သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အင်တာနက် ဆက်သွယ်မှု နှေးကွေး


မြန်မာနိုင်ငံမှာ အင်တာနက် ဆက်သွယ်မှု နှေးကွေး

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းတွေအတွင်း အင်တာနက်လိုင်းတွေဟာ သုံးလို့မရအောင် နှေးကွေးလွန်းတာ၊ လိုင်းပြတ်တောက်တာတွေ ဖြစ်နေပါတယ်။ ဒါဟာ ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ သတင်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို နိုင်ငံတကာနဲ့ အမြန်ဆက်သွယ်နိုင်မယ့် အင်တာနက် လိုင်းတွေကို စစ်အစိုးရက စတင် ကန့်သတ်နေပြီလို့ ဝေဖန် သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ညအချိန်မှာ အင်တာနက် ဆက်သွယ်မှုတွေ ခပ်နှေးနှေးသာ ရနေပြီး မနက်ကနေ ညနေစောင်းထိ လုံးဝကို သုံးလို့မရအောင် ပြတ်နေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၄ ရက်လောက်က စဖြစ်နေတာမို့ အရင်ကတော့ မုန်တိုင်းကြောင့်များလားလို့ တွက်ဆကြပေမဲ့ အခု မုန်တိုင်းရပ်သွားပေမဲ့လည်း အင်တာနက်လိုင်းတွေ သုံးမရအောင် ပြတ်တောက်နေဆဲပဲလို့ အင်တာနက် သုံးသူတွေက ပြောပါတယ်။ အထူးသဖြင့် အင်တာနက်ဆိုင်တွေကို ပိတ်ထားရတာ ဒီနေ့ဆို ၄ ရက်ရှိနေပြီမို့ သူတို့ရဲ့ စီးပွားရေးဟာ အတော်ထိခိုက်နေတယ်လို့ အင်တာနက် ဆိုင်ရှင်တဦးက ပြောပါတယ်။

“သုံးလေးရက် ရှိသွားပြီ။ အရင်ကတော့ ဆက်သွယ်ကြည့်တယ်။ သူတို့က ပြောလို့ရှိရင် ကျမတို့က ၀န်ထမ်းတွေ၊ ဖြေခွင့်မရှိဘူးလို့ပဲ ပြောတယ်။ အစကတော့ မုန်တိုင်းကြောင့်လို့ လူတွေက ထင်ကြတယ်။ နောက်ပိုင်းကျတော့ မုန်တိုင်းကလည်း ပြီးသွားပြီ၊ ငြိမ်သွားပြီ။ ဒါပေမဲ့ ဆက်ပျက်နေလို့ လူတွေကတော့ ရွေးကောက်ပွဲကြောင့်လို့ပဲ ထင်ကြတယ်။

“အဓိကတော့ ကလေးတွေက ချတ်တင်တွေဆိုတော့ ဘာမှ သိပ်မဖြစ်ဘူး။ လူကြီးပိုင်းတွေကတော့ တော်တော်စိတ်ညစ်တယ် အမ။ စီးပွားရေးလုပ်တဲ့ လူတွေအနေနဲ့၊ ဆိုင်မှာလာတဲ့ လူကြီးတွေကတော့ တော်တော်ညည်းတယ်။ အားလုံးကို လိုက်မေးကြည့်တာ၊ အကုန်လုံးက မရဘူး။ အခု ရန်ကုန်က အဆိုးဆုံး ဖြစ်နေတယ်။ စီးပွားရေးကတော့ မဖွင့်ရသလောက်ပဲဆိုတော့ တော်တော်တော့ ထိခိုက်တယ်။”

အင်တာနက် ဆိုင်ပိုင်ရှင်တဦး ပြောခဲ့တာ ဖြစ်ပါတယ်။

အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းတွေ ဖြစ်ကြတဲ့ ရတနာပုံ တယ်လီပို့တ်၊ Red Link နဲ့ ပုဂံဆိုက်ဘာတို့ကို ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ် မေးမြန်းပေမဲ့ တယ်လီဖုန်းကိုင် ဖြေဆိုမယ့်သူ လုံးဝမရှိပါဘူး။ အင်တာနက် ဆက်သွယ်မှုတွေ မရလို့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေဟာ အတော်လေး ဒုက္ခရောက်နေတာမို့ လုပ်ငန်းတွေမှာ ထိခိုက်မှု ဖြစ်နေတယ်လို့ ရန်ကုန်အခြေစိုက် ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

“ထိခိုက်ပါတယ်၊ ကွန်နက်ရှင် မကောင်းတဲ့ အတွက်ကြောင့်။ တယောက်နဲ့တယောက် မေးလ်နဲ့ ဆက်သွယ်ရတဲ့ အခါကြတော့ ဒီ အင်တာနက် မရရင် ကျနော်တို့က ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူးပေါ့။ တယ်လီဖုန်းကတော့ မသုံးဖြစ်ဘူးဗျ။ တယ်လီဖုန်းက အကုန်အကျလည်း များတယ်။ မေးလ်ကတော့ ထိရောက်တာ နှုတ်တရာ၊ စာတလုံးဆိုတော့ စာနဲ့ပဲ ပို့ကြတယ်။ အခုက D-form လျှောက်ရင်တောင်မှ အင်တာနက်ရှိမှ လျှောက်လို့ရတာကိုး။ ဒီရက်ပိုင်းမှာပဲ တောက်လျှောက်ပျက်တာ၊ ပျက်လိုက် လာလိုက်နဲ့။ အဲတော့ ရတဲ့အချိန်မှာ ရအောင်သုံးပေါ့၊ ဒါပဲ ရှိမှာပေါ့။”

အခုလို အင်တာနက်လိုင်းတွေ သုံးမရအောင် ပြတ်တောက်နေတာဟာ သတင်းနဲ့ ဆက်သွယ်မှုဆိုင်ရာတွေကို ထိန်းချုပ် ကန့်သတ်မှုကြီးတဲ့ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲရက် နီးလာလို့သာ ဖြစ်တယ်လို့ အားလုံးက ခန့်မှန်းကြပါတယ်။ ဒါကြောင့် နိုင်ငံခြား သတင်းဌာနတွေအတွက် မြန်မာပြည်ထဲမှာ အခြေစိုက် လုပ်နေသူတွေကတော့ ရွေးကောက်ပွဲရက်မှာ သတင်းတွေကို သက်ဆိုင်ရာ ဌာနတွေကို ဘယ်လိုနည်းတွေနဲ့ အလျှင်အမြန် ပို့နိုင်မလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေ ဆွေးနွေးနေကြရပါတယ်။

မြန်မာစစ်အစိုးရ အတွက်တော့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီးတုန်းက သတင်းပေါက်ကြားမှုတွေဟာ သူတို့အတွက် အမြဲ သင်ခန်းစာ ရနေသလို အခု ရွေးကောက်ပွဲ အကြိုကာလထဲမှာ ဖြစ်နေတဲ့ သတင်းတွေ အတွက်လည်း သတိထား ကန့်သတ်မှုတွေဟာ ပိုကြီးလာမယ်လို့လည်း သတင်းသမားတွေက တွက်ဆထားကြတာပါ။ အခုဆိုရင်ပဲ သတင်းသမားတွေကို အာဏာပိုင်တွေက စောင့်ကြည့်နေတာမျိုးတွေ ရှိနေပြီလို့ ပြည်တွင်း သတင်းသမားတဦးက ပြောပါတယ်။

“သူကတော့ အရေးကြီးတဲ့ အချိန်မှာ အင်တာနက်တွေကိုတော့ အမြဲတမ်း လုပ်လေ့ရှိတယ်လေ။ ၂၀၀၇ စက်တင်ဘာတုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တာပဲ။ ရွေးကောက်ပွဲကလည်း တဖက်သတ် ညစ်ပတ်မယ်ဆိုတဲ့ သဘောတွေရှိတော့ သူက ဒါကို အဓိက ကိုင်တွယ်တဲ့သဘော ဖြစ်ပါတယ်။ အခက်အခဲတွေ အများကြီး ရှိတယ်ဗျာ။ ဓာတ်ပုံရိုက်ခွင့်လည်း မရှိဘူး။ သဘောတခုမှာ သူတို့ လူကြီးတွေ သွားတဲ့ဟာပေါ့၊ ရိုက်မယ်၊ အဲဒါတခုပဲပေါ့။ ကျန်တဲ့မဲရုံတွေတော့ ထိတွေ့ခွင့်ပေးမယ် မထင်ဘူးဗျ။ အဲဒီမှာ သွားပြီး ထိတွေ့ရင် သူက နှောင့်ယှက်တဲ့ ဥပဒေနဲ့တောင် အရေးယူလို့ရတယ်။

“အခု တောင်ဥက္ကလာက ဗလီကိစ္စတို့ ဘာတို့ ဒီသတင်း ထွက်သွားတဲ့အခါ သူတို့ကြံ့ဖွံ့မှာ အများကြီး သက်ရောက်မှုရှိတဲ့အတွက် သူတို့က ဒါတွေကို ကြိုတင် ကာဗာလုပ်တဲ့ သဘောလည်း ဖြစ်ပါတယ်။ သတင်းသမားတွေ သွားရင် ဒေါက်ထောက် ကြည့်တာတို့၊ နိုင်ငံရေးပါတီတွေ စာဝေတယ် ဆိုရင်လည်း ရဲကအစ၊ သတင်းပေးကအစ လိုက်ပြီး စောင့်ကြည့်တဲ့သဘော ရှိတယ်။ လမ်းဆုံလမ်းခွတိုင်းမှာ၊ ရပ်ကွက်တိုင်းမှာ ရှိတယ်။”

ပြည်တွင်း သတင်းထောက်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ မြန်မာတနိုင်ငံလုံးကို လေကြောင်းလိုင်းနဲ့ တင်ပို့ ဖြန့်ချိနေတဲ့ သတင်းဂျာနယ်တွေကို အောက်တိုဘာ ၂၅ ရက်နေ့ကစလို့ လေကြောင်းလိုင်းတွေက တင်ပို့ခွင့် မပြုတော့တဲ့အကြောင်း Weekly Eleven ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။ အကြောင်းကတော့ ဘိတ်ဘက်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားတဲ့ စာတွေ ဖြန့်ဝေခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒီစာတွေဟာ လေယာဉ်တွေနဲ့ တင်ပို့တယ်လို့ ယူဆတဲ့အတွက် လေကြောင်းလိုင်းတွေက သတင်းဂျာနယ်တွေ သယ်ယူ ဖြန့်ချိပေးနေတဲ့ လုပ်ငန်းကို ရပ်လိုက်တယ်လို့လည်း အဲဒီ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။

XS
SM
MD
LG