သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လမြိုင် ဆန္ဒပြပွဲ ရဲက ပစ်ခတ် ဖမ်းဆီး


မော်လမြိုင်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒုပြသူတဦးကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)
မော်လမြိုင်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒုပြသူတဦးကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဆန္ဒပြသူ လူငယ်တချို့ကိုလည်း ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာတော့ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာပါ။ မော်လမြိုင်မြို့က ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က တင်ပြပေးပါမယ်။

မော်လမြိုင်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒုပြသူတဦးကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)
မော်လမြိုင်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒုပြသူတဦးကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်အနီး ဆန္ဒပြနေတဲ့သူတွေကို ဒီနေ့အစောပိုင်းနဲ့ ညနေပိုင်းတွေမှာ ၂ ကြိမ် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရာက ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်ဖြစ်ရာက ပစ်ခတ်နှိမ်နင်းတဲ့ အခြေအနေနဲ့ ကြုံရတာလို့လည်း ကိုယ်တိုင်တွေ့ခဲ့သူတဦးဖြစ်တဲ့ ကိုဇင်မိုးက ဗွီအိုအေကို ပြောပါတယ်။ ညနေပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးရာမှာ ကူညီပေးခဲ့တဲ့ ကိုဇင်မိုးကပြောပါတယ်။

“အဓိကရုဏ်း ဖြစ်ပြီးတဲ့နောက် အဲဒီမှာ ရဲကားတွေ အကုန်လုံး အုတ်ခဲနဲ့ ထုပြီးတော့ အကုန်လုံး ဖျက်စီးခံလိုက်ရတယ်ပေါ့နော်။ ဒီဘက်ခြမ်းလူကလည်း ထိခိုက်ဒဏ်ရာရတဲ့ လူတွေရှိပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေကျတော့ ကျနော်တို့ အခု အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ကျနော်တို့ကုသမယ့်နေရာကို ပို့ထားပြီးပါပြီ။ ရာဘာကျည်လို့ပဲ ထင်တယ်ပေါ့နော်။ ကျနော်တို့က ပစ်တဲ့ အချိန်မမြင်ရဘူးဆိုတော့ ကျနော်က ဒီကားထွက်တဲ့ဘက်ခြမ်းမှာ သွားနေတာလေ။ အနောက်မှာဖြစ်တဲ့ဟာက မမြင်လိုက်ရဘူး၊ လူကလည်း အရမ်းများတာကို ကျည်ဖောက်သံစကြားပြီးတဲ့ အချိန်မှာပဲ အဲ့ဒီမှာထိခိုက်ဒဏ်ရာရတဲ့ လူ ခေါ်ထုတ်တယ်ပေါ့နော်။ ဒဏ်ရာပြင်းထန်ကတော့ တစ်ယောက်ပေ့ါနော်၊ နောက်ထပ် သုံး၊ လေးယောက်က ထိမှန်းထားတယ် အဲ့ဒါတွေလည်း အကုန်လုံးလည်း ဆေးကုသထားပြီးပါပြီ။”

မနက်ပိုင်းမှာတုန်းက မော်လမြိုင်တက္ကသိုလ်အနီး ဆန္ဒပြသူတွေထဲက တချို့ကို အာဏာပိုင်တွေ ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံခဲ့ရပြီး ဒုတိယအကြိမ် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ အစောပိုင်း ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ ကိုး ဦးကိုတော့ ရဲတပ်ဖွဲ့က ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

အစောပိုင်း ဆန္ဒပြချိန်မှာလည်း ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့သေးတယ်လို့ မော်လမြိုင်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသံစဉ်ဦးက ဒီနေ့မနက်ပိုင်းမှာပဲ ဗွီအိုအေကို ပြောဆိုထားပါတယ်။

“ကျောင်းသားတွေကလည်း ညှိမယ်ဆိုတော့ သူတို့ခေါ်တော့ညှိတယ်။ ညှိတဲ့အခါတော့ ခေါင်းဆောင်ပိုင်းက ထွက်သွားတယ်... နှစ်ယောက်လောက်ပေါ့။ ခေါင်းဆောင်ပိုင်းကို အရင်ဝင်ဆွဲသွားတယ်။ နောက် သပိတ်ကားပေါ်က လူတွေကို ဆွဲသွားတယ်ပေါ့။ အခုကတော့ စာရင်းကောက်ထားတာ လေးယောက်ပေါ့နော်.. အဖမ်းခံရတယ်။ ပြီးတော့ ကျနော်တို့ သပိတ်ကားကို ရဲတွေက သူတို့ကိုယ်တိုင်မောင်း သူတို့ကိုယ်တိုင်စီးပြီးတော့ သပိတ်ကားကို သိမ်းသွားတယ်ပေါ့နော်။ နောက်တော့ ရဲပြီးသွားတော့ စစ်သားတွေ၊ ဘာတွေရောက်လာပြီးတော့ ဘေးနားမှာ ထိုင်နေတဲ့ လူတွေကအစ ကျောင်းသားတွေကအစ အကုန်စောင့်ကန်ပြီးတော့ ဖမ်းတာတို့ သူ့ဟာသူ ဆန္ဒမပြဘဲနဲ့ ဘေးနားမှာ ထိုင်ကြည့်တဲ့ လူတွေ ပြန်ပြီး ဖမ်းတာ အဲ့ဒီလိုမျိုးလုပ်တယ်၊ ဖမ်းတဲ့ ဦးရေကတော့ အခုထိ မတက်သေးဘူး။ ရဲအင်အား စစ်သားအင်အားဆိုရင် ၃၀၀ ကျော်လောက်ရှိမယ်။ ပြီးတော့ တက္ကသိုလ်ဝန်းမှာ သေနတ် ငါး ချက်လောက်ဖောက်တယ်။”

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ပေါ်ပေါက်နေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသာမက သေနတ်နဲ့ပါ ပစ်ခတ်ပြီး အင်အားသုံး နှိမ်နင်းတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒီသီတင်းပတ် အစောပိုင်းမှာတုန်းကလည်း နေပြည်တော်မှ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီကနေ့ မြန်မာ့အရေး အထူးအစည်းအဝေးမှာလည်း မြန်မာနိုင်ငံက ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG