သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစုအပြုံလိုက်မြှုပ်နှံထားတဲ့ နေရာတွေတွေ့ရှိသတင်း ရခိုင်ပြည်နယ်အစိုးရငြင်းဆို


မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မူဆလင်ကျေးရွာများ။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မူဆလင်ကျေးရွာများ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရုပ်အလောင်းတွေ အစုအလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ခု ထက် မနည်း တွေ့ရတယ် AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ငြင်းဆို လိုက်ပါတယ်။ အစုအလိုက်အပြုံလိုက် မြှုပ်နှံထားတယ်ဆိုတဲ့ ဂူဒါပြင်ကျေးရွာကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အနေနဲ့ သွားရောက် စစ်ဆေးပြီးဖြစ်ပြီး ဘာမှ မတွေ့ရဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ က ဆိုပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြော ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေကို နေရာ ၅ ခုထက် မနည်းမှာ တွေ့ရတယ်ဆိုတာ အတည်ပြုကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က AP သတင်းဌာန ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လုံးဝငြင်းဆိုလိုက်ပြီး ရုပ်အလောင်း တွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတာ တွေ့ရတယ်ဆိုတဲ့ ဘူးသီးတောင်မြို့နယ်ထဲက ဂူဒါပြင်ကျေးရွာ ကို သွားရောက် စစ်ဆေးချိန်မှာလည်း ဘာမှမတွေ့ရဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦး တင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။

“အဲ့သတင်းရလို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစီးပြီးတော့ ကျွန်တော်တို့ အဖွဲ့ဖွဲ့တာပေါ့၊ မြို့နယ် ဥပဒေ အရာရှိတွေ၊ လဝက အရာရှိတွေ၊ နောက်တခါ မြေစာရင်းအရာရှိတွေ၊ နောက်တခါ ကျွန်တော်တို့ ဒီမှာ မွတ်ဆလင် ရပ်မိရပ်ဖတွေပါတာပေါ့။ ဒီနေ့ သွားကြည့်ပါတယ် အဲ့နေရာ တွေ။ သွားကြည့်တဲ့အခါမှာ အဲ့ဖြစ်စဉ်နေရာ ပတ်ဝန်းကျင်မှာ ဘာမှ မရှိပါဘူး။ နောက်ပြီးတော့ ရပ်မိ ရပ်ဖတွေရဲ့ ပြောပြချက်အရ အဲ့ဒီနေရာတွေမှာ ဘာမှ ဖြစ်စဉ်မှလည်း ဖြစ်ခဲ့ခြင်းလည်းမရှိဘူး။ ခုနက ပြောသလို မြှုပ်ထားခြင်းလည်း မရှိဘူး ဆိုပြီး ပြောပါတယ်။ ဂူဒါပြင်က ရပ်မိရပ်ဖ မွတ်ဆလင်တွေလည်း ပါပါတယ်။ ရပ်မိရပ်ဖ မွတ်ဆလင် ၅ယောက်၊ ၆ ယောက်လောက် ပါပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ သွားပြီးတော့ ရှာနေတာ။ အခုပဲ အဲ့ဒီ နေရာကနေ သတင်းပို့နေပါတယ် ။ ဘာမှ မရှိပါဘူး။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောက်နေတဲ့ လူပေါင်း ၂ဒါဇင်ကျော်ကို တွေ့ဆုံမေးမြန်းပြီး လက်ကိုင်ဖုံးနဲ့ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ စစ်တပ်နဲ့ ဒေသခံရွားသားတွေက သြဂုတ်လထဲမှာ သတ်ဖြတ်ခဲ့တာဖြစ် ကြောင်း AP သတင်းမှာ ဖော်ပြထားတာပါ။

အစုအလိုက်အပြုံလိုက် မြှုပ်နှံထားမှုတွေ အမှန်တကယ်မရှိဘဲ မဟုတ်မမှန် သတင်းဖော်ပြချက်ဟာ တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိခိုက်စေတာမို့ ဒီသတင်းကို ဖော်ပြခဲ့တဲ့ AP သတင်းဌာနကိုလည်း တရားစွဲဖို့ လုပ် ဆောင်သွားမယ်လို့ ဦး တင်မောင်ဆွေက ပြောပါတယ်။

“ သြဂုတ်လမတိုင်ခင်ကတည်းက နေခဲ့တဲ့ မွတ်ဆလင် ရပ်မိရပ်မတွေနဲ့ သွားပြီးစစ်တဲ့အခါမှာ မဟုတ်ဘူးလို့ပြောတယ်။ တွေ့လည်း ဘာမှမတွေ့ဘူး။ လက်ရှိလည်း အဲ့ဒီနေရာမှာ ရောက်နေတယ်။ ခုနကပြောသလို ကျွန်တော်တို့ ဒီမဟုတ်တဲ့ မဟုတ်မမှန် သတင်းတွေ လွှင့်နေတဲ့ သတင်းဌာနတွေကို ကျွန်တော်တို့ ပြန်ပြီး အရေးယူဖို့ရှိပါတယ်။ တရားစွဲမှာ ပေါ့ဗျာ။ ခုနကပြောသလို မဟုတ်ပဲနဲ့ ဒီသတင်းတွေ လွှင့်နေတဲ့ ဥစ္စာတွေ၊ ကျွန်တော်တို့က သွားပြီးကြည့်တဲ့အခါမှာ ဒီဥစ္စာတွေသည် မှန်ကန် မှုမရှိပဲနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်တယ်၊ နောက်ပြီး နိုင်ငံတကာမှာအလယ်မှာလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပုံစံမျိုးနဲ့ ဒါမျိုး ဖန်တီးပြီးတော့ လုပ်တဲ့ လုပ်ရပ်တွေ၊ အခု ဆိုလည်း ခင်ဗျားတို့ နိုင်ငံတကာ သတင်းဌာနတွေက စိတ်ဝင်တစားနဲ့ မေးမြန်းလာတဲ့ အဆင့်တွေ ရောက်နေတော့ ဒါမျိုးတွေ ဖြစ်လာအောင် ဖန်တီးတဲ့ စပြီးတော့ သတင်းတွေ မဟုတ်မမှန် သတင်းတွေ ရေးတဲ့အတွက် သူ့တို့မှာ တာဝန်ယူရပါမယ် ဒီကိစ္စကို ။”

၂၀၁၇ စက်တင်ဘာလ တုန်းကတော့ မောင်တောမြို့နယ် ရဲဘော်ကျ ကျေးရွာနားမှာ ဟိန္ဒူ ဘာ သာဝင် ရုပ်အလောင်း ၂၈လောင်းကို တွေ့ရှိခဲ့ပြီး ဒါဟာ ARSA အကြမ်းဖက်သမားတွေရဲ့ လက်ချက် ဖြစ်တယ်လို့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တော မြို့နယ် အင်းဒင်ကျေးရွာမှာ တွေ့ခဲ့တဲ့ ရုပ်အလောင်းတွေကတော့ ဒေသခံရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရဲ့ လက်ချက်ဖြစ်တယ်လို မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက်လည်း အရေးယူဆောင်ရွက်မှုတွေ ရှိပြီး အခု ဂူဒါပြင်မှာ ရုပ်အလောင်းတွေ တွေ့တယ်ဆိုတာကတော့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တဲ့ သတင်းမှားတွေပဲ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးတင်မောင်ဆွေက ပြောပါ တယ်။

“ တပ်မတော်ရော၊ ရဲတပ်ဖွဲ့ရော လုပ်ကိုင်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီပဲ ဆောင်ရွက် ရမယ်။ ကျင့်ထုံး ကျင့်ဝတ်တွေနဲ့ ပဲဆောင်ရွက်ရမယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ လုပ်တာကိုင်တာ မှားသွားတာတွေလည်းရှိပါတယ်။ ဒီဥစ္စာတွေအားလုံးကိုလည်း ကျွန်တော်တို့ဘက်က နေပြီးတော့ ထိထိရောက်ရောက် အရေးယူ အပစ်ပေးနေတာလည်း ရှိပါတယ်။ မဟုတ်ပဲနဲ့ ခုနက ပြောသလို ထင်ရာမြင်ရာကို သတင်းတွေလွှင့်တယ်၊ ကောလဟာလပေါ့။ ကောလဟာလတွေ လွှင့်တဲ့ ဥစ္စာတွေ၊ ပြောရရင် Rumor တွေပေါ့၊ ဒါမျိုးတွေ လုပ်ပြီးတော့ အကုန်လုံးကို ထင်ယောင်ထင်မှား နဲ့ လုပ်တဲ့ ပုံစံမျိုးတွေ၊ ဒါတွေကိုတော့ ကျွန်တော်တို့ အနေနဲ့ ရှုတ်ချပါတယ်။ ဒီဥစ္စာဟာ Misinformation မဟုတ်ပါဘူး။ Disinformation ဖြစ်ပါတယ်။ တမင်တကာ လုပ်ကြံပြီးတော့ ဒါမျိုးတွေ လုပ်နေတဲ့ ဒီကိစ္စတွေကိုတော့ ကျွန်တော်တို့အနေနဲ့ တာဝန်ရှိတဲ့သူတွေကို တရားဥပဒေအရ တရားစွဲ ဆို သွားမှာဖြစ်ပါတယ်။ ”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ နောက်ထပ်နေရာ ၅ခုကို အတည်ပြု နိုင်ကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက ဖေဖော်ဝါရီ ၁ ရက်နေ့က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG