သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်စိမ်းမြေစာပုံ ပြိုကျမှု လူအများအပြား ပျောက်ဆုံး


ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ သောကြာနေ့က မြေစာပုံ ထပ်ပြို ပြီး လူတွေ သေဆုံး ပျောက်ဆုံးတာတွေ ထပ်ဖြစ်ခဲ့ပါတယ်။ ပြိုကျ ခဲ့တဲ့ မြေစာပုံထဲမှာ နစ်မြုပ်နေတဲ့ ရေမဆေးကျောက် ရှာဖွေသူ အနည်းဆုံး ၅၀ လောက်ရှိမယ်လို့ ခန့်မှန်းရပြီး၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီသတင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ်စမတ်နေ့ ညနေ ၃ နာရီခွဲမှာ ဥရုချောင်းရဲ့ အနောက်ဘက်ကမ်း၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ အုပ်စု၊ မမုံ ကျေးရွာ တောင်ဘက်၊ ရှမ်းစုကျေးရွာအနီးက၊ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေ မြေစာသွန်တဲ့နေရာက မြန်မာ တကောင်း ကုမ္ပဏီရဲ့ မြေစာပုံ ပြိုကျခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ အလောင်းတွေကို တူးဖော်နေဆဲဖြစ်လို့ အသေအပျောက် အရေအတွက် အတိအကျ မသိရသေးဘူးလို့ အဲဒီ ပြိုကျခဲ့တဲ့ မြေစာပုံ နေရာကို ကိုယ်တိုင် သွားရောက် ကြည့်ရှခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်က ပြောပြပါတယ်။

”ဒီရေမဆေးကျောက် အတူတူရှာတဲ့ အထဲက လွတ်မြောက်လာတဲ့ ကလေးတွေက ပြောပြတာပါ။ အနည်းဆုံး လေးငါးဆယ်လောက်တော့ ရှိနိုင်တယ်။ အလောင်းတွေ ပြန်ဖော်ဖို့က နည်းနည်းခက်ခဲတယ်။ အရင် ၁၁၄ဦး သေတဲ့ တစ်သုံးလုံးမြေစာပုံနဲ့ ကပ်ရပ်ပဲ။ ဒီမြေစာပုံက နည်းနည်းလဲ ပိုကြီးတယ်။ ပိုပြီးတော့လဲ မတ်တယ်။ သွားရေးလာရေးလဲ ခက်တယ်။ စက်တွေများများနဲ့ ဝင်ပြီး ရှာနိုင်ဖွေနိုင်တဲ့ အနေအထားလဲ မရှိဘူး။ နေရာက တော်တော်ကျဉ်းတယ်။ အဲဒီတော့ အလောင်းတွေက ပြန်ဖော်လို့ရမယ့် ရာခိုင်နှုန်းတော်တော် နည်းတယ်။ လက်ရှိအခြေအနေအထိ တစ်လောင်းမှ ရှာလို့မတွေ့သေးဘူး။ ”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ရက်နေ့က တစ်သုံးလုံး ကုမ္ပဏီရဲ့ မြေစာပုံ ပြိုကျခဲ့တဲ့ ဖြစ်ရပ်မှာတော့ တစ်သုံးလုံး ကုမ္ပဏီရဲ့ မြေစာပုံရဲ့ အနီးမှာ ယာယီတဲထိုးပြီး နေထိုင်တဲ့သူတွေ အမြောက်အများရှိနေပြီး၊ လူတွေ အိပ်ပျော်နေချိန် မနက်၄နာရီေလောက်မှာ ပြိုက ျခဲ့တာဖြစ်လို့ ထွက်ပြေးချိန်မရပဲ လူ၁၁၄ဦးသေဆုံးရတဲ့အထိ အသေအပျောက်များပြားခဲ့တာပါ။

ခုတစ်ကြိမ်ထပ်ဖြစ်တာကတော့ ညနေစောစောပိုင်း အလင်းရောင် ကောင်းကောင်း ရှိတဲ့အချိန်မှာ ဖြစ်ပေမယ့်၊ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေက မြေသယ်ကားတွေ မြေစာသွန်နေတုန်းမှာပဲ ရေမဆေးကေ ျာက်ရှာသူတွေက မြေစာပုံပေါ်တက်ပြီး ကျောက်ရှာဖွေနေကြတဲ့အချိန်မှာ ရုတ်တရက် ပြိုကျတာကြောင့် ထွက်ပြေးချိန်မရပဲ မြေစာပုံတွေအောက် ပိသွားရတာလို့ ကိုဇော်မိုးထက်က ပြောပါတယ်။

”အခုတစ်ခေါက်ပြိုတာက ကုမ္ပဏီက စွန့်ပစ်မြေစာတွေ ပစ်နေရင်းတန်းလန်းပေါ့။ အဲဒီအပေါ်မှာ ရေမဆေးကျောက်ရှာသူတွေက တက်ရှာနေတုန်းမှာ မြေကပြိုတာပါ။”
ကျောက်စိမ်းတူးဖော်ရာက ထွက်လာတဲ့ မြေစာတွေကို စုပုံထားတဲ့ နေရာမှာ အပေါ်က ထပ်ပုံတဲ့ မြေစာတွေရဲ့ ဖိအားကြောင့် မြေစာပုံ ပြိုကျပြီး အနီးမှာရှိတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ သေဆုံးရတဲ့အဖြစ်အပျက်တွေဟာ ဖားကန့်မှာ မကြာခဏ ဖြစ်နေပေါ်နေတာဖြစ်ပါတယ်။ အခုပြိုကျတဲ့ မြေစာပုံမှာပဲ ဒီဇင်ဘာ ၁၄ရက်နေ့က အလားတူ မြေစာပြိုကျခဲ့လို့ လူငါးဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေအနေနဲ့ စနစ်တကျ လုပ်ကိုင်တာမျိုးမရှိသေးသရွေ့ ရေမဆေးကျောက်ရှာသူတွေ ဒီလိုမျိုး မြေစာပုံ ပြိုကျပြီးတော့ အသက်သေဆုံးရတာ ထပ်ဖြစ်နေဦးမှာပဲ လို့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုစာဂျီက ပြောပါတယ်။

”ဒီ စည်းစနစ်မကျတဲ့ သယံဇာတ ထုတ်ယူသုံးစွဲမှုလုပ်နေတဲ့ ကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံတွေပေါ့နော်။ မိုးရွာတဲ့အချိန်မှာ အချိန်မရွေးပြိုက ျနိုင်တယ်။ သဘာ၀ ပတ်ဝန်းကျင်ကို ထိမ်းထိမ်းသိမ်းသိမ်း မလုပ်နိုင်တာ။ အထူးအဆန်းတော့ မဟုတ်တော့ဘူး။ ဆက်ပြီး ပြိုမှာပဲ။ ဒီလိုမျိုး မြေစာပုံတွေ ပရမ်းပတာ ပစ်ထားတဲ့အတွက်ကြောင့် မို့လို့။”

သတ္တုတွင်း ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ဖားကန့်မြို့နဲ့ အနီးတဝိုက်မှာ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်း ၈၀၀လောက် ရှိပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေက အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ဖက်စပ်ကုမ္ပဏီကြီး ၁၀ခုလောက်ကပဲ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအများစုကို ကြီးစိုးထားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၉၅၀လောက်အကွာမှာ ရှိတဲ့ ဖားကန့်မြို့ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး ကျောက်စိမ်းတူးဖော် ထုတ်လုပ်တဲ့ ဒေသဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းထုတ်လုပ်မှုဟာ အမေရိကန် ဒေါ်လာ ၃၁ ဘီလျံအထိ ရှိခဲ့တယ်လို့ သဘာ၀ သယံဇာတက ရတဲ့ ဝင်ငွေ အလွဲသုံးစားမှုတွေ အကြောင်း လေ့လာစုံစမ်းထားတဲ့ Global Witness အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဝင်ငွေတွေကို ဒေသခံတွေက အကျိုး ခံစားရတာ မရှိသလောက်ပဲလို့လည်း အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG