သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ မီဒီယာလွတ်လပ်ခွင့် တိုးတက်မှုရှိ


မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေဟာ ၂၀၁၂ ခုနှစ်အတွင်းမှာ သိသိ သာသာ တိုးတက်ခဲ့တယ်လို့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုင်ရာ စောင့်ကြည့်တဲ့ ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ပြော လိုက်ပါတယ်။ ထူးခြားတဲ့အပြောင်းအလဲတွေနဲ့ အလားအလာကောင်းတွေ ရှိနေပေမဲ့လည်း စာနယ်ဇင်း သမားတွေကို အချိန်မရွေး တရားစွဲနိုင်၊ ဖမ်းဆီးနိုင်တဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ လိုနေသေးတယ်လို့တော့ ထောက်ပြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကအထိ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ရင် ကမ္ဘာပေါ်က ဖိနှိပ်အုပ်ချုပ်တဲ့ တခြားနိုင်ငံတွေနဲ့ တန်းတူလိုက်နေခဲ့တဲ့နိုင်ငံပါ။ အခုတော့ဖြင့် ဗီယက်နမ်၊ လာအို၊ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို ကျော်တက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်မှာ ထူးခြား ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိခဲ့တယ်ဆိုတာကို RSF လို အဖွဲ့မျိုး ကိုယ်တိုင်က အသိအမှတ်ပြုလာရပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အဆင့်ကို ၂၀၁၂ ခုနှစ်ကနဲ့နှိုင်းယှဉ်ရင် ၁၈ ဆင့်မြှင့် တင်ပြီး ၁၅၁ မှာ သတ်မှတ်လိုက်တဲ့ အဓိက အကြောင်းရင်းတချို့ကို RSF ရဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ အညွှန်းကိန်းကို ပြုစုတာမှာ အဓိက ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ RSF အာရှ-ပစိဖိတ်ဒေသဆိုင်ရာဌာနရဲ့ အကြီးအကဲ ဘန်ဂျမင် အစ္စမေးလ် (Benjamin Ismail) က ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“ပထမဆုံးတခုကတော့ အကျဉ်းချထားတဲ့ စာနယ်ဇင်းသမားတွေ၊ ဘလော်ဂါတွေ အားလုံး ကို ပြန် လွှတ်ပေးခဲ့တာပါ။ စာနယ်ဇင်းတွေ မထုတ်ဝေခင်မှာ ဆင်ဆာခွင့်ပြုချက် အရင် ယူရတာကို ဖျက်သိမ်းခဲ့တာ၊ ပြည်ပအခြေစိုက် သတင်း မီဒီယာတွေကို ပြည်တွင်းမှာ ပြန် လုပ်ခွင့်ပြုခဲ့တာ စတာတွေက အဓိက အကြောင်း ရင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် စာနယ်ဇင်းသမားတွေ လုပ်ကိုင်ရတဲ့ ပကတိ အခြေအနေတွေကလည်း ပြောင်းလဲသွားပါပြီ။ အခုဆိုရင် သူတို့ဟာ အကဲဆတ်တဲ့အကြောင်းအရာမျိုးစုံကို စိစစ်ရေးအဖွဲ့ ကနေ ဖြတ်စရာ မလိုတော့ဘဲ ရေးသား တင်ပြနေနိုင်ကြပါပြီ။”

အဲဒီလို မယုံနိုင်ဖွယ် ဖြစ်ထွန်းတိုးတက်မှုတွေရှိနေတဲ့ အခြေအနေကောင်းဟာ ၂၀၁၃ ခုနှစ်မှာ ဆက်ဖြစ်သွားဖို့လိုပြီး အထူး သဖြင့်ကတော့ မရှိသင့်တော့တဲ့ ဥပဒေတွေကို ဖျက်သိမ်းပြီးတော့ ရှိသင့်တဲ့ဥပဒေတွေကို ပြဌာန်းဖို့ လိုတယ်လို့ ဘန်ဂျမင်န် အစ္စမေးလ်က ထောက်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အဆင့် အခုလို တိုးမြှင့်လိုက်တာကို သဘောတူ သူတွေထဲမှာ တစ်ဦးကတော့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းဥက္ကဋ္ဌ ဦးဝံသပါ။ အလားတူပဲ စာနယ်ဇင်းသမားတွေကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့၊ ခေတ်မမီတော့တဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့လိုတယ်ဆိုတာကို ဦးဝံသကလည်း ထောက်ပြပါတယ်။

"သတင်း မီးဒီယာသမားတွေကို လိုရင်လိုသလို ထုတ်ပြီးသုံးလို့ရတဲ့ အရေးယူချင်တယ် ဆိုလို့ရှိရင်လည်း ယူလို့ရတဲ့၊ အန္တရာယ်ပြုချင်လို့ရှိရင် ထုတ်သုံးလို့ရတဲ့၊ မလိုအပ်တဲ့ ဥပဒေတွေ-ကန့်သတ်ထားတဲ့ ဥပဒေတွေက ရှိနေတုန်းပဲ။ အဲဒီ ဥပဒေတွေကို ပယ်ဖျက်ဖို့က ကြိုးစားရအုံးမယ်။ အဲဒါတွေ ရှိနေရင် ဥပမာဗျာ- ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဥပဒေတို့၊ နောက်ပီးတော့ အရေးပေါ် စီမံချက် ဥပဒေတို့- ဒါတွေက အချိန်မရွေး သုံးလို့ ရတဲ့ ကိစ္စတွေပဲ။ အဲဒီတော့ ဒီလို ဥပဒေတွေကို ပယ်ဖျက်ပီးတော့မှသာလျှင် ပိုပြီးတော့ လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့ မီဒီယာ အခြေအနေကို ကျနော်တို့ ရရှိမှာပါ။"

၂၀၁၂ ခုနှစ်အတွင်း စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေ သိသိသာသာ တိုးတက်တာ ကို မြင်ခဲ့ကြရသလို ပုဂ္ဂလိကစာနယ် ဇင်းတွေအပေါ် အစိုးရဌာနတွေက တရားစွဲဆိုတာတွေ ကိုလည်း တွေ့ခဲ့ကြရတာပါ။ ဒါကြောင့်လည်း စာနယ်ဇင်းသမားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းဖို့လိုတယ်လို့ ထောက်ပြနေကြတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ကမကထပြုပြီး စာနယ်ဇင်း ဥပဒေမူကြမ်းတရပ်ကို ရေးဆွဲပြုစု နေပြီးတော့ လာမယ့် သီတင်းနှစ်ပတ်လောက်အတွင်း လက်ရှိကျင်းပဆဲ လွှတ်တော်အစည်းအဝေးတွေမှာ တင်ပြဖို့ မျှော်လင့် ထားကြပါတယ်။

ဒီဥပဒေမူကြမ်းမှာ ပုံနှိပ်မီဒီယာတွေအတွက်သာမက အွန်လိုင်းမီဒီယာတွေကိုပါ အကာအကွယ်ပေးနိုင်မယ့် ပြဌာန်းချက်မျိုးတွေ ကိုပါထည့်သွင်းပြီး အားနည်းချက်မရှိအောင်၊ ပျော့ကွက်ကိုထောက်ပြီး အာဏာပိုင်တွေက အသုံးမချနိုင်အောင် လုပ်ဖို့လိုတယ် လို့ ဘန်ဂျမင်န် အစ္စမေးလ်က အကြံပေးပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံချက်ပေးဖို့ လုပ်ဆောင်နေတယ်ဆိုတာကို သက်သေပြတဲ့ အနေနဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေကို ထုတ်ဝေခွင့်ပြုမယ်လို့ ကြေညာထားပါတယ် ခင်ဗျား။
XS
SM
MD
LG