သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးမြန်မာစစ်လေယာဉ် ဆက်လက်အားဖြည့်ရှာဖွေနေဆဲ


ပျောက်ဆုံးသွားတဲ့ မြန်မာ့ တပ်မတော် ပို့ဆောင်ရေး လေယာဉ်ကို ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု မြေပုံ။ မူရင်း - ကာကွယ်ရေး ဝန်ကြီးဌာန။
ပျောက်ဆုံးသွားတဲ့ မြန်မာ့ တပ်မတော် ပို့ဆောင်ရေး လေယာဉ်ကို ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု မြေပုံ။ မူရင်း - ကာကွယ်ရေး ဝန်ကြီးဌာန။

တနင်္သာရီတိုင်း အတွင်း မြိတ်မြို့ကနေ ရန်ကုန်ကို ဦးတည်ပျံသန်းတဲ့ တပ်မတော်ပိုင် Y-8 လေယာဉ်တစင်း ပျက်ကျ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အဲဒီ လေယာဉ်ပေါ်မှာ စစ်ဖက်အရာရှိတွေ လိုက်ပါခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေဆဲ လေယာဉ်နဲ့ လိုက်ပါသွားသူတွေ ပြန်လည်ရှာတွေ့ရေးကို တပ်မတော်က အားဖြည့်ပြီး ကြိုးပမ်းရှာဖွေ နေပါတယ်။ လေယာဉ်ပျက်ကျမှု နောက်ဆုံး အခြေအနေကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တပ်မတော်ပိုင် Y-8 200 F အမျိုးအစား၊ အမှတ်- ၅၈၂၀ လေယာဉ်ဟာ ဇွန် ၇ ရက် ဗုဒ္ဓဟူးနေ့တုန်းက မြိတ်မြို့ကနေ ရန်ကုန်ကို ဦးတည်ပျံသန်းနေပြီး အမြင့်ပေ ၁၈၀၀၀ လောက် ပျံသန်းနေချိန် မွန်းလွဲ ၁ နာရီခွဲကျော်လောက်မှာ ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက် ၄၃ မိုင်အကွာ လောင်းလုံ မြို့နယ်အတွင်း ထားဝယ်လေဆိပ်နဲ့ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ် ပျောက်ဆုံးသွားပြီး နောက်ပိုင်း ဗုဒ္ဓဟူးမွန်းလွဲ ၂ နာရီကစလို့ အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ နေရာတစ်ဝိုက်မှာ တပ်မတော် (ရေ) က စစ်ရေယာဉ် ၉ စီး၊ တပ်မတော်(လေ)က လေယာဉ် ၅ စီး၊ ရဟတ်ယာဉ် ၂ စီးတို့ ရှာဖွေနေဆဲဖြစ်ပြီးဒေသခံပြည်သူတွေ ကပါ ပူးပေါင်းရှာဖွေနေကြ တယ်လို့ တပ်မတော် သတင်းက ဆိုပါတယ်။

မြိတ် - ရန်ကုန် ခရီးစဉ်အတွင်း Y-8 လေယာဉ်ကို အတွေ့အကြုံများတဲ့ လေယာဉ်မှူးကြီး ယာယီ ဒုဗိုလ်မှူးကြီး ငြိမ်းချမ်း၊ တွဲဖက် လေယာဉ်မှူးကြီး ယာယီဒုဗိုလ်မှူးကြီး စိုးသူဝင်းနဲ့ တွဲဖက်လေယာဉ်မှူး ဗိုလ်မှူး သန့်ဇင်ဌေး၊ ပျံသန်းရေး အင်ဂျင်နီယာ ဗိုလ်ကြီး ကျော်စိုးတို့က တာဝန်ယူ မောင်းနှင် ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါသွားတယ်လို့ တပ်မတော်က ပြောပါတယ်။ လေယာဉ်ပေါ်မှာတော့ အဲဒီ လေယာဉ်အမှုထမ်း ၁၄ ဦးအပြင် တပ်မတော်အရာရှိ ၆ ဦး၊ စစ်သည် ၂၉ ဦး၊ မိသားစုဝင် လူကြီး ၅၈ ဦးနဲ့ ကလေး ၁၅ ဦး စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားတာ ဖြစ်တယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

Y-8 လေယာဉ်ဟာ ပျက်ကျခဲ့တာ ဖြစ်ပုံရကြောင်းနဲ့ လေယာဉ် အပိုင်းအစတွေကို ထားဝယ်မြို့ရှင်မော်ကွေ့ ဘုရားအနီး မြင်းခွာအော် ကမ်းခြေ တဝိုက်မှာ တွေ့ခဲ့ရကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ဗုဒ္ဓဟူးနေ့တုန်းက VOA ကိုဖြေကြားခဲ့ပါတယ်။

“ မြင်းခွာအော်နား တဝိုက်လို့ ပြောပါတယ်ခင်ဗျ။ ဒေသခံတွေရဲ့ ပြောစကားကြောင့် ကျနော်တို့ဆီက ကယ်ဆယ်တဲ့ အဖွဲ့တွေက အဲဒီဘက်ကို သွားနေပါပြီခင်ဗျ။ အဲဒီအတွက်ကို ကျနေ်ာတို့ကအခု ရဲ၊ မီးသတ်၊ နောက်ပြီးတော့ အဲဒီနားမှာရှိတဲ့ ဒေသခံတွေရယ် သူတို့အဖွဲ့တွေနဲ့ ကူညီ ကယ်ဆယ်တာတွေလုပ်နေပါတယ်။ ဆေးရုံလည်း ပြင်ဆင် ဆောင်ရွက်နေတာတွေ လုပ်နေပါတယ်။ နောက်ပြီး ကမ်းခြေမှာလည်း ကျနော်တို့ အနီးကပ်ဆုံး အဆင်ပြေမယ့် နေရာတွေမှာလည်း အရေးပေါ်ဆေးကုသဖို့ ဆောင်ရွက်တာတွေ လုပ်နေတယ်။ နောက် မြန်မာ့တပ်မတော် ကလည်း လေယာဉ်တွေနဲ့ ရှာနေပါပြီခင်ဗျ။”

ဗိုလ်မှူးကြီး ကျော်ဇေယျ ပြောသွားသလို ကယ်ဆယ်ရေး အဖွဲ့တွေထဲမှာ မီးသတ်တပ်ဖွဲ့လည်း ပါတာကြောင့် ထားဝယ်မီးသတ်ဌာနကို မေးမြန်းရာမှာ တာဝန်ကျ အရာရှိတဦးက အသေအပျောက် စာရင်းကို အတိအကျ မသိရသေးကြောင်း ပြောဆိုပါတယ်။

“ကျနော်တို့ဆီမှာ ဒီကနေ့ ကယ်ဆယ်ရေး အဖွဲ့တွေ ထွက်သွားတယ်ခင်ဗျ။ ဘာမှ အကြောင်းမကြား သတင်းမရသေးပါဘူး။ ထားဝယ်ကနေ ခန့်မှန်းခြေ မိုင် ၂၀ လောက်မှာ ရှိမယ်ထင်တယ်ဗျ။ အဲဒီနေရာ လောင်းလုံနဲ့ နီးမယ်ထင်တယ်။ ”

အစိုးရ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပျောက်ဆုံးလေယာဉ်အား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပြီး အတည်မပြုနိုင်တဲ့ ကောလာဟလသတင်းတွေ ရေးသားဖော်ပြမှုအား ပြင်းထန်စွာ ကန့်ကွက်ကြောင်းကိုလည်း သတင်း ထုတ်ပြန် ထားပါတယ်။ Y-8 လေယာဉ်ရဲ့ခရီးစဉ်ဟာ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုပေးနေတဲ့ သယ်ယူ ပို့ဆောင်ရေး လေယာဉ်အမျိုးအစား ဖြစ်ပြီး မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းတဲ့ ခရီးစဉ်အတွင်း အဲဒီလေယာဉ်ပေါ်မှာ ကုန်တန်ချိန် ၂.၄ တန် လောက် သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးလေယာဉ်နဲ့ နောက်ဆုံး အဆက်သွယ် ပြတ်သွားတဲ့နေရာဟာ မုတ္တမ ပင်လယ်ပြင် အထက်မှာ ဖြစ်တယ်ဆိုတာကို ကာကွယ်ရေး ဦးစီးချုပ် ရုံးကထုတ်ပြန်တဲ့ မြေပုံအရ သိရပါတယ်။ လေယာဉ် စတင်ပျောက်ဆုံးချိန်မှာ ပင်လယ်ပြင်တွင်း လှိုင်းလေ အတန်ငယ်ရှိပေမယ့် ညနေ ၆ နာရီ လောက်မှာ ရာသီဥတု ပြန်ကောင်းမွန်လာတဲ့ အတွက် ဒေသခံ စက်လှေတွေကပါ ပူးပေါင်းရှာဖွေပေးနေပါတယ်။ Y-8, 200 F လေယာဉ်ဟာ ၂၀၁၆ မတ်လမှာ တရုတ်နိုင်ငံကနေ ရန်ကုန်လေဆိပ်ကို ရောက်လာခဲ့တာဖြစ်ပြီး တပ်မတော် လေတပ်မှာ ပျံသန်းချိန် ၈၀၉ နာရီ အသုံးပြုခဲ့ တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော် လေယာဉ်တစင်း အခုလို ပျက်ကျပျောက်ဆုံးပြီး သေဆုံးသွားရတဲ့ တပ်မတော်အရာရှိ စစ်သည်တွေတွက် ဝမ်းနည်းကြေကွဲ မိကြောင်း ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုက ကနေဒါနိုင်ငံ Ottawa မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG