သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းစစ်တပ်ပေါ် နိုင်ငံတကာ ဖိအားပေးရေး ဆန္ဒပြသူတွေ ကြိုးပမ်း


ရန်ကုန်မြို့ရှိ သံရုံးတခုရှေ့မှာ စစ်အာဏာသိမ်း ကန့်ကွက် ဆန္ဒပြသူများ။ (ဖေဖောဝါရီ ၁၂၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ သံရုံးတခုရှေ့မှာ စစ်အာဏာသိမ်း ကန့်ကွက် ဆန္ဒပြသူများ။ (ဖေဖောဝါရီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာက ဖိအားပေးဖို့ ဆန္ဒပြသူတွေ အာရုံစိုက်လှုပ်ရှား လာကြပါတယ်။ စစ်တပ်က အာဏာသိမ်းတာကို လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြနေကြတာ ဒီကနေ့ ၇ ရက်ပြည့်တဲ့ အချိန်မှာပဲ ရန်ကုန်မြို့က နိုင်ငံတကာသံရုံးတွေရှေ့မှာ ဆန္ဒပြသူတွေ သွားရောက်စုဝေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို နိုင်ငံတဝန်း ဆန့်ကျင်ကန့်ကွက်နေချိန်မှာပဲ ဒီကနေ့ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးနဲ့ နိုင်ငံတကာ သံရုံးတွေမှာပါ ဆန္ဒပြသူတွေ စုဝေးပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ ကုလသမဂ္ဂရုံး၊ အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားစတဲ့ နိုင်ငံတကာ သံရုံးတွေမှာပါ စုဝေးဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ သံရုံးရှေ့က ဆန္ဒပြပွဲမှာ ပါဝင်သူ တယောက်ကတော့ ဒေသတွင်းနိုင်ငံတွေကပါ ဖိအားပေးဖို့ တောင်းဆိုနေရတာလို့ ပြောပါတယ်။

“ဘရူနိုင်းသံရုံးကကျတော့ သူက အာဆီယံမှာ ဥက္ကဋ္ဌဖြစ်နေလို့ ကျမတို့အတွက် တဘက်တလမ်းက အထောက်အပံ့ပေးနိုင်အောင် တရားမျှတမှုကို သူတို့ တကယ်မြင်နိုင်အောင် တကယ်ပြည်သူတွေ လိုချင်နေတာဘာလဲ၊ ကျမတို့ရဲ့ Leader ဒေါ်အောင်ဆန်းစုကြည်၊ တကယ့်ပြည်သူတွေ တကယ် တင်မြောက်ထားတာ ဘယ်သူလဲ.... ကျမတို့ သမ္မတကြီး ဦးဝင်းမြင့်၊ ကျမတို့သမ္မတကဦးဝင်းမြင့်... ကျမတို့ ဦးဝင်းမြင့်ကိုပဲလိုချင်တယ်။ ကျမတို့ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်မှာပဲ လမ်းလျှောက်ချင်တယ်။ ဒါကြောင့်မို့လို့ ကျမတို့က ဒီ အာဆီယံ ဥက္ကဋ္ဌအနေနဲ့လည်းပဲ ကျမတို့ကို တရားမျှတမှုဘက်ကို ပါလာနိုင်အောင် ပြည်သူတွေရဲ့သဘောထားကို လာထုတ်ဖော်တာပါ။”

မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိတယ်လို့ အများက ယူဆထားတဲ့ ရုရှားနိုင်ငံကိုလည်း ဆန္ဒပြသူတွေ အာရုံစိုက်ခဲ့ကြတာပါ။ ရန်ကုန်မြို့ ရုရှားသံရုံးရှေ့ ဆန္ဒပြသူ တဦးကတော့ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ တောင်းဆိုနေရတာလို့ ပြောပါတယ်။

“ကျနော်တို့ လူငယ်တွေက ဒီနေ့ အထူးသဖြင့် ဒီနေ့မှာ ဒီရုရှားသံရုံးရှေ့ကို လာခဲ့ကြတယ်ပေါ့နော်။ ကျနော်တို့ ရင်ထဲမှာက ကျနော်တို့ အရမ်း မျှော်လင့်ချက်တွေ အရမ်းများတယ်။ ဘာလို့ဆို ရုရှားက ကျနော်တို့နိုင်ငံအတွက် အဓိက မြန်မာနိုင်ငံအတွက် အသံတိတ်ပေးနေတာ အရမ်းကြာပြီ။ အသံတိတ်ပေးရုံတင်မကဘူး။ ကျနော်တို့နောက်မှာ ကျနော်တို့မလိုချင်တဲ့ ကျနော်တို့ Military ကို အများကြီး ပံ့ပိုးကူညီတဲ့ အပိုင်းတွေ အများကြီး ရှိတယ်ပေါ့နော်။ အဲ့ဒါကို ကျနော်တို့ နိုင်ငံသားတွေက လုံးဝမကျေနပ်ဘူး။ အဲ့ဒီအတွက် ကျနော်တို့က တရားမျှတမှုကို ဖော်ဆောင်ပေးပါ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဘာလိုချင်လည်းဆိုတာကို ရုရှားက တခြားနိုင်ငံနည်းတူပဲ ဘာကြောင့် ရုရှားကလည်း မလုပ်နိုင်ရတာလည်းပေါ့နော်။ ကျနော်တို့ ရုရှားကို အဲ့ဒါ အဓိကတောင်းဆိုဖို့လာခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျ။”

မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ အများက လက်ခံထားကြတဲ့ တရုတ်နိုင်ငံကိုလည်း ဆန္ဒပြသူတွေ ဖိအားပေးဖို့ ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံအရေး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဆင့် ဆွေးနွေးမှုတွေမှာ အာဏာသိမ်း စစ်တပ်ဘက်က ရပ်တည်ပြီး အကာအကွယ်မပေးဖို့ တရုတ်သံရုံးမှာ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

မကြာသေးခင်တုန်းကပဲ အာဏာသိမ်း စစ်တပ်အတွက် နည်းပညာနဲ့ ပစ္စည်းကိရိယာ အကူအညီတွေပါ ပေးပို့နေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာကြောင့်၊ တရုတ်နိုင်ငံအပေါ် ဆန္ဒပြသူတွေက ပိုပြီး အာရုံစိုက်နေကြပါတယ်။ အာဏာသိမ်း စစ်အစိုးရအပေါ် ပထမဆုံး အရေးယူဒဏ်ခတ်မှုတွေ ကြေညာလိုက်တဲ့ အမေရိကန် သံရုံး အပါအဝင် အနောက်နိုင်ငံ သံရုံးတွေရှေ့မှာလည်း ဆန္ဒပြသူတွေက ထိရောက်တဲ့ အရေးယူမှုတွေချမှတ်ဖို့၊ ဖမ်းဆီးခံထားရတဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေ လွတ်မြောက်ရေး နိုင်ငံတကာ အတိုင်းအတာနဲ့ ဝိုင်းဝန်းကြိုးပမ်းပေးဖို့ တောင်းဆိုနေကြတာပါ။

အမေရိကန် ပြည်ထောင်စုကတော့ သမ္မတ Joe Biden ကိုယ်တိုင် အမိန့်ထုတ်ပြန်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ ဆက်စပ်ပတ်သက်သူတွေကို ဒဏ်ခတ်အရေးယူဖို့ ကြေညာထားပါတယ်။ သမ္မတက အမိန့်ထုတ်လိုက်ပြီး နောက်တရက်ဖြစ်တဲ့ မနေ့တုန်းကပဲ မြန်မာစစ်တပ်က အရာရှိဟောင်း ခြောက် ဦး၊ အသစ်ဖွဲ့စည်းလိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် လေး ဦးနဲ့ စစ်တပ်ပိုင် ဒါမှမဟုတ် စစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်း သုံး ခုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










ဆက်စပ်သတင်းများ ...

XS
SM
MD
LG