သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ထိုင်းလွှတ်တော်မှာ ဆွေးနွေးမည်


ထိုင်းလွှတ်တော်တွင်းခန်းမ မြင်ကွင်း။ (ဇူလိုင် ၁၉၊ ၂၀၂၃)
ထိုင်းလွှတ်တော်တွင်းခန်းမ မြင်ကွင်း။ (ဇူလိုင် ၁၉၊ ၂၀၂၃)

မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ထိုင်းလွှတ်တော်မှာပြုလုပ်မယ့် “မြန်မာနဲ့ မြန်မာရဲ့ ထိုင်းနယ်စပ်အပေါ် လုံခြုံရေးအရ သက်ရောက်မှု” ခေါင်းစဉ်နဲ့ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိုင်းအစိုးရအဖွဲ့အရေးပါသူတွေနဲ့အတူ တက်ရောက်ဖို့ မြန်မာဒီမိုကရေစီ အင်အားစုတွေကိုပါ ထူးထူးခြားခြား ဖိတ်ကြားထားပါတယ်။ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ဦးဆောင်ခဲ့တဲ့ Move Forward ပါတီက Pita Limjaroenrat ပါပါဝင်မယ့် ဒီဆွေးနွေးပွဲကနေ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ ဦးဆောင်ဆွေးနွေးမယ့်သူတွေထဲက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ၊ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဝင်တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ဒီ စနေနဲ့တနင်္ဂနွေမှာလုပ်မဲ့ "အာဏာသိမ်းပြီး ၃ နှစ်အကြာ" လို့ ခေါင်းစဉ်ကြီးတပ်ထားတဲ့ အခု ဆွေးနွေးပွဲရဲ့ထူးခြားမှုကို ဒုတိယနေ့မှာ အဓိကအဖွင့်မိန့်ခွန်းပြောဖို့ရှိတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya က အခုလိုပြောပါတယ်။

“ကောင်းတဲ့ အစပျိုးလုပ်ရပ်ပါ။ ထိုင်း လွှတ်တော် ပါလီမန်အမတ်တချို့အနေနဲ့ စလုပ်တာပေါ့။ ထိုင်းအတိုက်အခံ Move Forward ပါတီက စလုပ်တာထင်ပါတယ်။ သူတို့ ပြီးပြည့်စုံကောင်းမွန်တဲ့ အစီအစဉ် ဆွဲလိုက်နိုင်ပါတယ်။ ထိုင်းအစိုးရထဲမှာ အရေးပါသူအားလုံးကို ဖိတ်လိုက်နိုင်တယ်။ အထူးသဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းစစ်တပ်ဦးစီးချုပ်၊ နောက် ထိုင်းလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ပါ ဖိတ်ထားတယ်လို့ ကျနော်ထင်တယ်။ အဲ့ဒိတော့ နိုင်ငံခြားရေးအပါအဝင် ထိုင်းအစိုးရကဏ္ဍအသီးသီးက အကြီးတန်းအရာရှိတွေ စုံအောင်ဖိတ်ထားတာပေါ့။ အခုလိုလုပ်တာက အချိန်ကိုက်ပါ၊ မြန်မာနိုင်ငံမှာ အခုဖြစ်နေတာတွေကို ရပ်တန့်ဖို့ ထိုင်းအစိုးးရဘက်က စလုပ်ဖို့လိုအပ်လာချိန်လေ။”

"မြန်မာနဲ့ မြန်မာရဲ့ထိုင်းနယ်စပ်အပေါ် လုံခြုံရေးအရသက်ရောက်မှု" လို့ ခေါင်းစဉ်ငယ်တပ်ထားပြီး မတ်လ ၂ ရက်နဲ့ ၃ ရက်- နှစ်ရက်ကြာလုပ်မဲ့ ဒီပွဲရဲ့ပထမနေ့မှာ နိုင်ငံရေး ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အခုလိုပြောပါတယ်။

"ထိုင်းအစိုးရကလုပ်မဲ့ကိစ္စက ploicy re-orientation ပြန်လုပ်နေတော့ လွှတ်တော်ဘက်ခြမ်းကရော၊ advocacy လုပ်ကြတဲ့အစုအဖွဲ့တွေရော၊ နောက် အစိုးရအဖွဲ့ကလူတွေကရော၊ ဒီအသံတွေကို စုဆောင်းနေတဲ့ policy formulation လုပ်ဖို့လို့ပေါ့လေ၊ ဒီလိုမျိုးပွဲတွေ လုပ်နေတယ်လို့ပဲ နားလည်ပါတယ်။ ဒီပွဲတပွဲတည်းမဟုတ်ပါဘူး။ အခုရက်ပိုင်းလုပ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ထိုင်းမှာလုပ်နေတဲ့ပွဲပေါင်းက လေး-ငါး- ခြောက်ပွဲ သတိထားမိနေတာ ရှိတယ်လေ။ အခုချိန်ထိ sounding လုပ်နေတုန်း။ ဝိုင်းပြီးတော့ advocate လုပ်နေကြတယ်လို့ပဲ ကျမတော့ နားလည်ပါတယ်။"

ဒါ့အပြင် အခု ဆွေးနွေးပွဲရဲ့ ထူးခြားမူအပေါ်လည်း နိုင်ငံရေးခေါင်းစဉ်အောက်ကနေ ဦးဆောင်ဆွေးနွေးမဲ့ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင် ဦးတိုးကျော်လှိုင်ကလည်း အခုလို ရှင်းပြပါတယ်။

"ဒီပွဲက နွေဦးတော်လှန်ရေးမှာ ဦးဆောင်တဲ့အင်အားစုတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ နောက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ထိုင်းလွှတ်တော်အနေနဲ့ ပထမဆုံး တရားဝင်ဖိတ်တဲ့ပွဲဗျ။ အဲဒီတော့ ထိုင်းလွှတ်တော်မှာ Move Forward ပါတီက အများစုအနိုင်ရထားတာဖြစ်တယ်ပေါ့နော်၊ သူတို့ကတော့ ကျနော်တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲကို သူတို့လိုလားတယ်ဆိုတာကို ဒါ ထင်ထင်ရှားရှား ပြသတာဖြစ်တယ်။ ထိုင်းအစိုးရအနေနဲ့ကတော့ ဘယ်လိုသဘောထားမယ်ဆိုတာကို ကျနော်တို့မသိသေးဘူးပေါ့ဗျာ။ အဲဒီတော့ ဒီပွဲ ဘယ်လိုထူးခြားမလဲဆိုတဲ့ဟာကတော့ ထိုင်းလွှတ်တော်နဲ့ ထိုင်းအစိုးရသဘောထားညှိနှိုင်းမှုတွေအပေါ်မှာ မူတည်မယ်လို့တော့ သုံးသပ်ပါတယ်ဗျ။"

တချိန်တည်းမှာ မတ်လ ၃ ရက်နေ့မှာ အဖွင့်မိန့်ခွန်းပြောမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit က ဘာကြောင့် အခုလို အချိန်မှာ ဒီပွဲလုပ်ဖို့ အရေးကြီးပုံကို အခုလို ထောက်ပြပါတယ်။

“မြန်မာဘက်ကနေ ထိုင်းမြန်မာဆက်ဆံရေးအပေါ် အထွေထွေ သက်ရောက်မှုအပြင် အတိအကျအားဖြင့် မြန်မာဘက်ကနေ ထိုင်-မြန်မာနယ်စပ်ကိုလာပြီး ထိခိုက်လာတာပါ။ ဒုက္ခသည်တွေ၊ နိုင်ငံရေးခုံလှုံခွင့်လျှောက်သူတွေ၊ နောက် ရာဇဝတ်ဂိုဏ်းလုပ်ရပ်တွေ စသည်ဖြင့် ဒီ နယ်စပ်ကို ရောက်လာပါတယ်။ ဒါကြောင့် ထိုင်းဘက်အနေနဲ့ အထူးသဖြင့် ထိုင်းလွှတ်တော်အနေနဲ့ ထိုင်းအစိုးရထဲက ကဏ္ဍအသီးသီးမှာ အရေးပါသူတွေရဲ့ တင်ပြချက်တွေ၊ နောက် နိုင်ငံခြား ကျွမ်းကျင်သူတွေ အကြံပြုတာတွေ စတာတွေကို အမြင်ဖလှယ်ကြဖို့ အားလုံးအတွက် အချိန်ကိုက်ပါ။ အဓိကကတော့ ထိုင်းအစိုးရအပြင် အာဆီယံ ၊ နောက် နိုင်ငံတာကအသိုင်းအဝိုင်းနဲ့ပါတွဲပြီး မြန်မာပြည်အတွက် တကယ် ပစ်ခတ်နေတာတွေရပ်ပြီး ငြိမ်းချမ်းတဲ့အဖြေရအောင် လမ်းရှာရမှာပါ။”

အဲ့ဒိတော့ ဒီဆွေးနွေးပွဲကနေ သက်ရောက်နိုင်မှုအပေါ် ဆက်မေးရာမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit က အခုလို ဆက်ရှင်းပြပါတယ်။

“အလေးအနက်ရှိမဲ့ ဆွေးနွေးပွဲလို့ ထင်ပါတယ်။ တခုခု ထိရောက်နိုင်တာ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ လက်ရှိ မြန်မာအပေါ် မူဝါဒတွေ အလုပ်မဖြစ်တာကိုသတိပြုမိပြီး လမ်းကြောင်းပြန်ထိန်းညှိဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ မြန်မာမှာဖြစ်နေတာတွေက နိုင်ငံတကာမှာ နိုင်ငံများစွာအတွက် လက်ခံနိုင်စရာမရှိဘူးလေ။ ကျနော်ကိုယ်တိုင်လည်း အရင်ထိုင်းအစိုးရနဲ့ လက်ရှိ ထိုင်းအစိုးရရဲ့ မူဝါဒလမ်းကြောင်းကို စိတ်ပျက်လာနေခဲ့တာပါ။ ဒီမိုကရေစီလိုချင်တဲ့ မြန်မာပြည်သူတွေအတွက် အထောက်အကူမဖြစ်ဘူးလေ။”

အဲ့ဒိတော့ အထောက်အကူဖြစ်အောင် ဘယ်လို လုပ်ဖို့ အကြံပြုချင်ပါလဲလို့ မေးရာမှာလည်း ဝန်ကြီးဟောင်း Kasit ကပဲ အခုလို ဒီမိုကရေစီနဲ့ တိုင်းရင်းသားအင်အားစု အရေးပါတဲ့ဘက်ကိုလည်း တရားဝင်တွေ့ဆုံဆွေးနွေးဖို့ အကြံပြုပါတယ်။

အဲ့ဒိတော့ ထိုင်းအစိုးရအနေနဲ့ အခုလို အရေးပါတဲ့ဘက်နဲ့မတွေ့တဲ့အပေါ် ထိုင်းအစိုးရကို ဘာပြောချင်ပါလဲလို့ ဆက်မေးတာမှာ ဝန်ကြီးဟောင်း Kasit က အခုလို အလေးအနက် ပြောလိုက်ပါတယ်။

“မြန်မာပြည်ထဲ ပြည်သူတွေ သေနေကြရပါပြီ။ ပြည်သူတွေ အစာရေစာ ဆေးဝါးတွေ စပြီး ပြတ်လာနေပါပြီ။ သိတယ်မလား၊ သူတို့ အကူအညီလိုနေပါပြီ။ တိုက်ခိုက်နေကြတာတွေရပ်ဖို့ ဒီပြည်သူတွေ လိုအပ်နေပါပြီ။ ယေဘုယျအားဖြင့် ထိုင်းပြည်သူတွေနဲ့ အတိအကျပြောရရင် ထိုင်း နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေအနေနဲ့ပါ အခုလို မြန်မာပြည်ထဲဖြစ်နေတာတခုလုံးကို လျစ်လျူရှုထားကြမှာလား။ ကျနော်တို့ဟာ လူသားတွေပါ။ လူသားဆန်ဖို့အရေး တွန်းတွန်းတိုက်တိုက်ကို စလုပ်ရပါတော့မယ်။ လိုအပ်နေတဲ့ မြန်မာပြည်သူတွေ၊ မိတ်ဆွေတွေအတွက် စလုပ်ပေးရတော့မှာပါ။”

တကယ်တော့ အခုကျင်းပမဲ့ ထိုင်းလွှတ်တော်ထဲကဆွေးနွေးပွဲကို လက်ရှိထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်တက်မဲ့အပေါ် စစ်ကောင်စီဘက်က မကျေမနပ်ဖြစ်နိုင်ပြီး မတက်ဖို့ တိုးတိုးတိတ်တိတ် ဖိအားပေးနိုင်တယ်လို့ ဒီဆွေးနွေးပွဲနဲ့ နီးစပ်သူတွေကလည်း ထောက်ပြနေကြပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG