သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသတ်ခံရပုံရတဲ့ မြန်မာအမျိုးသမီးအမှု New York ရဲစုံစမ်း

(credit-Kyimar Thein facebook )
(credit-Kyimar Thein facebook )

နယူးယောက်မြို့ Brooklyn အရပ်ဒေသမှာ အသတ်ခံရပုံရတဲ့ မြန်မာနွယ်ဖွား သူနာပြုဆရာမ ဒေါ်ကြည်မာသိန်းဟာ စိတ်သဘောထား ကောင်းသူ တဦးဖြစ်ပြီး ရန်ညှိုးရန်စ နည်းသူတဦးဖြစ်တယ်လို့ သူနဲ့ရင်းနှီးခင်မင်သူတွေက ပြောဆိုလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က သူနေထိုင်ရာ အိမ်ခန်းထဲမှာ ကြိုးနဲ့တုတ်နှောင်ပြီး အိပ်ယာခင်းနဲ့ ထုပ်ပိုးထားတဲ့ သူမရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် သေဆုံးမှုနဲ့ ပတ်သက်လို့ ရဲကစုံစမ်းနေပါတယ်။ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်းအရပ် Lenox လမ်းမမှာရှိတဲ့ အထပ်မြင့်တိုက်ရဲ့ ၅ လွှာမှာနေတဲ့ အသက် ၅၈ နှစ် အရွယ် ဒေါ်ကြည်မာသိန်းဟာ ဘရွတ်ကလင်းက SUNY Downstate Medical Center မှာ သူနာပြုအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးည ကတည်းက အလုပ်မဆင်းဘဲ ပျောက်ဆုံးနေခဲ့ရာက လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ အကြောင်းကြားချက်အရ ဇူလိုင်(၂၁)ရက် စနေနေ့ မနက်မှာ နယူးယောက်ရဲက သူနေထိုင်ရာအခန်းကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ သူ့အိပ်ခန်းထဲက အဝတ်စားထားတဲ့စတိုခန်းမှာ သံသယ ဖြစ်ဖွယ် သေဆုံးနေတာ တွေ့ရတယ်လို့ ရဲက နယူးယောက် သတင်းဌာနတွေကို ပြောပါတယ်။ သူသေဆုံးသွားပုံဟာ အသတ်ခံရတဲ့သဘော ဖြစ်ကြောင်း သူနဲ့ခင်မင်ရင်းနှီးသူ နယူးယောက်မြို့နေ အမျိုးသမီးတဦးက VOA ကိုပြောပါတယ်။

"အလုပ်ကလူတွေကလည်း အလုပ်ကိုမလာလို့ သူ့ကို ရှာနေတဲ့အချိန်မှာ Florida ကလည်း သူ့ဝမ်းကွဲတွေကလည်း သူ့ကိုဖုန်းလှမ်းဆက်နေတဲ့အချိန်မှာ သူ့ဖုန်းဘာမှ Contact မရလို့ နောက်ဆုံး သူ့ Apartment ကို၊ ရဲတိုင်ပြီးတော့ သွားဖွင့်ကြည့်တာပေါ့နော်။ ကြည့်တော့ သူ့ကို အိပ်ရာခင်းနဲ့ ပတ်ထားတယ်လို့ ပြောတယ်။ wrap လုပ်ပြီးတော့ အထဲမှာလက်တွေဘာတွေလည်း တုတ်ပြီးတော့ ပါးစပ်ထဲမှာလည်း အဝတ်ဆို့ထားတယ်လို့ပြောတယ်။ သူနဲ့ နေသွားတဲ့ Roommate ကောင်မလေးပေါ့နော်၊ အဲဒီကောင်မလေးကတော့ ပျောက်နေတယ်တဲ့ ၃ - ၄ ရက်လောက်ရှိပြီ။ အဲဒီကောင်မလေးကိုပဲ အားလုံးသံသယဖြစ်ပြီးတော့ ရဲတွေက လိုက်ရှာနေတယ်။ သူက သူ့အိမ်ကိုရောက်လာတာကတော့ သနားလို့ပေါ့နော် ၊ နေစရာနေရာမရှိလို့ ခေါ်ထားရင်းနဲ့ အဲဒီကောင်မလေးက သူ့ရည်းစားတွေ ချစ်သူတွေခေါ်လာပြီးတော့ သူ့ Apartment ကိုခေါ်လာလို့ သူက မခေါ်လာနဲ့ မသင့်တော်ဘူးလို့ ပြောလို့ အဲဒါလောက်ပဲ ရန်စရှိတယ်လို့ ကြားတာပေါ့နော်။ မကျေနပ်စရာဆိုလို့ ဒီလောက်ပဲရှိတယ် ကျန်တဲ့ဟာကတော့ ဘာမှ သတ်ရလောက်အောင် ထွေထွေထူးထူး ရန်ညှိုးရန်စလည်းမရှိဘူး ၊ ရန်ဖြစ်တာလည်းမရှိဘူး။"

သေဆုံးသူ ဒေါ်ကြည်မာသိန်းကိုယ်တိုင်ကရော သူ့မိဘ မိသားစုကပါ စိတ်သဘောထားကောင်းကြသူတွေ ဖြစ်တယ်လို့ သူနားလည် ထားကြောင်း သူက ဆက်ပြောပါတယ်။

" သူ့သားကလည်း စစ်ဗိုလ်ဆရာဝန်ပဲ။ သူ့အဖေကလည်း ဗိုလ်မှူးဟောင်းပဲ။ သူက အမေရိကန်ကိုလာပြီးတော့ Registered Nurse လုပ်နေတာပေါ့နော်။ နောက်ပြီးတော့ ဆိုင်ကိုလာရင်လည်း မြန်မာတွေနဲ့ တွေ့တယ်၊ ဖော်ဖော်ရွေရွေပဲ နှုတ်ဆက်တယ် ။ သူတို့ မိသားစုက အရမ်းသဘောကောင်းတယ်၊ ရိုးလည်းရိုးသားကြတယ်ပေါ့နော်။"

ညဘက်ပိုင်း အလုပ်ဆင်းတတ်လေ့ရှိတဲ့ ဒေါ်ကြည်မာသိန်းဟာ နယူးယောက် Union Square က ဆူရှီဆိုင်တဆိုင်မှာ မကြာခဏ ဝယ်စားလေ့ ရှိပါတယ်။ အဲဒီဆိုင်မှာ အလုပ်လုပ်ရင်း ဒေါ်ကြည်မာသိန်းနဲ့ ဆုံဖူးတဲ့ ကိုကြင်ဟန်က သူနဲ့ဆုံခဲ့ရတဲ့ အမှတ်တရတွေကို ပြောလာပါတယ်။

"ပထမတော့ မြန်မာတယောက်သေတယ်ဆိုတော့ ကျနော်တို့ထင်တာက သူမှန်းမသိဘူးခင်ဗျ ကျနော်တို့က။ Union Square ကလူလည်း စည်တယ်လေ။ အဲဒီမှာ ဆူရှီလာဝယ်စားတာ ၊ မြန်မာလိုပြောတော့ ကိုယ့်မြန်မာတိုင်းပြည် အချင်းချင်းပေါေ့နာ် စကား ပြောဖြစ်တယ်။ စိတ်ကောင်းတယ်၊ သူ ကူညီချင်စိတ်လည်းရှိတယ်။ ဘုရားတရားလည်း လုပ်တယ် အေးအေးဆေးဆေး သူ့ပုံကြည့်ရတာလေ။"

နယူးယောက်ရဲရဲ့ကနဦး စစ်ဆေးချက်အရ အိမ်ခန်းတွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အနေအထားမျိုး မတွေ့ရကြောင်း၊ ရဲတွေ အိမ်ခန်းထဲ ရောက်ချိန်မှာ သေဆုံးသူအပြင် အခြားလူတွေမရှိကြောင်း၊ အိမ်ခန်းအတွင်းကို ဝင်ရောက်လုယက်ခံရသလား၊ အခြားအကြောင်းကြောင့်လား ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ရဲဘက်က ပြောထားပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးထားပေမယ့် တွေ့ရှိချက်တွေကို အခုချိန်ထိ ရဲက ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အသတ်ခံရပုံရတဲ့ မြန်မာအမျိုးသမီးအမှု New York ရဲစုံစမ်း
please wait

No media source currently available

0:00 0:04:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG