ဒီကနေ့ကျရောက်တဲ့ ၂၀၁၅ ခုနှစ် (၆၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့တွေက နိုင်ငံတော်သမ္မတကို ချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံအခမ်းအနားနဲ့ ကျင်းပတဲ့အပေါ် နိုင်ငံရေးအရ ထူးခြားမှုလို့ တက်ရောက်သူတွေက သုံးသပ်ကြပါတယ်။ အရပ်သားအစိုးရလက်အောက်မှာ နေပြည်တော်မှာ ထူးထူးခြားခြားကျင်းပတဲ့ ဗိုလ်ရှုခံ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့ တပ်မတော်ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေး အင်အားစုတွေပါ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။အသေးစိတ်ကို ဗိုလ်ရှုခံအခမ်းအနား တက်ရောက်ခဲ့တဲ့သူတွေကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ပါလီမန်အစိုးရခေတ်နောက်ပိုင်း နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ဗိုလ်ရှုခံ အခမ်းအနားနဲ့ ၂၀၁၅ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ ဒီကနေ့ တနင်္ဂနွေနေ့ မှာ ကျရောက်တဲ့ (၆၇) ကြိမ်မြောက် လွတ်လပ်ရေးအခမ်းအနားကို ဒီနှစ် ထူးထူးခြားခြား အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ကျင်းပတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကို ကြည်း၊ ရေ၊ လေ တပ်မတော်က ဂုဏ်ပြုတပ်ဖွဲ့တွေအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အဖွဲ့အစည်းတွေ ကပါ ချီတက် ဂုဏ်ပြုအလေးပြုတဲ့ ဗိုလ်ရှုသဘင်အခမ်းအနား ကျင်းပခဲ့တဲ့မြင်ကွင်းကို တက်ရောက်ခဲ့တဲ့ ပအိုပ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။
“နှစ်ပေါင်း ၅၀ ကျော် မကျင်းပဖြစ်ခဲ့တဲ့ ဗိုလ်ရှုခံသဘင်ကို အရင် သမ္မတကြီးတွေလက်ထက်ကလုပ်သလိုပေါ့လေ၊ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေရယ်၊ နောက်တခါ ပြည်သူလူထုမှာ ဌာနဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ပြည်သူလူထုတွေပါတယ်။ နောက် မီးသတ်တို့၊ အရပ်ဘက်၊ စစ်ဘက် အားလုံးကနေပြီးတော့ သမ္မတကို ချီတက်အလေးပြုကြတာပေါ့။”
ဒီလို နိုင်ငံရေးအရ ထူးခြားတဲ့နှစ် ၂၀၁၅ခုနှစ်ရဲ့လွတ်လပ်ရေးနေ့ အခမ်းအနားကို ထူးထူးခြားခြား ဗိုလ်ရှုခံ အခမ်းအနားအဖြစ် ကျင်းပတာဟာ အုပ်ချုပ်သူ အစိုးရ လက်အောက်မှာ တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေ တည်ရှိတယ်ဆိုတာ ပြသရာရောက်တယ်လို့ တက်ရောက်သူတွေက ရှုမြင်ပါတယ်။ ဗိုလ်ရှုခံအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခွင့်ရသူ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သူ့အမြင် အခုလို ပြောပါတယ်။
“ဒီဥစ္စာလည်း အစိုးရအဖွဲ့သက်တမ်းရဲ့ သုံးနှစ်မြောက်ပြီးမှပေါ့နော်- (၄) နှစ်မှာ ကျင်းပတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ကျေးဇူးသစ္စာကိုခံတယ်။ အအုပ်ချုပ် အထိန်းသိမ်းအောက်မှာ အထိန်းချုပ်အောက်မှာ ရှိတယ်ဆိုတဲ့သဘောတော့ ပြညွှန်းတာပေါ့နော်။ ဒီမိုကရေစီအစိုးရတရပ်ရဲ့အောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ ဒီမိုကရေစီအစိုးရတရပ်ရဲ့ဦးဆောင်မှုနဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ အတွက် ဦးဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ ရှေ့မှာ ထိုင်နေပေးကြတယ်။ ကျနော်တို့အမြင်မှာတော့ နောင်လာမယ့် အစိုးရသစ်တရပ်အတွက်ရော နောက်နှစ်အတွက်ရော ဒီလိုအစဉ်အလာမျိုးကို ရှေ့ဆက်ယူဆောင်သွားမယ်ဆိုရင် ဒီလိုမျိုးအခမ်းအနားကို ကောက်ကာငင်ကာ ကျင်းပတာလား၊ ဒါလေးတွေကလည်း ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် အကျင့်လေးတွေဖြစ်သွားအောင်များ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့အစိုးရအဖွဲ့က ရည်မှန်းသလားပေါ့နော်။ နောင်လာမယ့်အစိုးရဟာ လက်ရှိအစိုးရသစ်တို့လို တပ်မတော်ကအသွင်ပြောင်းလာတဲ့ခေါင်းဆောင်၊ တနည်းအားဖြင့် နိုင်ငံတော် အကြီးအကဲဟာ တပ်မတော်က အသွင်ပြောင်းလာတဲ့ခေါင်းဆောင် မဟုတ်ရင်လည်းပဲ နိုင်ငံတော်အကြီးအကဲဖြစ်တာမို့လို့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးရဲ့ ဥသျှောင်အနေနဲ့ အခုနကလို အခမ်းအနားကျင်းပပြီး လွတ်လပ်ရေးနေ့ အခါသမယမှာ ဒီလိုပဲ ချီတက်အလေးပြုတာမျိုး၊ ဂုဏ်ပြုတာမျိုး လုပ်အပ်တယ်ဆိုတဲ့အစဉ်အလာကို ယူချင်လို့များလားဆိုတာမျိုးတော့ ကျနော်တို့ အများကြီးတွေးလို့ရတာပေါ့။”
မြန်မာနိုင်ငံရဲ့ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ရှုခံ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းနေဆဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစုတွေ တက်ရောက်ခဲ့တာဟာ မြန်မာ့နိုင်ငံရေးအတွက် ထူးခြားတဲ့နှစ်အဖြစ် ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။
အခုလို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးညှိနှိုင်းဖို့ဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေပါဒီဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်တဲ့အချိန် တပ်မတော်သားတွေရဲ့ စစ်အင်အားပြ ချီတက်အလေးပြုခံ နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့ တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့ လွတ်လပ်ရေးမိန့်ခွန်းနဲ့ပတ်သက်လို့ ပအိုပ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။
“သမ္မတရဲ့မိန့်ခွန်းထဲမှာပါတာကတော့ နိုင်ငံရေးတည်ငြိမ်မှုရဖို့၊ ငြိမ်းချမ်းရေးရဖို့နဲ့ နောက်တခါ လူမှုစီးပွားဘဝ ဖွံ့ဖြိုးဖို့၊ အဲဒီအခြေခံတွေကို ပြောသွားတာဖြစ်ပါတယ်။ နောက်တခုကတော့၊ အဓိကအချက်ကတော့ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွေ ရနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ စတဲ့အချက်တွေအပေါ်မှာ အဓိကထားပြီး ပြောသွားတာကို ကျနော်အားရပါတယ်။”
အစိုးရရုံးစိုက်ရာ နေပြည်တော်မှာကျင်းပတဲ့ ဗိုလ်ရှုသဘင်အခမ်းအနားကို ဇန်နဝါရီလ (၄)ရက်နေ့ မနက် လေးနာရီ မိနစ် ၂၀ မှာ ဗိုလ်ရှုသဘင် နိုင်ငံတော်အလံတင်အခမ်းအနားနဲ့စတင်ဖွင့်လှစ်ပြီး ဗိုလ်ရှုခံစင်မြင့်ထက်က နိုင်ငံတော်သမ္မတကို စစ်ရေးပြကွင်းထဲမှာ အလံကိုင်တပ်ဖွဲ့တွေ စစ်တီးဝိုင်းတပ်ဖွဲ့တွေ၊ ကြည်း၊ ရေ၊ လေ တပ်မတော်သား စစ်ရေးပြတပ်သားတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေက ချီတက်အလေးပြုကြပြီးတဲ့နောက်မှာ နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးပါတယ်။ အဲဒီနောက် သမ္မတက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားပါတယ်။
ဗိုလ်ရှုခံအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံ ကြည်း၊ရေ၊ လေ တပ်မတော်ပိုင်းဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌ၊ နာယကတွေ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အစိုးရဝန်ကြီးဌာနအသီးသီးက ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးအသီးသီးက အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရနဲ့ လက်ရှိ စစ်ရေးတင်းမာမှုရှိနေတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ တက်ရောက်တာ မတွေ့ရပါဘူး။
ညပိုင်းမှာတော့ နေပြည်တော်မှာပဲ သမ္မတဦးသိန်းစိန်က တည်ခင်းဧည်ခံတဲ့ လွတ်လပ်ရေးညစာစားပွဲကို နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။
တချိန်တည်းမှာတော့ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတွေ စုဝေးပြီး ဒီကနေ့ညနေပိုင်းမှာ လွတ်လပ်ရေးနေ့ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကို ဝေဖန်ပြောဆိုပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တတ်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရန်ကုန်တော်ဝင်နှင်းဆီခန်းမမှာ လွတ်လပ်ရေးနေ့ အခမ်းအနားပြုလုပ်ပြီး အဲဒီမှာတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။