သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်စ် မိတ်ဆုံစားပွဲ ဗိုလ်ချုပ်မှူးကြီး တက်တဲ့အပေါ် အမြင်တချို့


ကက်သလစ် ရဟန်းမင်း ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ဖိတ်ကြားချက်နဲ့ ရန်ကုန်မြို့ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းက ခရစ္စမတ်မိတ်ဆုံစားပွဲကို တက်ရောက်လာတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် ခေါင်းဆောင်များ (ဓါတ်ပုံ- CBCM OSC)
ကက်သလစ် ရဟန်းမင်း ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ဖိတ်ကြားချက်နဲ့ ရန်ကုန်မြို့ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းက ခရစ္စမတ်မိတ်ဆုံစားပွဲကို တက်ရောက်လာတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် ခေါင်းဆောင်များ (ဓါတ်ပုံ- CBCM OSC)
တိုက်ရိုက် လင့်ခ်


Zawgyi/Unicode

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ကက်သလစ် ရဟန်းမင်း ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ဖိတ်ကြားချက်နဲ့ ရန်ကုန်မြို့ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းမှာ မနေ့က ပြုလုပ်တဲ့ ခရစ္စမတ်မိတ်ဆုံစားပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။

မြန်မာတပ်မတော်အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်းနဲ့ ဘာသာရေး ခွဲခြားဖိနှိပ်မှုတွေ ရှိနေကြောင်း စွပ်စွဲခံထားရသလို၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူခံ ထားရတဲ့အချိန်မှာ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အခုလို ခရစ္စမတ် ဘာသာရေးပွဲတော်ကို ထူးထူးခြားခြား တက်ရောက်လာတဲ့အပေါ် တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဒီဇင်ဘာလ (၂၅)ရက်နေ့က ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုရဲ့ ကျောင်းတိုက်မှာ ပြုလုပ်တဲ့ ခရစ္စမတ်နေ့ အထိမ်းအမှတ်စုပေါင်း ဆုတောင်းပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က- အခုလို ခရစ္စမတ်ပွဲတော်ကို တပ်မတော် ခေါင်းဆောင်တွေ အတူတကွဆင်နွဲှတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တဲ့အတွက် သမိုင်းဝင်နေ့ တနေ့ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဒီအပေါ်မှာ NCBAC ခေါ် အမေရိကန်နိုင်ငံလုံးဆိုင် ရာ မြန်မာ ကက်သလစ် အဖွဲ့အစည်း တာဝန်ခံ Kentucky ပြည်နယ် Holy Spirit Parish ခရစ်ယာန်ကျောင်းက ဘုန်းတော်ကြီး ဂျွန်ပေါ်လ်မန်က သူ့ရဲ့အမြင်ကို ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအတွက်ကို ကြိုးစားနေတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအပိုင်းကို အားပေးဖို့ဖြစ်ပါတယ်။ တဖက် တပ်မတော် ခေါင်းဆောင်တွေဘက်ကလည်း နိုင်ငံရဲ့ အရေးကိုဦးစားပေးဖို့၊ ပြည်သူပြည် သားကောင်းစားရေးအတွက် ပိုမိုလုပ်ဆောင်လာဖို့ ဝင်ပြီး စေ့စပ်ညှိုနှိုင်းပေး တဲ့သဘောမျိုး၊ ခင်မင်ရင်းနှီးမှု ပိုပြီးရအောင်လို့၊ နိုင်ငံ ကောင်းစားရေး အတွက် အတူတူလုပ်ဆောင်မှု တခုလို့မြင်ပါတယ်။ ခရစ္စမတ်ရဲ့ သတင်းကောင်းကလည်း လူသားအားလုံးအပေါ်မှာ ငြိမ်ချမ်းခြင်း ရောက်ရှိဖို့အတွက်၊ မြန်မာပြည်သူပြည်သားတွေ ငြိမ်ချမ်းရေးရရှိဖို့ နိုင်ငံတော်နဲ့ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးညှိုနှိုင်းတိုင်ပင်ပြီးတော့မှ အများကောင်းကျိုးအတွက် လုပ်ဆောင်ဖို့ ခရစ္စမတ်အတွက် အမှာစကားပေးလိုက်တယ်လို့ ယုံကြည်ပါတယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်တဲ့အဆင့် ထိမြောက် ကြောင်း စွပ်စွဲခံထားရသလို၊ မြန်မာအစိုးရအနေနဲ့လည်း တားဆီးအရေးယူ နိုင်ခြင်းမရှိဘူးဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို အမှုစွဲတင်ထားတဲ့အချိန်၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူထားတဲ့အချိန်မှာ နိုင်ငံတကာဖိအားတွေ လျော့ကျစေရေး မြန်မာစစ်ခေါင်းဆောင်ပိုင်းက ဟန်ပြ ကြိုးစားမှုဖြစ်ကြောင်း ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San NSang က ဗွီအိုအေကိုပြောပါတယ်။

“ထူးခြားတာက မြန်မာနိုင်ငံကို နိုင်ငံတကာကနေ ဖိအားအင်မတန်များနေတဲ့အချိန်မှာ နိုင်ငံရေးအရ ပြုမူတယ်လို့ ကျနော်တို့ယူဆပါတယ်။ တကယ့်လက်တွေ့မရှိပဲ ဟန်ပြသဘောထားနဲ့ လုပ်တယ်လို့ပဲ ကျနော်မြင်ပါတယ်။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြု လက်ခံထားခြင်း မရှိပါဘူး။ ကာဒီနယ် ချားလ်စ်ဘိုရဲ့ မနေ့က ခရစ္စမတ် နှုတ်ခွန်းဆက် မိန့်ခွန်းမှာ- ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံ အမှုစွဲတင်ခံထားရတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း ကမ္ဘာက မြန်မာနိုင်ငံကို ပိုမိုနားလည်ဖို့ရန်အတွက် လိုအပ်ကြောင်းနဲ့ နိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံဟာ မိမိ လုံခြုံရေးအတွက် ပြုလုပ်ရတဲ့ အစီအမံတွေဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Gum San NSang က အခုလို သူ့ရဲ့အမြင်ကို တုန့်ပြန်ခဲ့ပါတယ်။

“ကာဒီနယ်လ် ချားလ်စ်ဘိုကနေ ပြောတာကတော့ အပြုသဘောဆောင်ပြီးပြောတာ မျိုးဖြစ်မှာပါ။ တကယ့်ပကတိအခြေအနေမှာကတော့ တကယ့်ကို ဆိုးဆိုးရွားရွား အခြေအနေရှိပါတယ်။ မြန်မာစစ်တပ်ကနေ တချို့လုပ်တဲ့ အပြုအမူက အင်မတန်ကို ဘာသာရေးနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်တဲဟာတွေကို လုပ်တာပါ။ ဗုဒ္ဓဘာသာဝင် တဦးတယောက်မှ မရှိတဲ့ ပြည်နယ်တွေမှာ ဘုရား၊ ပုထိုးတွေ တည်တာတွေရှိပါတယ်။ သက်သေသာဓကတွေတော့ အများကြီးရှိတယ်။ တကယ့်ပကတိအခြေအနေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး မိတ်ဖက် အတူယှဉ်တွဲနေထိုင်ဖို့အတွက် ထိခိုက်တဲ့ အခြေအနေကို ရောက်စေတာပေါ့။”

မနေ့က ရန်ကုန် ခရစ္စမတ်ဆုတောင်းပွဲကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် ၃.၂ သန်း ခန့်ရှိပြီး လူဦးရေရဲ့ ၆% နီးပါးရှိကြောင်း၊ မြန်မာနိုင်ငံ လူဦးရေအများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာနဲ့ အတူ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်တွေဟာ နှစ်ပေါင်း များစွာကတည်းက အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် အမိနိုင်ငံတော် ကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၂ နှင့် ၃၆၃ တို့မှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ကူညီစောင့်ရှောက်မှုတို့အတွက် အာမခံပေးထားတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

----------------

ခရစ်စမတျဈ မိတျဆုံစားပှဲ ဗိုလျခြုပျမှူးကွီး တကျတဲ့အပေါျ အမွငျတခြို့


XS
SM
MD
LG