သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ နိုင်ငံတကာစံနှုန်းအတိုင်း အကဲခတ်နိုင်ဖို့ Carter Center မျှော်လင့်


၂၀၁၀ ရွေးကောက်ပွဲ မဲရေတွက်ရန်ပြင်ဆင်နေသည့် မဲရုံမှူးတစ်ဦး။
၂၀၁၀ ရွေးကောက်ပွဲ မဲရေတွက်ရန်ပြင်ဆင်နေသည့် မဲရုံမှူးတစ်ဦး။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကုန်လောက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တခုအနေနဲ့ ရေရှည်စောင့်ကြည့်လေ့လာဖို့ စိတ်ဝင်စားတဲ့အကြောင်း အမေရိကန်သမ္မတဟောင်းတဦးဖြစ်သူ ဂျင်မီကာတာ ထူထောင်ဖွဲ့စည်းထားတဲ့ Carter Center အဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။ တနင်္လာနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေကိုလာခွင့်ပြုမယ့်အကြောင်း တရားဝင်ပြောဆိုတဲ့အပေါ်မှာ အခုလိုတုံ့ပြန်လိုက်တာပါ။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ Carter center ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကြိုးပမ်းနေတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တခုအနေနဲ့ အကဲခတ်လေ့လာပြီး အစီရင်ခံပြုစုနေတာပါ။ အခု မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ ရွေးကောက်ပွဲတွေမှာ စောင့်ကြည့်လေ့လာဖို့ သူတို့အနေနဲ့ စိတ်ဝင်စားမှု အပြည့်ရှိတဲ့အကြောင်း ဗွီအိုအေကိုပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ Carter Center ရဲ့ဒီမိုကရေစီရေးရာ တွဲဖက်ညွန်ကြားရေးမှူး Avery Davis-Roberts က အခုလိုပြောပါတယ်။

“Carter Center အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံမှာကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တခုအနေနဲ့လေ့လာစောင့်ကြည့်ဖို့ စိတ်ဝင်စားပါတယ်။ မကြာခင်အနာဂတ်မှာ ရွေးကောက်ပွဲ ရေရှည်စောင့်ကြည့်သူတွေအဖြစ် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်လို့လည်း ကျမတို့မျှော်လင့်ထားတာပါ။ ဒါအပြင် Carter Center ရဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေဟာ နိုင်ငံတကာရွေးကောက်ပွဲအကဲခတ်များအတွက် ချမှတ်ထားတဲ့ ဥပဒေ စည်းမျည်း စည်းကမ်းအတိုင်းဆောင်ရွက်နေပါတယ်။”

အသက် (၉၀)ရှိနေပြီဖြစ်တဲ့ သမ္မတဟောင်း ဂျင်မီကာတာကိုယ်တိုင်လည်း ၂၀၁၃ ခုနှစ်၊ ဧပြီလက မြန်မာနိုင်ငံကိုသွားရောက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်အစိုးရအပါအဝင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အခု လက်ရှိကာလမှာ Carter Center ဟာ အခြားနိုင်ငံတကာအဖွဲ့တွေနဲ့ပူးပေါင်းပြီး တူနီရှား၊ မိုဇန်းဘတ်နဲ့ အီဂျစ်နိုင်ငံတွေက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို စောင့်ကြည့်လေ့လာနေပါတယ်။

နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေအတွက် ရွေးကောက်ပွဲရက်မတိုင်ခင် ရက်အနည်းငယ်နဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့အပြင် ရွေးကောက်ပွဲ နောက်ပိုင်းကာလတွေမှာ စောင့်ကြည့်လေ့လာမှုက အဓိက အရေးပါပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ ပွင့်လင်း၊ တရားမျှတမှု ရှိစေဖို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ လာရောက်တဲ့အခါမှာ လုပ်ပိုင်ခွင့်အပြည့်ပေးဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံကို ရွေးကောက်ပွဲအကဲခတ်တွေကို စေလွှတ်ဖို့ အဆင့်သင့်ရှိကြောင်း ဥရောပသမဂ္ဂရဲ့ ပထမဆံ ုးမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia က ပြောဆိုထားတာပါ။ တကယ်လို့များ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေထားဖို့ အစီအစဉ်ရှိမယ်ဆိုရင် ဥရောပ သမဂ္ဂအနေနဲ့ အကူအညီပေးချင်ကြောင်းသူက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုနိုင်ငံတကာက လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေ ကြောင့်လည်း မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို ပိုပြီး သိက္ခာတက်စေတယ်လို့ သံအမတ်ကြီး Roland Kobia ကဆိုပါတယ်။ မြန်မာနိုင်ငံမှာ၂၀၁၀ ပြည့် ရွေးကောက်ပွဲကျင်းပချိန်တုန်းကတော့ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ် လက်ခံတာမျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပချိန်မှာ စောင့်ကြည့်လေ့လာဖို့ အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူ နှစ်ဦးနဲ့ သတင်းထောက် ၃ ဦး လာရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အပြင် အာဆီယံအပါအဝင် အီးယူ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေကိုပါ လာရောက် စောင့်ကြည့်လေ့လာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်ခဲ့ပါတယ်။

လာမယ့် ၂၀၁၆ ဇန်နဝါရီလ ၃၁ ရက် နေ့မှာ လွှက်တော်သက်တမ်းကုန်မှာ ဖြစ်ပြီး လွှက်တော် ဒုတိယသက်တမ်း ခေါ်ပေးနိုင်ဖို့ ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ မဖြစ်မနေကျင်းပမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့ပါတယ်ရှင်။

XS
SM
MD
LG