သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနုပညာမူပိုင်ခွင့်ကိစ္စ အောင်မြင်နိုင်ပါ့မလား


ခိုးကူးခွေများကို ဝယ်ယူနေပုံ
ခိုးကူးခွေများကို ဝယ်ယူနေပုံ

မြန်မာနိုင်ငံမှာ အနုပညာ ဖန်တီးသူတွေအတွက် အဓိကစိန်ခေါ်မှုတခုဖြစ်နေတဲ့ မူပိုင်ခွင့်ကိစ္စကို အာဏာပိုင်တွေက စီမံကိန်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေပေမဲ့ အောင်မြင်မှု ရပါ့မလားဆိုတာ သံသယရှိနေကြပါတယ်။ ရုပ်ရှင်၊ ဂီတလောကသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ ပတ်သက်လို့ ဒီကနေ့မှာလည်း လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့အကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။

ရက် ၁၀၀ စီမံချက်အဖြစ်နဲ့ တရားမဝင် ခိုးကူးခွေတွေကို အာဏာပိုင်တွေက ဒီရက်ပိုင်းအတွင်း လိုက်လံနှိမ်နင်းနေတဲ့အတွက် အရင်ကလို ရုပ်ရှင်တွေ၊ သီချင်းတွေကို စီဒီတွေနဲ့ ကူးယူရောင်းချနေတဲ့ ဆိုင်တွေကို များများစားစား မတွေ့ရတော့ပေမဲ့၊ ဆိုင်တချို့မှာတော့ ရောင်းချ နေဆဲဖြစ်ပါတယ်။ မူပိုင်ခွင့် ချိုးဖောက်တဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေလို အခွေတွေကို စီမံကိန်းချ နှိမ်နင်းပြီး အနုပညာရှင်တွေရဲ့ ခံစားခွင့်တွေကို ကာကွယ်ဖို့ ကြိုးပမ်းနေတယ်ဆိုပေမဲ့ ဒါတွေဟာ ထိရောက်မှု ရှိပါ့မလားဆိုတာကို သံသယဖြစ်သူတွေလည်း ရှိပါတယ်။ နာမည်ကျော် အဆိုတော် တဦးလည်းဖြစ် ဂီတအစည်းအရုံးရဲ့ မူပိုင်ခွင့်ချိုးဖောက်မှု ကာကွယ်တားဆီးရေး အတွင်းရေးမှူး သားစိုး ကတော့ ပြဿနာကို ရေတိုဖြေရှင်းလို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“မဖြစ်ပါဘူးခင်ဗျ အဲဒါဘယ်လိုပြောရမလဲဆိုတော့ ဂျာအေးသူ့အမေရိုက်ပါပဲခင်ဗျ။ အဓိကတော့ ကျနော်တို့ဒီ မြန်မာနိုင်ငံရဲ့အသုံးမဝင်တော့တဲ့ ခေတ်မမှီတော့တဲ့ ဥပဒေတွေကို ပြင်ဆင်ရမှာပေါ့နော် အခုဖမ်းတဲ့ဥပဒေပ ၃၂ (က) (ခ) ရှိမယ်။ ဥပဒေမှာက တရားမဝင်၊ ဆင်ဆာမဲ့အခွေကို ဖမ်းခွင့်ပေးထားတယ်။ အဲဒီအခါကျတော့ ဒီအခွေတွေအကုန်လုံးက ဆင်ဆာမှမရှိတာ တရားဝင် ယူပြီးရောင်းမယ်ဆိုရင်လည်း ဒီက ခိုးကူးကပြန်ဖြစ်မယ်ဆိုတော့ ဥပဒေကို ကျနော်တို့က ပြင်သင့်ပါတယ်။”

အာဏာပိုင်တွေက ရက် ၁၀၀ စီမံချက်အဖြစ် တရားမဝင် ခိုးကူးခွေတွေကို ကူးယူ၊ ဖြန့်ချီ၊ ရောင်းချမှုတွေကို နှိမ်နင်းရမှာတော့ ပြည်တွင်းက ရုပ်ရှင်ကားတွေ၊ သီချင်းခွေတွေ သာမက နိုင်ငံခြားရုင်ရှင်၊ ဂီတ စတဲ့အခွေတွေကိုပါ သိမ်းဆည်းတာတွေ၊ မူပိုင်ခွင့် ဖောက်ဖျက်သူတွေကို အရေးယူတာတွေလည်း လုပ်ဆောင်နေတာပါ။ ဗုဒ္ဓဟူးနေ့က ပြည်သူ့လွှတ်တော်မှာလည်း မြန်မာနိုင်ငံရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့တာကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကဖြေကြားရာမှာ မူပိုင်ခွင့် ချိုးဖောက်မှုတွေ ကာကွယ်ရေး ကြိုးပမ်းမှုတွေကို ထည့်သွင်း ပြောဆိုသွားပါတယ်။

“မြန်မာ့ရုပ်ရင်လုပ်ငန်း ပြည်တွင်းမှာ ဦးမော့လာရုံသာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်လာနိုင်ရေးအတွက် ရုပ်ရှင်ဥပဒေတရပ်သည် မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ထုတ်လုပ်သူ ၊ အနုပညာဖန်တီးသူများ၊ ဒါရိုက်တာများအပါအဝင် ရုပ်ရှင်လောကသားများအားလုံးရော မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ ပရိတ်သတ်ကြီးကပါ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကို အနာဂတ်ရည်မှန်းချက်အဖြစ်ထားရှိပြီး စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့လည်း ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေရေးဆွဲရေးအပါအဝင် လိုအပ်တဲ့အကူအညီများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆက်စပ် ဝန်ကြီးဌာနများနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။”

အဆိုတော် သားစိုး ကတော့ အနုပညာဖန်တီးသူတွေရဲ့ ကြိုးပမ်းမှုတွေကို လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေက အကာအကွယ် မပေးနိုင်ဘူးလို့ ပြောပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကြိုးပမ်းမှုက ထွက်ပေါ်လာတဲ့ အသီးအပွင့်တွေကို ကိုယ်တိုင်ခံစားနိုင်မှ အနုပညာလောက တိုးတက်နိုင်မှာ ဖြစ်တာကြောင့် မူပိုင်ခွင့်ဥပဒေတရပ် လွှတ်တော်က အမြန်ဆုံးရေးဆွဲ အတည်ပြုဖို့ လိုနေပြီလို့ ဆိုပါတယ်။

“အဓိကတာဝန်ရှိတာကတော့ လက်ရှိအစိုးရပေါ့နော်၊ လက်ရှိအစိုးရကိုလည်း တော်တော်ကို ကိုယ်ချင်းစာပါတယ် ဟုတ်တယ်မလား၊ အိမ်တလုံးပြောင်းတာတောင် တော်တော်ဒုက္ခရောက်တာ၊ ဆိုတော့ သူတို့အနေနဲ့ မပြည့်မစုံဒီလိုပြောင်းလာပြီး အခုအချိန်မှာ ပြဿနာပေါင်း သောင်းခြောက်ထောက်မှာ ကျနော်တို့က ဒီလို တပူပူထအော်ပြီးတော့ အခုမဆီမဆိုင် နိုင်ငံခြားခွေတွေဖမ်းတော့ လူတွေလည်း ဒုက္ခရောက်၊ ကျနော်တို့လည်းမကြည့်ရဖြစ်တော့ ကျနော်တို့က ဖမ်းဖို့ပြောတာက ကျနော်တို့ ကူးခွေတွေပါ ၊ ကျနော်တို့ မြန်မာပြည်သူမြန်မာပြည်သား ပိုင်တွေပါ။ အဲဒါကိုပဲ ကျနော်က အဓိကလုပ်စေချင်တာ။ ဘယ်လိုကနေ နိုင်ငံခြားအခွေတွေပါသွားပြီးတော့ ဖမ်းတယ်ဆိုတာ မစဉ်းစားမိဘူး။ ဒါပေမယ့်လည်း ဥပဒေအရ ရဲအနေနဲ့ အရေးယူမယ်ဆို ယူပိုင်ခွင့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောတဲ့ဥပဒေ ၃၂ (က) (ခ)တွေမှာ တရားမဝင် ဆင်ဆာမဲ့ဆိုရင် ဖမ်းလို့ရပါတယ်။ ဆိုတော့ ဒီဥပဒေတွေကို ကျနော်တို့ ပြင်ကြမလဲ၊ ဘယ်လိုမျိုး အများပြည်သူအတွက်အဆင်ပြေအောင်လုပ်မလဲ ဆိုတာကို လွှတ်တော်မှာဆွေးနွေးသင့်ပါတယ်။ ဒီအတွက်လည်း လိုတာရှိရင်လည်း ကျနော်တို့ ကူညီဖို့အသင့်ပါ။”

အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေ အပါအဝင် ဉာဏ်ဥစ္စာပစ္စည်းပိုင်ဆိုင်မှု ဥပဒေတရပ် ရေးဆွဲဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ဦးစားပေး ပြဌာန်းဖို့ လိုအပ်နေတဲ့ ဥပဒေတွေအဖြစ် လွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က တင်ပြခဲ့တဲ့ အထဲမှာ မူပိုင်ခွင့်ဥပဒေလည်း ပါဝင်ခဲ့ပါတယ်။

မြန်မာနဲ့ မူပိုင်ခွင့်
please wait

No media source currently available

0:00 0:04:31 0:00
တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG