သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက္ခိုင့်တပ်မတော် အမာခံနယ်မြေတည်ဆောက်တာကို မြန်မာ့တပ်မတော်လက်ခံမှာ မဟုတ်


ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အပစ်ရပ် ၂ လ တာကာလ သတင်းစာရှင်းလင်းပွဲ။ ဝဲမှယာ - ဗိုလ်ချုပ် ထွန်းထွန်းညီ၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၉)
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အပစ်ရပ် ၂ လ တာကာလ သတင်းစာရှင်းလင်းပွဲ။ ဝဲမှယာ - ဗိုလ်ချုပ် ထွန်းထွန်းညီ၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၉)

တပ်မတော်က စစ်တိုင်းဌာနချုပ်နယ်မြေ ၅ ခုမှ အပစ်ရပ်ကာလသတ်မှတ်ပြီးနောက် ၂ လ တာကာလအတွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေ အကြားတိုက်ပွဲတွေ လျော့ကျ ခဲ့ကြောင်း နဲ့ AA ရက္ခိုင်တပ်မတော်အနေနဲ့ အမာခံနယ်မြေတည်ဆောက်တာကို လက်ခံ မှာ မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက် ပါတယ်။ တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ NSCN-K နာဂတပ်ဖွဲ့ ဌာနချုပ် ဒေသမှာ စစ်ရေးဆောင်ရွက်တာတွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စတွေကို ထည့်သွင်းရှင်းလင်းပါတယ်။ ဒီသတင်းကိုတော့ ရန်ကုန်မြို့ အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စနေ့နေ့ခင်း ၂ နာရီမှာ ရန်ကုန်တိုင်း စစ်ဌာန ချုပ် သတင်းစာရှင်းလင်းပွဲကျင်းပပြီး တပ်မတော်က စစ်တိုင်း ဌာနချုပ် နယ်မြေ ၅ ခုမှာ အပစ်ရပ်ထားတဲ့ကာလအတွင်းစစ်ရေးအခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ -ခပ်ပလန် NSCN-K နယ်မြေအတွင်း စစ်ရေးအခြေ အနေ၊ ရခိုင်ပြည်နယ်အတွင်းမှာ AA ရက္ခိုင် တပ်မတော်နဲ့ ပတ်သက်တဲ့အခြေအနေတွေနဲ့ လက်ရှိ လွှတ်တော်အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ သဘောထားတွေကို အဓိက ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသကြီး ၅ ခု မှာ ၄ လတာအပစ်အခတ်ရပ်စဲကြောင်း တပ်မတော်က ကြေညာခဲ့တဲ့နောက် ၂ လကြာ ကာလအတွင်း စစ်ရေးအခြေအနေကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အခုလို ပြောပါတယ်။

“ဒီ ၂ လတာအတွင်းမှာ စုစုပေါင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားမှု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တိုင်းစစ်ဌာနချုပ် ၅ ခုမှာ ရှိတဲ့ အဖွဲ့ အစည်းတွေနဲ့ ဖြစ်တာ ၆ ကြိမ်ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း တိုက်ပွဲဖြစ်ပွားတာ စုစုပေါင်း ၂၅ ကြိမ်ရှိပါတယ်။ နယ်မြေ ကျော်လွန်လှုပ်ရှားသွားလာတာ ၂၈၆ ကြိမ် ရှိပါတယ်။ ဆက်ကြေးကောက်ခံမှု ၂၂ ကြိမ်ရှိပါတယ်။ လူသစ်စုဆောင်းမှုအားလုံးပေါင်း ၃၀ ကြိမ်ရှိပါတယ်။ ဒီ ဟာကြောင့် ကျနော်တို့ ပထမ ၁ လပြည့်ရှင်းလင်းတဲ့ဇယားနဲ့ ဒီဟာနဲ့ နှိုင်းယှဉ်ကြည့်ရင် တချို့ကိစ္စတွေမှာ လျော့နည်းသွားတာတွေ့ရတယ်။ တချို့ ကိစ္စတွေမှာကျ ပိုမိုပြီးတော့ များပြားလာတာ တွေ့ရပါတယ်။ သို့သော်လည်းပဲ တိုက်ပွဲဖြစ်ပွားမှုတွေတော့ သိသိသာသာ လျော့ကျသွားတာ တွေ့ရှိရပါတယ်။”

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NSCN-K ဌာနာချုပ်နယ်မြေကို ရှင်းလင်းခဲ့ရတာ ကတော့ ၂၀၁၂ ခုနှစ် တိုင်းဒေသကြီးအဆင့် ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေး သဘောတူ ညီချက်ကို ချိုးဖောက်တာကြောင့်ဖြစ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေ လက်ခံပြီး သင်တန်းပေးတဲ့အတွက် ဖြစ်ကြောင်း ရှင်းလင်းပါတယ်။ ဒီလို ရှင်းလင်းရာမှာ ဖမ်းဆီးရမိတဲ့ လူနဲ့ လက်နက်ခဲယမ်းစာရှင်းတွေကိုလည်း ထည့်သွင်းပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA ရက္ခိုင်တပ်မတော်နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ရေး အခြေအနေတွေကို ဆက်လက်ရှင်းလင်းရာမှာတော့ AA တပ်ဖွဲ့တွေကို ရခိုင်ပြည်နယ်မှာ အမာခံနယ်မြေတည်ဆောက်တာကို တပ်မတော်အနေနဲ့ လက်ခံမှာမဟုတ်ကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောဆိုပါတယ်။

“AA အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ အခြေခံနယ်မြေ၊ အမာခံနယ်မြေ၊ စည်းရုံးရေးနယ်မြေ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းလာတာကို တွေ့ရပါတယ်။ တပ်မတော် အနေနဲ့ ဒီလို လုပ်ရပ်တွေကိုတော့ ထိထိရောက်ရောက် တားဆီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ AA နဲ့ပတ်သက်လို့ ပြောရရင်တော့ AA ဟာ ကျနော်တို့ KIA ရဲ့ မွေးစားသား ပါ။ သူတို့ဟာ လိုင်ဇာကနေပြီးတော့ ရခိုင်မှာနေရာယူဖို့အတွက် ရခိုင်ကို ရွှေ့ဖို့ ကြိုးစားနေပါတယ်။ ရခိုင်မှာ ခြေကုပ်ရဖို့ ကြိုးစားနေပါတယ်။ အဲတော့ ကျနော်တို့ AA ကြောင့် ရခိုင်ရဲ့ တည်ငြိမ်အေးချမ်းရေးတွေကို ပျက်ပြားအောင် ကျနော်တို့ လက်ခံမှာ မဟုတ်ပါဘူး။”

AA တပ်ဖွဲ့အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်နေတဲ့အပေါ်မှာတော့ အခုလို ဆက်လက် ရှင်းလင်းသွားပါတယ်။

“AA ရဲ့ ဒီမိုကရေစီကို လက်နက်ကိုင်တောင်းဆိုတဲ့လုပ်ရပ်မျိုးကို ကျနော်တို့အနေနဲ့ ခွင့် ပြုမှာ မဟုတ်ပါဘူး။ အဓိက ပြောချင်တာကတော့ AA အနေနဲ့ ကျနော်တို့ သည်းမခံ တဲ့အချက် ၃ ချက် ကျူးလွန်ပါတယ်။ နံပါတ် ၁ အုပ်ချုပ်မှုယန္တရားကို နှောင့်ယှက်ပါတယ်။ နံပါတ် ၂ - ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် လုပ်တယ်။ ထိခိုက်နာကျင်အောင် လုပ်တယ်။ နံပါတ် ၃ - လမ်းပန်းဆက်သွယ်ရေးကို နှောင့်ယှက်တာ ဆောင်ရွက်လာပါ တယ်။ ဒီ ၃မျိုးလုံး လုပ်ဆောင်တဲ့အတွက် ကျနော်တို့ ရခိုင်ပြည်ရဲ့ တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်အနေနဲ့ AA နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း ကျနော့်အနေနဲ့ ရှင်းလင်းပြောကြားလိုပါတယ်။”

AA နဲ့ အခုလို တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုလည်း လမ်းဖွင့် ထားကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို တပ်မတော်က စစ်တိုင်း ဌာနချုပ်နယ်မြေ ၅ ခုမှာ အပစ်ရပ်ထားတဲ့ အခြေအနေပေါ် မူတည်ပြီး အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်ရေး စဉ်းစားဖို့ရှိကြောင်း လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော် မတီ အဖွဲ့ဝင်တွေက ထည့်သွင်းပြောကြားပါတယ်။

လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အမျိုးသားအကျိုးစီးပွားအတွက် မှန်ကန်တဲ့အတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG