သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာစစ်ဘက် ရဲဘက် အရာရှိကြီးတချို့ကို ကန်ဒဏ်ခတ်မှု ဘယ်လောက်အရေးကြီးသလဲ


လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်တပ် တပ်ရင်း ၂ ရင်း၊ အရာရှိ ၄ ဦးကို အမေရိကန်အရေးယူ

ရခိုင်၊ ကချင်နဲ့ရှမ်းပြည်နယ်တွေမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တဲ့အတွက်ဆိုပြီး မြန်မာစစ်ဘက် ထိပ်တန်းအရာရှိကြီးသုံးဦး၊ ရဲဘက်ထိပ်တန်းအရာရှိကြီးတဦးနဲ့ တပ်မတော်တပ်မနှစ်ခုအပေါ် အမေရိကန်ပြည်ထောင်စုက သြဂုတ်လ ၁၇ ရက်၊ သောကြာနေ့မှာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံက ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်သူတွေအနေနဲ့ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူစေဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်အနေနဲ့ အခုလို ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်တာဖြစ်တယ်လို့ အရေးယူမှုကိုချမှတ်တဲ့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်ဘက်နဲ့ရဲဘက် ထိပ်တန်းအရာရှိကြီးလေးဦးနဲ့ တပ်မနှစ်ခုကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် အရေးယူမှုချမှတ်လိုက်ပြီးတဲ့နောက် မြန်မာတာဝန်ရှိသူတွေအနေနဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတာမှာ ပိုပြီး သတိကြီးဖို့ နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံပြီး ယုံကြည်မှု ပိုရအောင်ဆောင်ရွက်ဖို့ မြန်မာ့အရေးလေ့လာသူတွေက အကြံပြုကြပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

အခုအရေးယူတဲ့ပုံစံဟာ အရင်ကာလတွေတုန်းက လုပ်ဖူးတဲ့ပုံစံတွေနဲ့မတူဘဲ အတိအကျ အရေးယူတဲ့ပုံစံ ဖြစ်တာကြောင့် လေးနက်တယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ပထမတချက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အဲဒီလို တခြားနိုင်ငံတခုခုကနေ ဒဏ်ခတ်အရေးယူတယ်ဆိုတော့ ဒါတော့ စိတ်မကောင်းစရာပေါ့ဗျာ။ သို့သော် ကျနော်တို့ အနှစ်နှစ်ဆယ်ကျော် မြန်မာ့နိုင်ငံရေး ဆောင်ရွက်တဲ့ကာလတုန်းကလည်း စစ်အစိုးရကို လူ့အခွင့်အရေးချိုးဖောက်မှုကို အကြောင်းပြပြီးတော့ အရေးယူမှုတွေ အမျိုးမျိုး လုပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ Burma ဆိုတဲ့ မြန်မာနိုင်ငံ တခုလုံးအပေါ်မှာ ချတဲ့ Sanction ခေါ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂကစလို့ပေါ့နော်၊ အခု ဗမာပြည်မှာ အပြောင်းအလဲတွေ ရှိလာတဲ့နောက်ပိုင်းမှာတော့ ပစ်မှတ်ထား အရေးယူမှုတွေလုပ်လာတယ်။ ဒါကတော့ ဝါးလုံးသိမ်းရိုက်တာထက်စာရင် ဆီလျော်တယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။ အမေရိကန်ပြည်ထောင်စုက စနစ်တကျလေ့လာပြီးတော့ သူတို့နိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီအရ လုပ်တာလို့ ကျနော် မြင်တယ်ခင်ဗျ။ တချို့ နိုင်ငံတွေနဲ့တော့ မတူဘူးပေါ့။ တနည်းအားဖြင့် သူက အချက်အလက် အထောက်အထား ခိုင်မာတယ်၊ ငြင်းဆိုချက်တွေ၊ ကြားနာစစ်ဆေးမှုတွေအကုန်လုပ်ပြီးမှ သူက ဆုံးဖြတ်ချက်ချတာ ဖြစ်တဲ့အတွက် ဒီဟာ လေးနက်မှုရှိတယ်လို့ ကျနော် ယူဆပါတယ်။ ”

ရန်ကုန်မြို့အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်းကလည်း အမေရိကန်အနေနဲ့ အသေ အချာ စဉ်းစား လုပ်ဆောင်တဲ့ လုပ်ရပ်တခုအဖြစ် ယူဆပါတယ်။

“ဒီအမိန့်ထုတ်ပြန်ဖို့အတွက် အမေရိကန် အစိုးရအပိုင်းမှာရော၊ နောက် အမေရိကန်လွှတ်တော်အပိုင်းမှာရော တော်တော်လေးကို အကြိတ်အနယ် ဆွေးနွေးပြီးတော့ တော်တော်လေး နှိုင်းနှိုင်းချိန်ချိန်ပေါ့လေ- ချင့်ချင့်ချိန်ချိန်နဲ့ သုခမိန်ထုံး နှလုံးမူပြီးတော့ လှမ်းတဲ့ခြေလှမ်းတခုလို့ ကျနော်ကတော့ မြင်ပါတယ်။ တကယ်တန်းကတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ယုံကြည်မှု ပြန်ပြီးရဖို့ အရေးတကြီး လိုအပ်နေတဲ့အနေအထား ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့နိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ရော အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ရော ထိတွေ့ဆက်ဆံပြီးတော့ ယုံကြည်မှုပိုရအောင် မဖြစ်မနေ ဆောင်ရွက်ရမယ့် အနေအထားမျိုးမှာ ရှိနေပါတယ်။ လက်ရှိ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုနဲ့ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်၊ ဖြေရှင်း ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။”

အမေရိကန်ရဲ့ ဒီတကြိမ် ဒဏ်ခတ်အရေးယူမှုထဲမှာ အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးလုပ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်ကျော်ဇော၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူးဟောင်း ရဲမှူးချုပ် သူရစန်းလွင်၊ တပ်မ ၉၉ တပ်မမှူးလုပ်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်ခင်လှိုင်တို့နဲ့အတူ တပ်မ ၉၉ နဲ့ တပ်မ ၃၃ တို့ပါ ပါဝင်ပါတယ်။

ဒီထဲက ဒုဗိုလ်ချုပ်ကြီးဟောင်းအောင်ကျော်ဇောကို ၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်နေ့ကတည်းက တာဝန်ထမ်းဆောင်ခွင့် ရပ်နား ထားကြောင်း တပ်မတော်က ဇွန်လမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒုဗိုလ်ချုပ်ကြီးဟောင်းအောင်ကျော်ဇော၊ ဗိုလ်မှူးချုပ် ခင်မောင်စိုးနဲ့ ရဲမှူးချုပ် သူရစန်းလွင်တို့ဟာ ပြီးခဲ့တဲ့ဇွန်လမှာ ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါတို့က ဒဏ်ခတ်အရေးယူတဲ့ စာရင်း ထဲမှာလည်း ပါထားသူတွေပါ။

အမေရိကန်ရဲ့ အခုဒဏ်ခတ်အရေးယူမှု ချမှတ်ချိန် မတိုင်ခင်ကပဲ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ စွပ်စွဲ ချက်တွေကို စုံစမ်းစစ်ဆေးဖို့ သီးခြားလွတ်လပ်တဲ့ကော်မရှင်တခုကို အစိုးရကဖွဲ့စည်းထားပါတယ်။

အခုအရေးယူမှုက ဒီကော်မရှင်အပေါ် ဖိအားပေးတဲ့သဘောမျိုး ဖြစ်နိုင်ပါသလား … ဒေါက်တာတင့်ဆွေရဲ့အမြင်က -

“ကျနော်ကတော့ သက်ရောက်မှု ဖိအားသဘောမျိုးတော့ မမြင်ဘူး၊ သို့သော်လည်းပဲ နိုင်ငံတကာဖိအားက ဆက်ရှိနေတယ်ဆိုတာကို သိပြီးတော့ ကော်မရှင်သော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်းဟာ ကိုင်တွယ်ဖြေရှင်းမှုအပေါ်မှာ အရင်ကထက် ပိုပြီးတော့ သတိကြီးရလိမ့်မယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

ကော်မရှင်အနေနဲ့ တကယ်ပဲ သီးခြားလွတ်လပ်တဲ့ကော်မရှင် ဖြစ်ဖို့ဆိုရင် ပြည်တွင်းပြည်ပနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ဒေါက်တာရန်မျိုးသိန်းက အကြံပြုပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့တွေ့ရှိချက်တွေ၊ နောက် သက်သေအထောက်အထားတွေကိုလည်းပဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ ထည့်သွင်းစဉ်းစားဖို့၊ နောက်ပြီးတော့ ဒါတွေကို လေ့လာသုံးသပ်ဖို့၊ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖြစ်ဖို့ ဆိုရင် ကျနော့်အမြင် အားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ ရခိုင် တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ရခိုင်အမျိုးသားပါတီအပါအဝင် ပြည်တွင်းအင်အားစုတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလို နှစ်ဘက် လုံးလုံး …ပြီးတော့ တကယ်လွတ်လပ်ပြီး၊ တကယ်ကြားနေပြီးတော့ တကယ်မှန်ကန်တဲ့ဖြစ်ရပ်တွေကို ထင်ဟပ်တဲ့ အစီရင်ခံစာမျိုး ထွက်ပေါ်လာမှသာလျှင် နိုင်ငံတကာအသိုင်းအဝိုင်းရော၊ ပြည်တွင်းကရော ယုံကြည်မှုကို မြှင့်တင်နိုင်တဲ့၊ တည်ဆောက်နိုင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ခြေလှမ်း ဖြစ်လာနိုင်မယ်လို့ မြင်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပြီး ကျူးလွန်သူတွေကိုလည်း ဆက်အရေးယူသွားမှာ ဖြစ် တယ်လို့ သြဂုတ်လ ၁၇ ရက် နေ့စွဲနဲ့ပဲ ထုတ်ပြန်တခုမှာပြောထားသလို ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့လည်း ထပ်ပြီး တောင်းဆိုထားပါတယ်။

အခုဒဏ်ခတ်အရေးယူမှုထဲမှာ ပါသူတွေရဲ့ ပိုင်ဆိုင်မှုတစုံတရာ အမေရိကန်မှာရှိတယ်ဆိုရင် ထိန်းချုပ် ကန့်သတ်ခံရမှာဖြစ်သလို အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း အခုအရေးယူခံရသူတွေနဲ့ ဘယ်လို ဆက်စပ် ပတ်သက်မှုမျိုးမှ မလုပ်ရဘူးလို့ ပိတ်ပင် တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG