သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ခေါ်ရေးဆွေးနွေးဖို့ မြန်မာအစိုးရဝန်ကြီး ဘင်္ဂလားဒေ့ရ်ှသွားမည်


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စကို အဓိကထား ဆွေးနွေးသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ၂ရက် ကြာမယ့် ဒီခရီးစဉ်အတွင်း Cox’s Bazar မှာ ရှိနေတဲ့ ဒုက္ခသည်တွေကိုပါ တွေ့ဆုံမှာ ဖြစ်တာကြောင့် ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံ အဆင့်မြင့် အရာရှိတဦးအနေနဲ့ ဘင်္ဂလားဒေရှ့်မှာ ရောက်နေတဲ့ ဒုက္ခသည်စခန်းတွေကို ပထမဆုံးအကြိမ် သွားရောက် တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက တင်ပြပေးပါမယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့မှာ သူ့ရဲ့ ၂ ရက်ကြာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် စတင်မှာ ဖြစ်ပါတယ်။ ဒုက္ခသည် ပြန်လက်ခံရေး လုပ်ဆောင်နေမှုနဲ့ပတ်သတ်လို့ နိုင်ငံတက ဘက်က ဖိအားတွေ ပြင်းထန်နေချိန်မှာဘဲ ဒီခရီးစဉ် ပေါ်လာတာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပေမယ့် ဘာတွေကို အဓိကထား ဆွေးနွေးကြမယ်ဆိုတဲ့ အသေးစိတ်ကို မသိရသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတယ်ဆိုတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေရှိရာ စခန်းတွေကိုပါ သွားရောက်ဖို့ စီစဉ်ထားတာကြောင့် ဒါဟာ မြန်မာအစိုးရ အဆင့်မြင့် အရာရှိတဦးအနေနဲ့ ပထမဆုံးအကြိမ် ဒုက္ခသည် စခန်းတွေကို သွားရောက်ခြင်းလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ခရီးစဉ်နဲ့ပတ်သတ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောပြပါတယ်။

"သဘောရိုးနဲ့ မှန်မှန်ကန်ကန်လုပ်နေတယ်ဆိုတာတွေကို ဟိုဘက် Camp မှာရောက်နေတဲ့သူတွေက သိချင်မှသိမယ် ။ ဒီ Message ရောက်လားမရောက်လား ဒီသတင်းစကားတွေက အမှန်ကိုသိရဲ့လားဆိုတာ အဓိကတော့ ကျနော်တို့ ပြန်လက်ခံရေးကို အဆင်သင့်ဖြစ်နေတယ်။ ကြိုးစားဆောင်ရွက်နေတယ် အဆင်သင့်လည်းဖြစ်တယ်။ ဒါပေမယ့် ပြန်လည်လက်ခံဖို့အတွက် မစနိုင်သေးဘူးပေါ့နော် ။ ဒါကြောင့်မို့လို့ လုပ်ဆောင်မှုတွေက နှောင့်နှေးမှုတွေရှိနေတယ် အဲဒီတော့ ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ပြန်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရမှာတွေရှိတယ်။ ဒါကြောင့်မို့လို့သွားတယ်။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သွားရောက်စဉ် မြန်မာပြည်ကို ပြန်ပို့မယ့် ဒုက္ခသည် အိမ်ထောင်စု ၁၆၇၃စု၊ လူဦးရေအားဖြင့် ၈၀၃၂ ဦးကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပေးအပ်ခဲ့ပါတယ်။ လောလောဆည်မှာ ဒီလ ၈၀၀၀ ကျော်ထဲက ၈၀၀ကျော်ဟာ မြန်မာပြည်မှာ နေထိုင်ခဲ့သူတွေအဖြစ် နှစ်ဘက် အတည်ပြုပြီး ဖြစ်တာကြောင့် သူတို့ကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက မကြာခင်က ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်က ပြန်ပို့ဖို့ လူစာရင်းပေးတာမှာ သဘောတူထားတဲ့ သတ်မှတ်ပုံစံ မဟုတ်ဘဲ ပေးပို့ထားတာတွေနဲ့ ပတ်သတ်လို့ ၂နိုင်ငံကြား အကျယ်တဝင့် ဆွေးနွေး အဖြေရှာမယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ၂ နှစ်အတွင်း နေရပ်ပြန်ရေးအတွက် အစီအစဉ် သဘောတူညီချက်ကို ဇန်နဝါရီလမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံ သဘောတူလက်မှတ် ရေးထိုးခဲ့ပေမယ့် သေသေချာချာ မစတင်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို ၆ရက်တာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှုးချုပ် Ursula Mueller က ရခိုင်မြောက်ပိုင်းကိုသွားရောက်ခဲ့တာမှာ ဒေသတွင်း ဒုက္ခသည်တွေပြန်လည်နေရာချထားရေး ပြင်ဆင်ဆောင်ရွက်မှုတွေကို မတွေ့ရတာကြောင့်၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုထားပါတယ်။

ဒါပေမယ့် လက်ရှိ မြန်မာ အစိုးရဘက်ကတော့ ဒါကို ငြင်းဆန်ထားပြီး ပြန်လည်လက်ခံရေး အတွက် အဆင်သင့် အနေအထားမှာ ရှိနေတယ်လို့ ဆိုထားပါတယ်။ ပြင်ဆင်ထားတာတွေကို ဒုက္ခသည်တွေ သိနိုင်ဖို့ ရှင်းလင်းပြောဆို မယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။

"အဓိကတော့ ကျနော်တို့ရဲ့ သဘောရိုးနဲ့ ကျနော်တို့ရဲ့ မှန်ကန်စွာဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေကို သိဖို့ပေါ့နော် သဘောရိုးနဲ့ မှန်မှန်ကန်ကန် လုပ်နေတယ်ဆိုတာကို အဲဒီမှာရှိတဲ့ ဟိုဘက် Camp တွေမှာရောက်နေတဲ့ သူတွေက သိချင်မှ သိမယ် ဒီ Message တွေက ရောက်လားမရောက်လား ၊ ဒီသတင်းစကားတွေက တကယ်ရော အမှန်ကို သိရဲ့လားဆိုတာတွေကို ။ အဓိကတော့ ဘာလဲဆိုရင် ကျနော်တို့ ပြန်လည်လက်ခံရေးကို အဆင်သင့်ဖြစ်နေတယ်။ အဆင်သင့်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ် အဆင်သင့်လည်းဖြစ်တယ်။ ဒါပေမယ့် ပြန်လည်လက်ခံဖို့အတွက် မစနိုင်သေးဘူးပေါ့နော် ဘာကြောင့်မစနိုင်သလဲဆိုတော့ သဘောတူစာချုပ်အတိုင်းသာ တောက်လောက်လုပ်ဆောင်သွားမယ်ဆိုရင် ကျနော်တို့ စဖြစ်တာ ကြာပြီခင်ဗျ အဲဒီတော့ သဘောတူစာချုပ်အတိုင်း လုပ်ဆောင်ဖို့အတွက် နှောင့်နှေးနေတာတွေရှိနေတယ် အဲဒီတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ပြန်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရမှာတွေ ရှိနေတယ် ဒါကြောင့်မို့ ကျနော်သွားတယ်။"

၂ရက်ကြာခရီးစဉ် အစီစဉ် အသေးစိတ်ကိုတော့ ညှိုနှိုင်းဆဲ ရှိသေးကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

" အဓိကတော့ ကျနော်တို့ ဒါကာနဲ့ Cox's Bazar ၂ ခုသွားဖို့ စီစဉ်နေပါတယ်။ အစီအစဉ်အသေးစိတ်ကတော့ ကျနော်တို့ ဒါကာဘက်မှာ မြန်မာသံအမတ်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနေပါတယ်။ ပြီးရင် ကျနော်တို့ ဒါကာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်းကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ ဆွေးနွေးဖို့ ရှိပါတယ်။"

ဒုက္ခသည် စခန်းတွေကို မြန်မာအစိုးရ အဆင့်မြင့် တာဝန်ရှိသူတဦး အခုလို သွားရောက်မယ့် အစီအစဉ်ကို ကျေနပ် အားရကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က နောက်တသုတ် ပြန်ပို့မယ့်လူ တသောင်းလောက် စာရင်းကိုလည်း မကြာခင်မှာပဲ မြန်မာအာဏာပိုင်တွေထံ ပေးပို့မယ်လို့ ဘင်္ဂလားဒေရှ့် သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG