သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်မှုကြောင့် မုံရွာတဦး မန္တလေးတဦးသေဆုံး


မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဖြိုခွဲမှုအတွင်း ဒဏ်ရာရသူကို စေတနာ့ဝန်ထမ်းဆေးအဖွဲ့က သယ်ဆောင်လာစဉ်။
မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဖြိုခွဲမှုအတွင်း ဒဏ်ရာရသူကို စေတနာ့ဝန်ထမ်းဆေးအဖွဲ့က သယ်ဆောင်လာစဉ်။

Zawgyi/Unicode

နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို လုံခြုံရေးတွေဘက်က အကြမ်းဖက်ဖြိုခွဲတာတွေကြောင့် မုံရွာမြို့မှာ ဆန္ဒပြတဲ့သူ ၁ ယောက်သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာလည်း ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်နှိမ်နှင်းတာကြောင့် အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြသူတွေအနက်က တယောက် သေဆုံးသွားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က သတင်းပေးပို့ထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းကမြို့တွေမှာ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ ဒီနေ့မနက်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နှင်းတာကြောင့် ဆန္ဒပြတဲ့သူ ၁ ယောက် ဦးခေါင်းထိမှန် သေဆုံးသွားခဲ့ပြီး ၃ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ မုံရွာမြို့ခံတဦးက ဗီအိုအေကို ပြောပါတယ်။

“သပိတ်စစ်ကြောင်းတွေ ပုံမှန်အတိုင်းထွက်တဲ့အခါမှာ ရပ်ကွက်သပိတ်စစ်ကြောင်းနဲ့ အောင်သပြေလမ်း ဖယ်ရှားရှင်းလင်းနေတဲ့ စစ်အုပ်စုနဲ့ တွေ့တော့ ပစ်တာခတ်တာတွေဖြစ်သွားတယ်။ ၄ ယောက်ထိတယ်။ ၃ ယောက်ကတော့ မစိုးရိမ်ရဘူး၊ ၁ ယောက်ကတော့ ဦးခေါင်းကျည်ထိမှန် (Head Shot) ထိသွားပြီးတော့ ဆုံးသွားတယ်။ ဆုံးတဲ့သူက ကိုမင်းမင်းဇော်ပါ။”

မုံရွာမြို့က ဒီနေ့ ပင်မသပိတ်စစ်ကြောင်းမှာ ဆန္ဒပြတဲ့သူ ထောင်နဲ့ချီပါဝင်ခဲ့ကြပြီး ရပ်ကွက်အလိုက်ဆန္ဒပြတာတွေလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် အခုညနေ ၃ နာရီလောက်မှာလည်း နန္ဒဝန်ရဲစခန်းမှာ ရပ်ကွက်နေပြည်သူတွေ နဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒါကို ပစ်ခတ်နှိမ်နှင်းခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ပြောပါတယ်။

“အခုပြီးခဲ့တဲ့ ၃ နာရီပတ်ဝန်းကျင်မှာလည်း နန္ဒဝန်ရဲစခန်းမှာလည်း ပဋိပက္ခတွေဖြစ်တယ်၊ အဲဒီမှာ တပ်စွဲထားတဲ့ အဖွဲ့တွေနဲ့ ပြည်သူတွေနဲ့။ အဲဒါကသပိတ်စစ်ကြောင်းမဟုတ်ဘူး၊ ဒီအတိုင်းသီးသန့် ဒီအတိုင်းဖြစ်ကြတာ။ အဲဒီမှာပစ်လို့၄ ယောက်ထိသွားတယ်။ အဲဒီထိတဲ့အထိမှာ ရှပ်ထိတာက ၃ ယောက် ၊ ဗိုက်ထိတာက ၁ ယောက်ပေါ့။ အဲဒီဗိုက်ထိတဲ့သူက ရှပ်ထိတာလား တိုက်ရိုက်ထိတာလားဆိုတာတော့ တိတိကျကျ မပြောနိုင်သေးဘူး။ သူကတော့ နည်းနည်းလေး စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရဘူး။”

မန္တလေးမြို့မှာဆိုရင်လည် ဒီနေ့မနက် နေမထွက်ခင် အစောပိုင်းကစပြီး အရုဏ်ဦးသပိတ်၊ လူမဲ့သပိတ် စတာတွေကို ဆင်နွဲခဲ့ကြပါတယ်။ ဆေးပညာမိသားစုက မနက် ၅ နာရီခွဲမှာ အရုဏ်ဦးသပိတ်ကို စတင်ဆင်နွဲခဲ့ပြီးတော့ မန္တလေးအင်ဂျင်နီယာများအဖွဲ့အပါအဝင် တခြား သပိတ်စစ်ကြောင်းတွေကလည်း သက်ဆိုင်ရာ အဖွဲ့လိုက် အဖွဲ့လိုက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။ နေ့လည်ပိုင်းမှာတော့ မန္တလေးမြို့သစ်က အောင်ပင်လယ် နဲ့ မနော်ဟရီဘက်တွေမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နှင်းတာကြောင့် ၄ ယောက်ထက်မနည်း ဝမ်းဗိုက်၊ လည်ပင်း၊ လက်မောင်းတွေမှာ သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရတာတွေရှိတယ်လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ အောင်ပင်လယ်ကို ၂ ဘက် ညှပ်ပြီးလာတယ်။ အဲဒီမှာ ပြည်သူနဲ့ထိပ်တိုက်တွေ့တဲ့ ပုံစံမျိုးဖြစ်ကြတော့ ပစ်ခတ်တာတွေရှိတယ်။ ဒဏ်ရာရတာကတော့ ကျနော်ဒီအချိန်ထိ သိရတာကတော့ ၄ ယောက် ဒဏ်ရာရပါတယ်။ ဖမ်းသွားတာကတော့ ၁၅ ယောက်လောက် ဖမ်းသွားတယ်လို့ ကျနော်တို့ လောလောဆယ်သိထားတယ်။ ၄ နာရီလောက်ကျတော့ မနော်ဟရီဘက်ကို တက်လာတယ်။ မနော်ဟရီမှာလည်း ပစ်တယ်။ ပစ်တဲ့ကျည်ကတော့ ရာဘာကျည်လည်းပါတယ်။ ကျည်အစစ်လည်းပါတယ်။ ကျနော်တို့ဆီကို ကျည်အစစ် ၂ တောင့်လောက် ဖြတ်သွားတယ်။ ၅၉လမ်းကနေ ဆိုင်ကယ်ဖြတ်မောင်းတာ၊ သူတို့က ဟိုဘက် ၅၈ လမ်းမှာရှိတယ်။ လမ်းအတိုင်း လမ်းတောက်လျှောက်မောင်းတာ အဲဒါကို သေနတ်နဲ့လှမ်းပစ်တယ်။ ကျည်အစစ်နဲ့။ ထိတာတော့ မထိဘူးဗျ။ အဲဒါက ကျနော်ကိုယ်တိုင် ပစ်ခံရတာ။”

အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ လုံခြုံရေးတွေဘက်က အကြမ်းဖက်ဖြိုခွဲတာကြောင့် အောင်ပင်လယ်မှာ ၆ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ဒီထဲက ၁ ယောက်ကတော့ သေဆုံးသွားပြီလို့ သိရပါတယ်။

ရန်ကုန်မြို့မှာဆိုရင်လည်း ရန်ကင်း၊ တာမွေ၊ စမ်းချောင်း၊ လှိုင်၊ အင်းစိန် စတဲ့မြို့နယ်တွေမှာ ရပ်ကွက်အလိုက် ဆန္ဒပြတာတွေ ကြိုကြား ကြိုကြားရှိခဲ့ပါတယ်။

လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှာဆိုရင်လည်း လုံခြုံရေးအာဏာပိုင်တွေဘက်က လမ်းတွေအတွင်းကိုဝင်ရောက်ပြီးတော့ ပစ်ခတ်ခဲ့ပြီး လုံခြုံရေးအတွက် ချထားတဲ့ အကာအရံအတားအဆီးတွေကို ဘူဒိုဇာတွေ ဖယ်ရှားခဲ့တာတွေကို Facebook လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နှင်းခဲ့တာကြောင့် သေဆုံးသူဦးရေဟာ ၂၄၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Unicode

ပဈခတျမှုကွောင့ျ မုံရှာတဦး မန်တလေးတဦးသဆေုံး













#MyanmarMilitaryCoup #MyanamrProtest#WhatIsHappeningInMyanmar #VOABurmese

XS
SM
MD
LG