သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ KIO ကမ်းလှမ်း


Burma-kio-peace-talk
Burma-kio-peace-talk
ပြေလည်မှုမရသေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့အတွက် တရုတ်ပြည် နယ်စပ် ရွှေလီမြို့ မှာ တွေ့ဆုံကြဖို့ မကြာသေးခင်ကပဲ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ကမ်းလှမ်း လိုက်ပါတယ်။ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဘက်က ရှမ်းပြည်နယ် မူဆယ်မြို့ မှာ တွေ့ဆုံဖို့ ကမ်းလှမ်း ချက်ကို KIO က လက်မခံ ပယ်ချခဲ့ပြီးနောက် ရွှေလီမြို့မှာ တွေ့ဆုံဖို့ ကို KIO က တောင်းဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ ကချင် ပြည်နယ် အနှံ့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒီတိုက်ပွဲတွေကြောင့် ပူတာအို ဘက်မှာတော့ ဆန်ရှားပါးမှု အခက်အခဲနဲ့ ကြုံနေရ တယ် လို့ ဒေသခံတွေ က ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပေးပါရှင်။

နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲသွားရေး ဆွေးနွေးဖို့အတွက် အခုနောက်ဆုံး KIO ကချင် လွတ်မြောက်ရေးအဖွဲ့ကနေ တရုတ်ပြည် နယ်စပ် ရွှေလီမြို့မှာ တွေ့မယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ စာရေးကမ်းလှမ်းခဲ့တာပါ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO အကြား ဇွန်လကုန်ပိုင်း မှာ နောက်ဆုံးတွေ့ဆုံခဲ့ကြပြီးတော့ - ဇူလိုင်လ ထဲမှာ ထပ်မံ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမဲ့ တဘက်နဲ့ တဘက် နေရာရွေးချယ်မှု မပြေလည်သေးတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိ ဖြစ်နေရ တာပါ။ KIO ရဲ့ အခုကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘက်က တုံ့ပြန်ချက်ကို သိနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မရခဲ့ပါဘူး။

အရင်ကတော့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကနေ ကချင်ပြည်နယ် ဗန်းမော်မြို့မှာနဲ့ ရှမ်းပြည်နယ် မူဆယ်မြို့တွေမှာ တွေ့ဆုံဖို့ကို အခု လဆန်းပိုင်းက ကမ်းလှမ်းခဲ့တာရှိပေမဲ့ လုံခြုံရေးအခြေအနေကြောင့် KIO ဘက်က လက်မခံခဲ့ပါဘူး။

ဒါကြောင့် နှစ်ဘက်စလုံး ပြေလည် နိုင်ခြေ ရှိတဲ့ တရုတ်ပြည် ရွှေလီမြို့မှာပဲ ထပ်ပြီး တွေ့ဆုံဖို့ကို အခုနောက်ဆုံး KIO ဘက်က ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် က ပြောပါတယ်။ ဒီလို တဘက်နဲ့ တဘက် ညှိမရ ဖြစ်နေတဲ့အချိန်မှာ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အခု ဂျူလိုင်လအတွင်းမှာတင် တိုက်ပွဲပေါင်း အကြိမ်ရေ ၈၀ ကျော် ဖြစ် ခဲ့တယ်လို့ KIO က ပြောပါတယ်။ တကယ်လို့ နေရာညှိနှိုင်းမှု အဆင် ပြေခဲ့ရင်တော့ ဒီတခေါက် တွေ့ဆုံတဲ့အခါ တိုက်ပွဲတွေ လျော့ကျရေးကိစ္စကို အဓိကထား ဆွေးနွေးမယ်လို့ ဦးလာနန် က အခုလို ပြောပါတယ်။

“ကျနော်တို့ ပြန်တွေ့မယ်ဆိုရင်လည်း အဓိကကတော့ စစ်ပွဲကို ဘယ်လို လျှော့ချနိုင်မလဲ.. နှစ်ဘက် နီးနီးကပ်ကပ်ဖြစ်ခဲ့တဲ့ တပ်တွေကို ဘယ်လို ခွာပြီးတော့ ထားကြမလဲဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေး ကြမှာပါ။ ကျနော်တို့ ဦးအောင်သောင်းနဲ့ ပြောသွားတဲ့အခါမှာလည်း စစ်ပွဲ အရှိန်လျှော့ချရေး ဆိုတဲ့ ခေါင်းစဉ်ကို ရောက်လာတယ်၊ အဲလို ရောက်လာတဲ့အခါမှာ အဲဒီကိစ္စ အဲဒီအပိုင်းမှာတော့ တပ်ပိုင်းဆိုင်ရာ ပါဝင်ရမယ့် အပိုင်း ဖြစ်လာတယ်၊ အဲလို ဖြစ်လာတဲ့အခါမှာ ဦးအောင်သောင်း နဲ့ တွေ့ဆုံမှုက ပျက်ပြားသွားတယ်လို့ ပြောနိုင်ပါတယ်။ နောက် အခု ဦးအောင်မင်း နဲ့ တွေ့တယ်၊ ဦးအောင်မင်းနဲ့ အလွတ်သဘော သုံးကြိမ် တွေ့ပြီးပါပြီ။ သုံးကြိမ် တွေ့ပြီးတဲ့အခါမှာ တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီးတော့ အဲဒီခေါင်းစဉ်ကို ရောက်လာတယ်၊ အခုလည်း တွေ့ဆုံမှု ကတော့ နေရာ ရွေးချယ်မှုကို အကြောင်းပြပြီး တွန့်ဆုတ် တွန့်ဆုတ် ဖြစ်သွားတယ်လို့ ပြောလို့ ရတယ်ဗျ”

အခုလို ကချင်ပြည်နယ် နေရာအနှံ့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အိုးအိမ် လယ်ယာတွေကို စွန့်ခွာ ထွက်ပြေးကြရတဲ့ အတွက် လယ်မလုပ်နိုင်တာကြောင့်ရော မိုးရာသီ ဖြစ်တဲ့အတွက် လမ်းပမ်း ဆက်သွယ်ရေးအခက်အခဲကြောင့်ပါ ပူတာအိုဘက်မှာ ဆန် ပြတ်လတ်မှု ပြဿနာကို ဒေသခံတွေ ထပ်မံ ကြုံတွေ့နေရတယ်လို့ စစ်ပြေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကချင်တိုင်းရင်း သူတဦးက ပြောပြပါတယ်။

“စစ်ဘေးကို တိမ်းရှောင်နေရတယ်၊ လယ်မလုပ်နိုင်ဘူး၊ တောင်ယာ မလုပ်နိုင်ဘူး၊ လမ်းပမ်း ဆက်သွယ်ရေး အင်မတန် ခက်တဲ့ နေရာ ဖြစ်တဲ့အတွက် ဆန်စပါးကတော့ ရှားတယ်၊ အခု မိုးရာသီ ဖြစ်နေပြီ၊ ပူတာအိုဆိုရင် အစောကြီးကို လယ် လုပ်ရတယ်၊ တောင်ယာ လုပ်ရတယ်၊ ဒါပေမဲ့ အခုဆိုရင် တိမ်းရှောင်နေရတဲ့ လူတွေ များတဲ့အခါကျတော့ ကျမတို့ဆီမှာက ဆန်စပါးက ဒီနှစ် ခက်တယ်ဆိုတာလည်း နောက်နှစ်တွေ ပိုခက်ဖို့ ဖြစ်တယ်လို့ ကျမတို့ကတော့ မြင်တယ်”

ဒါ့အပြင် အရင်က ကျပ်ငွေ ၁ ထောင်ကို နို့ဆီဗူး ၁၀ ရပေမဲ့ အခုဆိုရင် ဆန်ရှားလို့ နို့ဆီဗူး ၃ ဗူးလောက်ပဲ ရတော့ပြီး တချို့နေရာမှာဆိုရင် ဆန် လုံး၀ မရှိတော့တဲ့ အခြေအနေအထိ ဖြစ်နေတယ် လို့လည်း ပူတာအိုမြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ ၆ လပိုင်းကတည်းက ပြတ်နေတာ ပူတာအိုမှာလေ၊ အရင်တုန်းက ငွေ တစ်ထောင်ဆိုရင် နို့ဆီဗူး ၁၀ ဗူး၊ ခုဆိုရင် ၃ဗူးပဲ ရတော့လို့။ ခုက ၇လပိုင်းပဲ ရှိသေးတယ်လေ၊ ၈ လ၊ ၉လပိုင်းအထိကတော့ ပူတာအိုမှာ အဲလိုပဲ ဖြစ်နေဦးမှာပဲ၊ ခုလည်းူ ကိုယ့်ဘာသာ ရှာစားကြတာမှာ၊ ရှိတဲ့သူတွေနဲ့ မျှစားနေ ကြရတာ၊ ရှိတာတော့ မရှိကြတော့ဘူး၊ ဒါပေမဲ့ ရှိတာလေးကို အမျိုးတွေ ဒီလိုပဲ မျှစားကြရတာပဲ”

သမ္မတ ဦးသိန်းစိန်ကတော့ KIO အဖွဲ့နဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ကြိုးစားနေပြီး မကြာခင် အောင်မြင် လိမ့်မယ်လို့ ယုံကြည်ကြောင်းကို အမေရိကန်-အာဆီယံ စီးပွားရေးနှီးနှော ဖလှယ်ပွဲမှာ ပြောဆိုခဲ့ပါတယ်။ KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ ၁ နှစ်ကျော် ကြာလာပြီ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် IDP လို့ခေါ်တဲ့ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေအပါအဝင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၁ သိန်းလောက်ရှိသွားပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်မှာ ခိုလှုံနေကြတဲ့ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေကို တရုတ် အာဏာပိုင် တွေက ပြောင်းရွှေ့ခိုင်းနေတယ် လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေ က ပြောပြခဲ့ပါတယ်ရှင်။
XS
SM
MD
LG