လာမယ့် ဇွန်လ ၁၀ ရက် သောကြာနေ့ကစလို့ ဂျာနယ် ၆ မျိုးဟာ စာပေစိစစ်ရေး တင်စရာမလိုဘဲ ထုတ်ဝေခွင့် ရကြတော့မှာ ဖြစ်ပါတယ်။ ဒီဂျာနယ်တွေအတွက် ထုတ်ဝေခွင့်ဆိုင်ရာ စည်းကမ်းချက်တွေ ထုတ်ပြန်ထားသလို အဲဒီထဲမှာ ပြဿနာ ဖြစ်လာတဲ့ ဂျာနယ်အတွက် ငွေဒဏ်ကနေ ထုတ်ဝေခွင့် ပိတ်တဲ့အထိ အရေးယူ ဆောင်ရွက်သွားမယ့် အဆင့်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ စာပေစိစစ်ရေးက အဲဒီ ထုတ်ပြန်ထားတဲ့ မူဝါဒတွေအတိုင်း ကိုင်တွယ် ဆောင်ရွက်ပါ့မလားလို့ သံသယ ရှိနေကြသူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံထဲမှာ ထုတ်ဝေနေတဲ့ ဂျာနယ်တွေထဲက အားကစား၊ ကလေးစာစောင်၊ အနုပညာနဲ့ ဂမ္ဘီရအပြင် ကျန်းမာရေးနဲ့ နည်းပညာဆိုင်ရာတွေ အတွက် ထုတ်ဝေနေတဲ့ ဂျာနယ် ၆ မျိုးဟာ လာမယ့် သောကြာနေ့ကစလို့ စာပေစိစစ်ရေးကို တင်စရာမလိုဘဲ ထုတ်ဝေပြီးမှ တင်ပြတဲ့ ထုတ်တင်စနစ်နဲ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ နေ့လယ်က ရန်ကုန် ပြန်ကြားရေးဌာနမှာ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ခေါ်ပြီး ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
အဓိကတော့ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ အထွေထွေ ထုတ်ဝေခွင့်ထဲက အုပ်စု က နဲ့ ခ ဆိုပြီး ၂ စုခွဲထားပြီး အုပ်စု က ထဲမှာ စာပေစိစစ်ရေး တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့်ရတဲ့ ဂျာနယ်တွေဖြစ်ပြီး အုပ်စု ခ ထဲမှာတော့ ပုံမှန် စာပေစိစစ်ရေးရဲ့ ထုတ်ဝေခွင့်လိုတဲ့ ဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေကို ထည့်သွင်းထားပါတယ်။ ဒီလို ခွင့်ပြုချက် မလိုဘဲ ထုတ်ဝေမယ် ဆိုပေမဲ့ တကယ်လို့ သတင်းတွေနဲ့ ပတ်သက်လို့ ပြဿနာ ဖြစ်လာခဲ့ရင် ငွေဒဏ်ကနေ ထုတ်ဝေခွင့် ပိတ်ပင်တဲ့အထိ ရှိမယ့် စည်းကမ်းချက်တွေ ပါဝင်တယ်လို့ ဒီကနေ့ အစည်းအဝေးပွဲကို ကိုယ်တိုင် သွားတက်ခဲ့တဲ့ သတင်းဂျာနယ် အယ်ဒီတာ တဦးက ရှင်းပြပါတယ်။
“အကြမ်းဖျင်း အဲဒီမှာ ရှင်းပြတာက ရုံးအဖွဲ့အစည်းတွေက တိုင်တာဖြစ်မယ်၊ အဲဒီလို ပြဿနာ ပေါ်လာမယ်ဆိုရင် ပထမတဆင့်မှာ စာပေနဲ့ စာနယ်ဇင်း အပါအ၀င် ပြန်ကြားရေးက ပေါင်းဖွဲ့ထားတဲ့ အဖွဲ့တွေရှိမယ်၊ အဲဒီအဖွဲ့က အဲဒါကို စစ်ဆေးမယ်။ အပြန်အလှန်ပေါ့၊ တိုင်ကြားတဲ့သူ ဘက်ကရော၊ အတိုင်ခံရတဲ့သူ ဘက်ကရော၊ အဲဒီလို ကြားနာပြီးရင် ဆုံးဖြတ်ချက် ချမှတ်တာတွေ ရှိလိမ့်မယ်။
“ပထမဦးဆုံး အပြစ်ကျူးလွန်တယ်လို့ သူတို့ တွေ့တယ်ဆိုရင် ကျပ် သိန်း ၅၀ စပေါ်ငွေ တင်ခိုင်းမယ်။ အဲဒါ ပထမအဆင့်မှာ။ အဲဒီလို ကျပ် သိန်း ၅၀ စပေါ်တင်ထားပြီးတော့မှ ဒုတိယတခါ အဲဒီလို ပြစ်မှုတွေ ကျူးလွန်မယ်ဆိုရင် သူတို့ ဆုံးဖြတ်တဲ့ ဒဏ်ကြေးငွေ တစုံတခုပေါ့ သိန်း ၅၀ ထဲက ဖြတ်ယူမယ်။ အဲဒီလို သတ်မှတ်လိုက်ပြီး အဲဒီငွေကို ပြန်ဖြည့်တင်းပေးရမယ်။ ပြန်ဖြည့်တင်းတာ မရှိဘူးဆိုရင်တော့ အဲဒီစာစောင်တွေကို ပိတ်သိမ်းပြီး ဖြစ်တယ်လို့ မှတ်ယူရမယ်။
“ပြီးတော့မှ ဒီအဆင့်တင် မကဘူး၊ တချို့ဟာတွေကျရင် ဥပဒေအရ အရေးယူ ဆောင်ရွက်ရတာမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်တဲ့။ ရှိလာတဲ့အခါကျရင်တော့ ဥပဒေ နည်းလမ်းအရ ရင်ဆိုင်ရမှာပေါ့။ အဲဒါကို ဥပဒေအရ ဘယ်လို အရေးယူမယ်၊ ဘာညာ ဆိုတဲ့ဟာကို ရေးသားတဲ့ စာစောင်တွေက တာဝန်ခံရမယ်ဆိုပြီး အဲဒီလို ရှင်းပြတယ်။”
ကိုယ့်သတင်း ကိုယ်တာဝန်ယူရတာ သတင်းသမားတိုင်းရဲ့ တာဝန် ဖြစ်ပေမဲ့ မြန်မာနိုင်ငံထဲက အခြေအနေတွေအရ လက်တွေ့မှာ ဘယ်လို အချက်တွေကဖြင့် စည်းကမ်းချက် ဖောက်တယ်၊ ဘယ်လိုအဆင့်တွေနဲ့ အရေးယူမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်တွေမှာ အတော်သတိထားစရာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
“တင်ပြစရာ မလိုတဲ့ အတွက်ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ သက်သာခွင့် ရသွားတယ်ဆိုတော့ အဲဒါကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒီလိုမျိုး မူတွေ ချထားပေမဲ့ ဘယ်လိုဖြစ်လာမလဲ၊ လက်တွေ့ ဘယ်လိုမျိုး အရေးယူ ဆောင်ရွက်မလဲ၊ ဘယ်ဟာက စည်းကမ်းချက်နဲ့ ငြိတယ်၊ မငြိစွန်းဘူး၊ ဘယ်ဟာတွေကို ငွေရေးကြေးရေးနဲ့ အရေးယူမယ်၊ မယူဘူး ဆိုတဲ့ဟာကတော့ လက်တွေ့ကျမှပဲ ကျနော်တို့ သိနိုင်မယ်နဲ့ တူပါတယ်။”
အထူးသဖြင့်ကတော့ စာပေစိစစ်ရေးမှာ မူဝါဒတရပ် သတ်သတ်မှတ်မှတ် ချမှတ်ပြီး ကိုင်တွယ် ဆောင်ရွက်တာ မရှိသလို တူညီတဲ့ ခွင့်ပြုချက်တွေလည်း မရကြတာမို့ လုပ်ငန်းတွေမှာ အတော် အဆင်မပြေ ဖြစ်ကြရတယ်လို့လည်း ဆိုပါတယ်။
“တချို့ဟာတွေဆို ခွင့်ပြုတယ်၊ တချို့ဟာတွေဆို ခွင့်မပြုဘူး။ ဒါက ကျနော်တို့ဆီမှာ ပြဿနာတွေ အများကြီးရှိတယ်။ ဒီတခုတည်း မကဘူး။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာလည်း သူတို့က မီဒီယာတွေကိုဖြစ်စေ၊ လူထုကိုဖြစ်စေ၊ သတင်းပြန်ကြားပေးရမယ် ဆိုတဲ့တာဝန် သူတို့ကို သတ်မှတ်ပေးထားတာ မရှိတဲ့ အခါကြတော့ ဘယ်သူကမှလည်း တိတိကျကျ ဒီတာဝန်ကို ယူမထားဘူး။ ယူမထားတဲ့ အခါကြတော့ ဂျာနယ်တွေကလည်း အဆင်ပြေတဲ့လူကို မေးတယ်။ အဲဒီ မေးတဲ့လူ ပြောတဲ့ဟာတွေကို ရေးထည့်တယ်။ အဲဒီမှာ အမှားအယွင်းတွေ ဘာတွေလည်း အများကြီး ဖြစ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ တာဝန်ယူပြီး ဖြေကြားပေးတာ မရှိဘူး။ လက်ရှိ အစိုးရကလည်း ညွှန်ကြားထားတာ မရှိသေးတော့ အဲဒီပြဿနာတွေ ပေါ်နေတာမျိုး ဖြစ်ပါတယ်။”
သတင်းဂျာနယ် အယ်ဒီတာတဦး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုတယ်လို့ ပြောခဲ့ပြီးနောက်ပိုင်း အခုချိန်ထိတော့ ထင်သာမြင်သာရှိတဲ့ လွတ်လပ်မှုမျိုးတွေ မရှိသေးသလို စာပေစိစစ်ရေး အနေနဲ့ စိတ်နဲ့မတွေ့တဲ့ သတင်းတွေ၊ စိုးရိမ်စိတ်နဲ့ ပိတ်တဲ့ သတင်းမျိုးတွေ ရှိနေတာကြောင့် ဒီဂျာနယ်တွေကိုလည်း ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ သတင်းသမားတွေက သံသယ ရှိနေကြပါတယ်။