သာ ပြင်ဖို့ ပြောနေရတာကိုး။ နှစ်ပေါင်း (၆၀) ကျော်လောက် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ ဆိုးမွေ၊ ပြည်တွင်းစစ် ဆိုးမွေကြီးကို ချုပ်ငြိမ်းဖို့ဆိုတာကလည်း ငြိမ်းချမ်းရေးရရှိမှ ဖြစ်မှာကိုး။ အားလုံးကတော့ ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်နေကြတယ်၊ သို့သော် အရင်ဦးဆုံးလုပ်ရမှာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရရှိအောင် လုပ်ရမှာပဲ။ အရင်ဦးဆုံးလုပ်ရမှာက ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်က လောလောဆယ် အဓိက အဟန့်အတားဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ဖြစ်မှာ။”

အစိုးရကကျင်းပတဲ့ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနဲ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို နေပြည်တော်မှာလုပ်ခဲ့ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက်ပူးပေါင်းနေထိုင်ရေး၊ တို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားတွေက ထိန်းသိမ်းကာကွယ်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့နဲ့ ဒီမိုကရေစီနိုင်ငံတည်ထောင်ရေး ဆိုတဲ့ အမျိုးသားဦးတည်ချက်လေးရပ်ကို အဓိကထားပြောဆိုသွားခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးစုံနဲ့ဖွဲ့စည်း တည်ဆောက်ထားတဲ့ ပြည်ထောင်စုစိတ်ဓာတ် အပြည့်နဲ့ ညီညွတ်ရေးဖော်ဆောင်နိုင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အရေး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ကြိုးပမ်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

“ကျမတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားလူမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံပါ။ အဲဒီတော့ ကျမတို့တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြစ်ရေးဆိုတာကိုလည်း ကျမတို့ ဘယ်တော့မှ လက်မလွှတ်ပါဘူး။ ကျမတို့တိုင်းရင်းသားများ များပြားတဲ့အခါကျတော့ ညီညွတ်မှုကို ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့နေရာမှာတောင်မှ တော်တော်ညှိယူရမှာ ဖြစ်ပါတယ်။ အဲဒါလည်း ကျမတို့လက်ခံပါတယ်။ ဒါကို ကျမတို့အသိအမှတ်ပြုပါတယ်။ ရင်ဆိုင်ရမယ်။ ဒီစိန်ခေါ်မှုတွေကို ကျမတို့ ရင်ဆိုင်နိုင်ရမယ်၊ ကျော်လွှားနိုင်ရမယ်။ အဲဒါအတွက် အဓိကလိုအပ်တာဟာ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ပန်းတိုင် တစ်ခုတော့ ရှိရမယ်။ အဲဒီတော့ ကျမတို့အားလုံးဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခုကို လိုလားတဲ့ အခြေခံစိတ်ဓာတ်ကတော့ ရှိရမယ်။”

လွတ်လပ်တဲ့နိုင်ငံမှာ နိုင်ငံသူနိုင်ငံသားတိုင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ လွတ်လပ်ရေးကို တိုင်းရင်းသား လူမျိုးတိုင်း တန်းတူအခွင့်အရေးရနိုင်ဖို့က အရေးကြီးတယ်လို့လည်း ကိုမင်းဇေယျာက ထောက်ပြပြောဆိုခဲ့ပါတယ်။

“လွတ်လပ်ရေးဆိုတာက လူသားတိုင်း၊ လူသားတိုင်း ကိုယ့်ကံကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးခွင့်၊ နောက်ပြီးတော့ အခွင့်အရေးတွေ၊ အခွင့်အရေးတိုင်းကလည်း တန်းတူညီတူ ဖြစ်ခွင့်ပေါ့နော၊ ဒီအချက်အလက်တွေနဲ့ ပြည့်စုံမှပဲ စစ်မှန်တဲ့ လွတ်လပ်ရေးရတယ်လို့ သတ်မှတ်တာကိုး။ ကျနော်တို့ ဘိုးဘွားပြည်သူတွေက ကျွန်ဘဝကနေပြီးတော့ လွတ်လပ်ရေးရအောင်၊ သခင်ဘဝဖြစ်အောင် ကြိုးစားခဲ့တယ်ဆိုတာကလည်း ခုနကပြောတဲ့ လွတ်လပ်တဲ့အရသာတွေ လိုချင်လို့ လုပ်ခဲ့တာလေ။ အခုအချိန်မှာ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်က စစ်မှန်သော ပြည်ထောင်စုစနစ်ကြီးကို၊ စစ်မှန်သော ပြည်ထောင်စုနိုင်ငံကြီးကို ထူထောင်ဖို့ပေါ့ဗျာ။ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေဟာ ရိုးသားမှုကို အခြေခံပြီးတော့ ပွင့်လင်းမြင်သာမှုနဲ့လုပ်မယ်ဆိုရင်တော့ ကျနော်တို့တိုင်းရင်းသားတွေအကုန်လုံး လိုချင်တဲ့ တကယ့်စစ်မှန်တဲ့ လွတ်လပ်ရေးကို ရမယ်လို့ ယုံကြည်တယ်လေ။ အဲဒီအတွက်ကိုတော့ အာဏာရယူထားတဲ့လူတွေက စေတနာမှန်မှန်၊ ရိုးရိုးသားသားနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဖို့တော့ လိုတာပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ (၆၆) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားပွဲမှာတော့ တိုင်းရင်းသား ပါတ်ီအချို့က သဝဏ်လွှာပေးပို့ခဲ့တာရှိပေမဲ့ ထင်ရှားတဲ့တိုင်းရင်းသားပါတီခေါင်းဆောင်တွေ တက်ရောက်တာကို မတွေ့ခဲ့ရပါဘူး။
XS
SM
MD
LG