သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမို ဖွဲ့စည်းပုံပေါ်ပေါက်ဖို့ သမ္မတဦးထင်ကျော် တိုက်တွန်း


နိုင်ငံတော်သမ္မတ ဦးထင်ကျော် Photo: Myanmar President Office
နိုင်ငံတော်သမ္မတ ဦးထင်ကျော် Photo: Myanmar President Office

ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ သဝဏ်လွှာမှာ- ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ် ပေါ်ပေါက်လာဖို့ ပြည်သူအားလုံးဝိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းသွားပါတယ်။

နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေပြည်တော်၊ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ အလံတင် အခမ်းအနားတွေကို ကျင်းပနေကြပုံနဲ့ NLD အရပ်သားအစိုးရလက်ထက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနှစ်သာရက ဘာလဲဆိုတာကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်မှာဗြိတိသျှ ကိုလိုနီလက်အောက်ကနေ လွတ်လပ်တဲ့ မြန်မာနိုင်ငံ အဖြစ် တရားဝင် နိုင်ငံတော်အလံတင် အခမ်းအနားနဲ့ လွဲှပြောင်းရယူခဲ့တာဖြစ်ပါတယ်။

Myanmar Independence Day
Myanmar Independence Day

ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံက လွတ်လပ်ရေးကျောက်တိုင်မှာ ဒီကနေ့ မနက် ၄ နာရီ မိနစ် ၂၀ က နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားသွားပါတယ်။ အဲဒီ သဝဏ်လွှာမှာ အနာဂတ် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေး ပူူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အဓိက တိုက်တွန်းထားပါတယ်။

“ဒီမိုကရေစီ စံချိန်စံနှုန်းများနဲ့ အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ထာဝရငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိအောင် ပြည်ထောင်စုတိုင်းရင်းသား အားလုံးမှ နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင်ရေး၊ စီးပွားရေးရဲ့ အဓိကမောင်းနှင်းအားဖြစ်တဲ့ ပုဂ္ဂလိက ကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးတို့ကို တိုင်းရင်းသားပြည်သူတရပ်လုံးက အလေးအနက်ခံယူလျှက် ခိုင်မာသည့် သံဓိဌာန်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ယနေ့ ကျရောက်သည့် နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အခါသမယတွင် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။”

သမ္မတ ဦးထင်ကျော်ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာကို နိုင်ငံတဝှမ်းမှာကျင်းပမယ့် လွပ်လပ်ရေးနေ့ အခမ်းအနားတွေမှာ ဖတ်ကြားမှာဖြစ်ပါတယ်။ NLD အစိုးရလက်ထက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အနှစ်သာရ ခံယူချက်နဲ့ ပတ်သက်လို့လည်း NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်း ဦးထွန်းထွန်းဟိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“NLD အစိုးရလက်ထက်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပါ လွတ်လပ်အောင် ကြိုးစားလာတာတွေ့ရပါတယ်။ ဥပဒေပိုင်းအရကြည့်မယ်ဆိုရင်လည်း အရေးပေါ်စီမံမှုဥပဒေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုဥပဒေ၊ နောက် အရေးပေါ် ဆိုင်ရာဥပဒေမှာဆိုရင် နိုင်ငံသားအခွင့်အရေးတွေကို ပိတ်ပင်တားဆီးရာကျတယ်ဆိုပြီး ပယ်ဖျက်လိုက်တာရှိသလို၊ ပုဂ္ဂိုလ်ရေးဆိုင်ရာမှာလည်း လွတ်လပ်မှုနဲ့ လုံခြုံမှု ပေးရမယ်ဆိုပြီး ဥပဒေပြု ပြဌာန်းနိုင်ခဲ့တာတွေရှိပါတယ်။ ထို့အတူပဲ ငြိမ်းချမ်းရေးဘက်မှာဆိုရင်လည်း အများကြီး ဇောင်းပေးလာတာတွေ ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းမှာပါတဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒါတွေကို ပိုပြီး ဇောင်းပေးလာတာ တွေ့ပါတယ်။”

အရင် စစ်အစိုးရလက်ထက်က လွတ်လပ်ရေးနေ့အခမ်းအနားတွေကို အကန့်အသတ်နဲ့ ကျင်းပခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရတက်လာပြီးနောက်နိုင်ငံတဝှမ်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အရပ်သားအစိုးရလက်ထက်မှာလည်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွေနဲ့ အခြား ပျော်ပွဲရွှင်ပွဲတွေနဲ့ အနုပညာ ဖျော်ဖြေပွဲတွေကိုမြို့တိုင်း၊ ရွာတိုင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပကြမှာဖြစ်ပါတယ်။

ဒီမို ဖွဲ့စည်းပုံပေါ်ပေါက်ဖို့ သမ္မတဦးထင်ကျော် တိုက်တွန်း
please wait

No media source currently available

0:00 0:03:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG