သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျ တပ်မတော်လေယာဉ်အပိုင်းအစ ရှာတွေ့


ပျက်ကျ တပ်မတော်လေယာဉ် Y-8 200F အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ပျက်ကျ တပ်မတော်လေယာဉ် Y-8 200F အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြိတ်ကနေ ရန်ကုန်ကိုအသွား လမ်းခရီးမှာပျက်ကျသွားတဲ့ Y-8 200F အမျိုးအစား တပ်မတော်လေယာဉ်က အပျက်အစီးအပိုင်း အစတွေကို ထားဝယ်မြို့အနီး မြင်းခွာအော်ပတ်ဝန်းကျင်မှာ တွေ့ရတယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိ သူတဦးက ဗွီအိုအေကိုပြောပါတယ်။ တပ်မတော်အရာရှိတွေနဲ့ မိသားစုတွေပါဝင်တဲ့ ခရီးသည်နဲ့ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရေးလေယာဉ်ဟာ မြိတ်လေတပ်စခန်းဌာနချုပ် ကနေ ရန်ကုန်ကိုအသွား လမ်းမှာ ရုတ်တရက်ဆက်သွယ်မှုပြတ်တောက် ပြီး ပျောက်ဆုံးသွားတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး နောက်ဆုံးသိထားရသမ ျှကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

မြိတ်ကနေ ရန်ကုန်ကို အသွား လမ်းခရီးမှာ ပျက်ကျသွားတဲ့ တပ်မတော်လေယာဉ်ရဲ့ အပိုင်းအစတွေကို ထားဝယ် ရှင်မော်ဘုရားအနီး မြင်းခွာအော် ပတ်ဝန်းကျင်မှာ တွေ့ရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေတယ်လို့ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောပါတယ်။

“မြင်းခွာအော်နားတဝိုက်လို့ပြောပါတယ်ခင်ဗျ။ ဒေသခံတွေရဲ့ပြောစကားကြောင့် ကျနော်တို့ဆီက ကယ်ဆယ်တဲ့အဖွဲ့တွေက အဲဒီဘက်ကိုသွားနေပါပြီခင်ဗျ။ အဲဒီအတွက်ကို ကျနေ်ာတို့ကအခုရဲ ၊ မီးသတ်၊ နောက်ပြီးတော့ အဲဒီနားမှာရှိတဲ့ ဒေသခံတွေရယ် သူတို့အဖွဲ့တွေနဲ့ ကူညီကယ်ဆယ်တာတွေလုပ်နေပါတယ်။ ဆေးရုံလည်း ပြင်ဆင်ဆောင်ရွက်နေတာတွေ လုပ်နေပါတယ်။ နောက်ပြီးကမ်းခြေမှာလည်း ကျနော်တို့ အနီးကပ်ဆုံးအဆင်ပြေမယ့်နေရာတွေ မှာလည်း အရေးပေါ်ဆေးကုသဖို့ ဆောင်ရွက်တာတွေလုပ်နေတယ်။ နောက်မြန်မာ့တပ်မတော် ကလည်း လေယာဉ်တွေနဲ့ ရှာနေပါပြီခင်ဗျ။”

တပ်မတော်အရာရှိ မိသားစုဝင် ၁၀၀ ကျော်ပါဝင်တဲ့ Y-8 200F အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ တပ်မတော် သယ်ယူ ပို့ဆောင်ရေးလေယာဉ်ဟာ မြိတ်ကနေ ရန်ကုန်ကို အသွား ထားဝယ်မြို့ အနီးမှာဒီကနေ့ မွန်းလွဲပိုင်းမှာ ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက် ပျောက်ဆုံးခဲ့တာပါ။

Y-8 200F အမျိုးအစား တပ်မတော် လေယာဉ် ပျက်ကျပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ အကြောင်းရင်းကို အတိအကျမသိရသေးဘဲ ရာသီ ဥတု အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုပါတယ်။

မြိတ်- ရန်ကုန် ခရီးစဉ်ကို အပတ်စဉ်ပြေးဆွဲနေတဲ့ Y 8 200F အမျိုးအစား လေယာဉ် အမှတ် ၅၈၂၀ ဟာ မြိတ်လေတပ်စခန်းဌာနချုပ်က တပ်မတော်အရာရှိ မိသားစု ၁၀၆ဦးနဲ့ လေယာဉ်အမှုထမ်း ၁၄ဦး သယ်ဆောင်ပြီး အမြင့်ပေ ၁၈၀၀၀မှာ ပျံသန်းနေချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က ထားဝယ်မြို့ နဲ့ မိုင် ၄၃မိုင်အကွာ ထားဝယ်လေဆိပ်နဲ့ နောက်ဆုံးအဆက်အသွယ်ရပြီး ရုတ်တရက် ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်လေယာဉ် ပျက်ကျပျောက်ဆုံးမှု ဖြစ်စဉ် အသေးစိတ်နဲ့ ပတ်သက်လို့ မြိတ်လေဆိပ် တာဝန်ခံ ဦး ကျော်ကျော်ဌေးက အခုလို ပြောပါတယ်။

“ပျက်သွားတာတော့ မှန်တယ် မြတ်ကနေ ရန်ကုန်ပြန်တဲ့လမ်းမှာ။ တပ်မတော်လေယာဉ်မှန်ပါတယ်။ လောလောဆယ်အထိကတော့ ပျောက်နေတယ် Lost ဖြစ်နေတယ်ပေါ့နော် လေယာဉ်ပျံနဲ့ လည်း ကျနော်တို့ကအဆက်အသွယ်မရဘူး ၊ သူ့ position လည်း confirm လုပ်လို့မရဘူးဖြစ်နေတယ် လောလောဆယ်ကတော့ ကျနေ်ာတို့ သက်ဆိုင်ရာ ရှာဖွေရေး အတွက် တပ်မတော်က ရှာနေပါတယ်။ တက်ချိန်ကတော့ မြိတ်က တက်တာ ၁ နာရီနဲ့ ၆ မိနစ် တက်ပါတယ်။”

အရင်က မြိတ်၊ ထားဝယ် အနီးတဝိုက် အလားတူ တပ်မတော် လေယာဉ် ပျောက်ဆုံးမှုမျိုး ဖြစ်ခဲ့ဖူးတာ မရှိဘူးလို့လည်း သူက ဆိုပါတယ်။

Y-8 200F တပ်မတော်လေယာဉ်ဟာ ၂၀၁၆ မတ်လမှာ တရုတ်နိုင်ငံကနေ မြန်မာပြည် မင်္ဂလာဒုံ လေ ဆိပ်ကို ရောက်ရှိခဲ့ တာဖြစ်ပြီး ၈၀၉ နာရီ ပျံသန်းအသုံးပြုပြီးဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG